နိုင်ငံရေးမတူရင် ထောင်ချတတ်တဲ့ ယဉ်ကျေးမှုနဲ့ မြန်မာနိုင်ငံ

နေရိန်ကျော်
2019-11-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တပ်မတော်ကို သံချပ်နဲ့ ဝေဖန်ထောက်ပြခဲ့လို့ ထောင်ဒဏ်တနှစ်စီ ချမှတ်ခံရတဲ့ ဒေါင်းတို့မျိုးဆက်အဖွဲ့၀င်များ။
တပ်မတော်ကို သံချပ်နဲ့ ဝေဖန်ထောက်ပြခဲ့လို့ ထောင်ဒဏ်တနှစ်စီ ချမှတ်ခံရတဲ့ ဒေါင်းတို့မျိုးဆက်အဖွဲ့၀င်များ။
Photo: RFA

အာဏာရအလွှာနဲ့ နိုင်ငံရေးသဘောထားကွဲလွဲတဲ့ လူငယ်ကျောင်းသားတွေ တရားစွဲထောင်ချခံရတဲ့ ယဉ်ကျေးမှုရှိသင့်သေးသလား၊ မရှိသင့်တော့ဘူးလားဆိုတာ တင်ပြသွားမှာ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေကို ပြန်ကြည့်ရင် လူငယ်ကျောင်းသားတွေဟာ နိုင်ငံရေးမှာ ရှေ့တန်းကနေ အမြဲပါဝင်ခဲ့ကြတယ်၊ ပါဝင်နေတယ်ဆိုတာ အထင်အရှားပါ။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတွေကစလို့ ဒီနေ့ခေတ်အထိ လူငယ်ကျောင်းသားတွေရဲ့ နိုင်ငံရေးတက်ကြွနိုးကြားမှုက အံ့မခန်းစရာပါ။ အဲဒီလို နိုင်ငံရေးထက်သန်တဲ့ လူငယ်တွေဟာ တိုင်းရင်းသားပေါင်းစုံကြားမှာ ရှိနေပါ တယ်။

ကိုလိုနီလက်အောက်က လွတ်မြောက်ရေးလှုပ်ရှားမှုမှာလည်း ပြည်မမှာလှုပ်ရှားလို့ သမိုင်းမှာထင်ရှားကျန်ရစ်တဲ့ လူငယ်ကျောင်းသားတွေရှိခဲ့သလို တောင်တန်းဒေသတွေဖြစ်တဲ့ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ချင်း စတဲ့ဒေသတွေကလည်း နိုင်ငံရေးအသိစိတ်မြင့်ပြီး တက်ကြွလှုပ်ရှားတဲ့ လူငယ်ကျောင်းသားတွေ ပေါ်ထွက်ခဲ့ပါတယ်။

ကိုလိုနီခေတ်မှာ ကျန်ခဲ့တဲ့ စကားတခွန်းကတော့ သခင်ပေါက်စ ထောင်ခြောက်လ ဆိုတဲ့စကားဖြစ်ပါတယ်။ ဒို့ဗမာအစည်းအရုံးဝင် သခင်ဘွဲ့ခံယူပြီး အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေးလုပ်ရှားခဲ့တဲ့ လူငယ်ကျောင်းသားတွေကို အဲဒီအချိန်မှာ အင်္ဂလိပ်အစိုးရက ပုဒ်မ ၅ နဲ့ တရားစွဲထောင်ချတော့ ၆ လချတာ များလို့ပါ။ အဲဒီအချိန်ကစလို့ အာဏာရှိအစိုးရနဲ့ နိုင်ငံရေးအယူအဆမတူလို့ ထောင်ချတဲ့ယဉ်ကျေးမှု ထွန်းကားခဲ့တယ်လို့ ပြောရမှာပါ။

လွတ်လပ်ရေးရပြီးတဲ့နောက်မှာတော့ ကိုလိုနီခေတ်က ဖမ်းဆီးထောင်ချခံရတဲ့ လူငယ်ကျောင်းသားတွေ အရွယ်ရောက်ပြီဖြစ်တာမို့လို့ အစိုးရခေါင်းဆောင်တွေထဲမှာ သူတို့ပါလာကြပါတော့တယ်။ ဒါပေမယ့်လဲ တချိန်က အတိုက်အခံဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ အာဏာရဖြစ်လာတဲ့သူတွေက သူတို့နဲ့နိုင်ငံရေး အယူအဆ မတူတဲ့ သဘောထားကွဲလွဲတဲ့သူတွေကို ဖမ်းဆီးထိန်း သိမ်းထောင်ချတာတွေရှိခဲ့တဲ့အတွက် ကိုလိုနီခေတ်ကနေစပြီး ထွန်းကားလာတဲ့ အတိုက်အခံဆို ထောင်ချတတ်တဲ့နိုင်ငံရေးယဉ်ကျေးမှုက လွတ်လပ်ရေးရပြီးခေတ်ကို ဆက်ပြီးပါလာပါတော့တယ်။ ရလဒ်ကတော့ အစိုးရနဲ့ အတိုက်အခံလုပ်တဲ့ လူငယ်ကျောင်းသားတွေရဲ့ နှစ်ရှည်လများ သဘောထားညှိမရတော့တဲ့ နိုင်ငံရေးဝန်းကျင်တခု ကြီးထွားလာတာပါပဲ။

ဒါနဲ့ ဆက်စပ်လို့ဖြစ်ရပ်တခုပြောရရင် အင်္ဂလိပ်ခေတ်က လူငယ်ခေါင်းဆောင်တယောက်ဖြစ်ပြီး ထောင်ချခံခဲ့ရတဲ့ သခင်နုဟာ သူ ဝန်ကြီးချုပ်ဖြစ်လာတဲ့အခါမှာတော့ အရင်က သူနေခဲ့ရဖူးတဲ့ အင်းစိန်ထောင်ရဲ့ အုတ်နံရံကို လုံခြုံရေးအရနိမ့်တယ်ဆိုပြီး ထပ်မြှင့်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းကြီးတွေ ပြောကြပါတယ်။

ဒါကြောင့် အာဏာမရခင် လူတယောက်ရဲ့အတွေးအမြင်နဲ့ အာဏာရပြီးတဲ့နောက် သူ့ရဲ့အတွေးအမြင်တွေ ပြောင်းသွားတတ်ပါလားဆိုတာ ဆင်ခြင်စရာဖြစ်မိပါတယ်။ အဲဒီကနေတခါ ဝန်ကြီးချုပ် သခင်နုအစိုးရကို အာဏာသိမ်းလိုက်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ ၂၆ နှစ်အတွင်းမှာတော့ သူ့အုပ်ချုပ်မှုအာဏာကို ဆန့်ကျင်တဲ့ လူငယ်ကျောင်းသားတွေ မရေတွက်နိုင်အောင် ဖမ်းဆီးညှင်းပန်း နှိပ်စက်ခံရ၊ ထောင်ချခံရ၊ သတ်ဖြတ်ခံရတာက သိပ်မဝေးသေးတဲ့သမိုင်းတခုပါ။

ဗိုလ်ချုပ်ကြီးနေဝင်း ဆိုတာကလဲ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးမှာပါခဲ့တဲ့ သခင်ရှုမောင်ဆိုတဲ့ လူငယ်တယောက်ပါ။ သူအာဏာရသွားတဲ့နောက် သူ့ရဲ့လုပ်ရပ်တွေ အတွေးအမြင်တွေရဲ့ ပြောင်းလဲမှုကို တွေ့ရပါတယ်။ သူ့ရဲ့လုပ်ရပ်တွေကြောင့် နိုင်ငံရေးသမားတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းတွေ၊ သတင်းစာတွေတင်မက ပြည်သူကပါ သူ့ကို အာဏာရှင်ကြီးအဖြစ် ပြောဆိုခဲ့ကြပြီး သမိုင်းမှာ မှတ်တမ်းတင်ကျန်ရစ်ခဲ့ပါပြီ။ သူ့ခေတ်မှာ နိုင်ငံရေးအရအတိုက်အခံတွေကို ထောင်ချတဲ့ယဉ်ကျေးမှုဟာ မြန်မာပြည်မှာ အတော့်ကိုထွန်းကား ခဲ့ပါပြီ။

အဲဒီနောက် ၁၉၈၈ ခုနှစ်မှာ သူ့အရိုက်အရာကို ဆက်ခံခဲ့တဲ့ စစ်အစိုးရကလည်း သူ့လမ်းစဉ်အတိုင်း နိုင်ငံရေးအရ အတိုက်အခံတွေကို ဖမ်းဆီးနှိပ်စက်ထောင်ချတဲ့ ယဉ်ကျေးမှုကို ဆက်ပြီးထွန်းကားစေခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကနေ ပြုစုနေတဲ့ စာရင်းအရဆိုရင် ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံရေးအကျဉ်းသားထောင်နဲ့ချီရှိခဲ့ပြီး အဲဒီထဲမှာ လူငယ်ကျောင်းသားတွေက အများစုဖြစ်ခဲ့ပါတယ်။

ဒီနေ့မှာဆိုရင်လဲ ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၅၉ ယောက်ရှိပြီး ထောင်ထဲကနေ တရားရင်ဆိုင်နေရသူက ၁၈၁ ယောက်၊ ထောင်အပြင်ကနေ တရားရင်ဆိုင်နေရသူက ၃၇၂ ယောက်ရှိနေတယ် လို့ AAPP က ပြုစုထားတဲ့စာရင်းအရသိရပါတယ်။

ဒီလိုမျိုး အာဏာရှိသူက နိုင်ငံရေးအရ မတူတဲ့သူတွေကို ထောင်ချတဲ့ ယဉ်ကျေးမှုရဲ့အကျိုးဆက်ကို ဘယ်လိုတွေ့ရလဲ။

“ထောင်ဆိုတာ လိုအပ်လို့ဆောက်ထားတာပါ။ အဓိကဆောက်ထားတဲ့ ရည်ရွယ်ချက်က လူ့အဖွဲ့အစည်းကို အန္တရာယ်ပေးနိုင်တဲ့သူတွေကနေ ကာကွယ်ပေးနိုင်ဖို့အတွက်ပါ။ အဲတော့ ထောင်ထဲမှာရှိနေရမယ့်သူတွေက လူ့အဖွဲ့အစည်းကို အန္တရာယ်ပေးမယ့်သူတွေပဲ ရှိနေသင့်တယ်။ အဲလိုမဟုတ်ပဲနဲ့ ကျောင်းသားတွေ လူငယ်တွေကို ထောင်ထဲမှာ ထည့်ထားတာက ကျနော်တို့ရဲ့အနာဂတ်ကိုသတ်ပစ်ရာရောက်တယ်။ နောက် အမှန်တရားကို ဖျက်ဆီးရာရောက်ပါတယ်။ ဒါကြောင့်မို့လို့ကျောင်းသားလူငယ်တွေဆိုတာ ထောင်ထဲမှာ မရှိကိုမရှိသင့်တဲ့ အမျိုးအစားတွေဖြစ်ပါတယ်” လို့ AAPP တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က သုံးသပ်ပါတယ်။

ဒီသီတင်းပတ်မှာတင် ကယားပြည်နယ်မှာ ပြည်နယ်အစိုးရရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ခဲ့တဲ့ ကရင်နီလူငယ် ၆ ယောက်ကို ထောင်ခြောက်လစီ ချလိုက်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း တပ်မတော်ကို သံချပ်နဲ့ ဝေဖန်ထောက်ပြခဲ့တဲ့ ဒေါင်းတို့မျိုးဆက်လူငယ်ကျောင်းသား ၅ ယောက်ကို ထောင်တနှစ်စီ ချလိုက်သလို သူတို့ကို နောက်ထပ်လဲ ထောင်ချဖို့ မြို့နယ်သုံးခုမှာ တရားရင်ဆိုင်နေရပါတယ်။

ကချင်ပြည်နယ်မှာလဲ စစ်ပြေးဒုက္ခသည်တွေရဲ့ဘဝနဲ့ခံစားချက်ကို သရုပ်ဖော်တဲ့လူငယ်နှစ်ယောက်ကို ထောင် ၁၅ ရက်ချလိုက်သလို အဲဒီထဲက လူငယ်တယောက်ကတရားစီရင်ရေးကို ထောက်ပြတဲ့အတွက် နောက်ထပ် ထောင်သုံးလချလိုက်ပါတယ်။ တခါ ဆဲဗင်းဂျူလိုင်လို့ ထင်ရှားတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းပြီးတဲ့နောက် ဗုံးခွဲဖျက်ဆီးလိုက်တဲ့ သမဂ္ဂအဆောက်အဦး နှစ်ပတ်လည်လုပ်တဲ့အတွက်လဲ လူငယ်ကျောင်းသားတွေ ထောင် ၁၅ ရက်စီ ချခံရတဲ့ဖြစ်ရပ်ရှိခဲ့ပြန်ပါတယ်။ ပြီးခဲ့တဲ့ရက်ကတင် အဲဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ကျောင်းသားကို ဖမ်းလိုက်ပါတယ်။

ဒီလိုမျိုး အာဏာရအလွှာနဲ့ နိုင်ငံရေးမတူတဲ့ လူငယ်ကျောင်းသားတွေကို ဖမ်းဆီးထောင်ချတဲ့ ယဉ်ကျေးမှုဆက်ရှိနေသေးတာဟာ “ နိုင်ငံရေးအတွက်စိုးရိမ်စရာဖြစ်တယ် ” လို့ လူငယ်တက်ကြွလှုပ်ရှားသူ တယောက်ဖြစ်တဲ့ မသဉ္ဇာရွှန်းလဲ့ရည် က ရှုမြင်ပါတယ်။

ဒီနေရာမှာ တည်ဆဲဥပဒချိုးဖောက်ဖို့အရေးယူတာဆိုတဲ့ စောဒကတက်ကြတာလဲ တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်လို့တော့ မသဉ္ဇာရွှန်းလဲ့ရည် က ....

“ တရားဥပဒေစိုးမိုးမှုလို့ ပြောတဲ့အခါမှာ လက်ရှိဥပဒေတွေက ဘယ်လောက်ထိ တရားသလဲဆိုတဲ့အချက်ကို အာဏာပိုင်တွေက မေ့နေကြတယ်လို့ မြင်ပါတယ်။ နောက် ဒီဥပဒေတွေကိုလဲ လက်တွေ့မှာ တကယ်အသုံးပြုနေတဲ့ ရဲဌာနတွေ တရားရုံးတွေက ဘယ်လောက်ထိ စနစ်တကျအသုံးပြုနေကြလဲဆိုတာကို မေ့ထားကြတယ်လို့ ကျမတို့ပြောလို့ရပါတယ်။ ဆိုတော့ ဒီလိုမျိုးလူငယ်တွေကို ဖမ်းဆီးထောင်ချတယ် ဆိုတဲ့ကိစ္စတွေက ကောင်းကျိုးထက် ဆိုးကျိုးကို များစေပါတယ်”
လို့ချေပပါတယ်။

နိုင်ငံရေးအရ အမြင်မတူရင်ဖယ်ထားမယ်။ အဲဒီကနေ အတိုက်အခံလုပ် လှုပ်ရှားလာရင် တရားစွဲ ထောင်ချမယ်ဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှု ဆက်ပြီးထွန်းကားနေသေးတဲ့အတွက် အနှစ် ၇၀ ကျော်ပြည်တွင်းစစ်နဲ့ နိုင်ငံရေးပြဿနာတွေတက်နေတဲ့ မြန်မာပြည်မှာ ညီညွတ်ဖို့၊ အတူတကွ လက်တွဲဆောင်ရွက်ကြဖို့ဆိုတာ ဖြစ်နိုင်ပါဦးမလားဆိုတာက သံသယဖြစ်စရာရှိလာတဲ့အကြောင်း တင်ပြလိုက်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့