ပညာရေးဆိုင်ရာလုပ်ငန်းတွေမှာ သုံးဖို့ ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၁၀၀ ချေးသင့်သလား

ခက်မာ
2019-11-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကယားပြည်နယ် လွိုင်ကော်မြို့က အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းကို တွေ့ရစဉ်
ကယားပြည်နယ် လွိုင်ကော်မြို့က အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းကို တွေ့ရစဉ်
Photo: RFA

ကမ္ဘာ့ဘဏ်ရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေယူမယ်ဆိုရင် မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ ပညာရေးဆိုင်ရာလုပ်ငန်းအများအပြားမှာ အသုံးပြုနိုင်မှာဖြစ်တယ်လို့ ပညာရေးနဲ့ ပတ်သက်ပြီးလေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။

ဒါပေမဲ့ လုပ်ပိုင်ခွင့် အပြည့်အဝရဖို့နဲ့ လုပ်ပုံလုပ်နည်း မှန်ကန်ဖို့တော့ အရေးကြီးတယ်လို့လည်း သတိပေးထောက်ပြကြပါတယ်။

ပညာရေးဆိုင်ရာလုပ်ငန်းတွေမှာ အသုံးပြုဖို့ ကမ္ဘာ့ဘဏ်ရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ထံကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေရယူမယ့် ကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်မှာ မနေ့က ဆွေးနွေးကြပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး NLD ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ၊ တိုင်းရင်သား ပါတီတွေက ထောက်ပြဆွေးနွေးခဲ့ပါတယ်။ အဲဒီလိုချေးငွေယူမယ့်ကိစ္စကို လွှတ်တော်ပြင်ပက ပညာရေး လုပ်ငန်း လုပ်ဆောင်နေသူတွေကလည်း ထောက်ပြအကြံပေးကြပါတယ်။

ဆရာ၊ ဆရာမတွေရဲ့ စွမ်းဆောင်မှုကို မြှင့်တင်ဖို့နေရာမျိုးမှာ ငွေသုံးဖို့ အမှန်တကယ် လိုအပ်တယ်လို့ ရန်ကုန် တက္ကသိုလ် ဆရာများသမဂ္ဂ ဒေါက်တာ အာကာမိုးသူက ပြောပါတယ်။

“ချေးငွေကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့က သီးခြား quality ကိုမြှင့်ရမယ်။ ပညာသင်ကြားမှုပုံစံနဲ့ ပတ်သက်ပြီး ကျနော်တို့က traditional ပဲ အားကိုးလာတယ်ပေါ့နော်။ အဲဒီ ဘာသာရပ်တစ်ခုမှာ ကျွမ်းကျင်ပေမယ့် ပညာရေးနဲ့ ပတ်သက်တဲ့ Education philosophy ပျောက်နေတယ်။ အဲဒါ သင်တန်းကောင်းကောင်းပေးရမယ်လို့မြင်တယ်။ လက်တွေ့ဘဝထဲမှာ၊ တကယ်တန်း field ထဲမှာ ရှင်သန်ရမယ့်ဟာတွေကို လုပ်ပေးရတော့မယ်လို့မြင်တယ်။ သုံးမယ်ဆိုလို့ရှိရင် ဆရာ၊ ဆရာမရဲ့ အရည်အသွေးမြှင့်ဖို့ဟာကို သုံးရမယ်လို့ မြင်တယ်။ ကျနော်တို့ visiting ခေါ်မယ်၊ စာသင်ခိုင်းမယ်၊ staff exchange တွေလုပ်မယ်ဆိုလို့ရှိရင် capacity ကရတာပေါ့။ ကျနော်မြင်ပါတယ်။ နိုင်ငံခြားမှာရှိတဲ့ဟာကို contract လုပ်ပြီး ဆရာ၊ ဆရာမတွေငှားမယ်၊ ငှားပြီးတော့ တက္ကသိုလ်ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုရင် သိပ်နီးစပ်တာပေါ့။ အဲဒီလိုစဉ်းစားဖို့ staff exchange လုပ်ဖို့လိုတယ်လို့မြင်တယ်။ နောက်ပြီးတော့ သုတေသနနည်းနာတွေနဲ့ ဖွံ့ဖြိုးတဲ့ ပညာရပ်တစ်ခု ဖြစ်ဖို့လိုတယ်”

အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့က အစိုးရကျောင်း ဆရာတစ်ယောက်ဖြစ်သလို မြန်မာဘာသာစကားနဲ့ အနုပညာသင်တန်းကျောင်းလည်း ဖွင့်လှစ်ထားတဲ့ ဦးကျော်သိန်းစိုးကလည်း ပညာရေးကဏ္ဍ တိုးမြှင့်ရေးအတွက် ငွေသုံးစွဲဖို့ တကယ်လိုအပ်နေတယ်လို့ ပြောပါတယ်။

“ပညာရေးအတွက် အသုံးချမယ်ဆို ဒါ.. အင်မတန်ကောင်းတာပေါ့။ အင်မတန် အကျိုးရှိတာပေါ့။ ကျနော်တို့နိုင်ငံအတွက် အင်မတန်လိုအပ်တာပဲလေ။ ခု.. ကျနော်တို့ တက္ကသိုလ်တွေနဲ့ မြန်မာအစိုးရနဲ့ Sister cities လုပ်တာတို့။ နောက်တစ်ခါ မြန်မာဘာသာစကားကို တက္ကသိုလ်တွေမှာ တိုးချဲ့သင်ကြားနေပြီလေ။ အင်ဒီယားနားတက္ကသိုလ်တို့ ဘာတို့မှာ ရှေ့နှစ်ဆို စတော့မယ်လေ။ ဆိုတော့.. ဒါ..ကောင်းတဲ့လုပ်ငန်းပါပဲ။ မြန်မာနိုင်ငံအတွင်းမှာရော အပြင်မှာရော အကျိုးရှိမယ်။ မြန်မာနိုင်ငံသားတွေ အားလုံးအတွက်အကျိုး ရှိမယ်။ ပညာရေးကတော့လေ။ သို့သော် အသုံးချဖြစ်မလား၊ ထိထိရောက်ရောက် အသုံးချခွင့်ရမယ် ဆိုရင်တော့  ကောင်းတာပေါ့လေ။ မထိရောက်ဘဲနဲ့ ပြန်အပ်ရတယ်၊ နောက်ဆုံးတော့ အကြွေးတင်ပြီး အတိုးတက်တာပဲ အဖတ်တင်ပြီး အချည်းနှီးဖြစ်သွားတာပေါ့၊ အဲဒီလိုမျိုးတော့ မဖြစ်စေချင်ဘူး။ နှမျောလို့”

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက မနှင်းနှင်းမွှေးကလည်း ပညာရေးကဏ္ဍမှာ ငွေကြေးသုံးစွဲဖို့လိုနေတဲ့ နေရာတွေကို ခုလိုထောက်ပြပါတယ်။

“တောရွာတွေမှာဆိုလို၌ရှိရင် စာသင်ကျောင်းတွေ မလုံလောက်တာ၊ ပျက်စီးနေတာ၊ ဆရာ၊ ဆရာမတွေနဲ့ ကလေးတွေ ကျောင်းသွားနိုင်ဖို့ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေတာ၊ ဆရာ၊ ဆရာမတွေ လစာတွေ မလုံလောက်တာ၊ နောက်တစ်ခါ သူတို့နေထိုင်ရာ အဆောက်အအုံတွေ လုံလောက်အောင် လုံခြုံအောင် မပေးနိုင်တာတွေ၊ နောက် အခမဲ့ပညာရေးစနစ် အကောင်အထည် မဖော်နိုင်သေးတာတွေရှိတယ်”

နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံသားတွေရဲ့ ကျန်းမာရေး၊ အကျင့်စာရိတ္တနဲ့ စိတ်ဓါတ်မြင့်မားရေး အားလုံးဟာ ပညာရေးမှာ အခြေခံတာဖြစ်ပါတယ်။ အဲဒီလို အခြေခံကျပြီး အရေးကြီးတဲ့ ပညာရေးအခြေ ခိုင်စေဖို့ အချိန်၊ လူ့အရင်းအမြစ်၊ ငွေကြေးအားလုံးကို ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ပညာရေးနဲ့ ပတ်သက်တဲ့  ရင်းနှီးမြှုပ်နှံမှုတွေမှာ အစိုးရ၊ ဒါမှမဟုတ် ပညာရေးဝန်ကြီးဌာနဟာ လုပ်ပိုင်ခွင့် အပြည့်အဝ ရှိပါရဲ့လား။

“ကျောင်းဆရာ၊ ဆရာမတွေ ငှားမယ်၊ သင်ရိုးညွှန်းတန်းတွေ ထုတ်မယ်၊ ဆီမီနာတွေ လုပ်မယ်၊ ကျောင်းတွေ ပြန်လည်တည်ဆောက်မယ်။ သို့သော် ဒီမှာ ကျောင်းဆောက်ခွင့်က မြို့တော်စည်ပင်သာယာတို့ ဘာတို့က ခွင့်ပြုမှရမှာ။ အဲတော့မှ ပြင်ဆင်မွန်းမံလို့ရတာကိုး။ စစ်တပ်ကရော သဘောတူရဲ့လား။ ပညာရေးအသုံး စရိတ်တွေ ချေးငှားလာပြီးရင် ခွင့်ပြုမှာလား။ ပညာရေးအခန်းကဏ္ဍတွေမှာ တကယ်အသုံးချတော့မယ် ဆိုရင် စစ်တပ်က လိုက်တားမြစ်နေဦးမှာလား။ အဟန့်အတားတွေရှိနေရင်တော့ ချေးတာလည်း အလကားပဲပေါ့လေ။ ခွင့်ပြုချက်မှ မချပေးလို့ရှိရင် နောက်ဆုံး ပိုက်ဆံတွေကို လွှတ်တော်ကို ပြန်အပ်လိုက် ရတာပဲလေ။ မနှစ်က သင်ခန်းစာပဲလေ။ အဲဒါကိုနမူနာယူပြီးတော့ တကယ်တန်း အားလုံးက ဝိုင်းလုပ်မှာလား ။ ဝိုင်းပံ့ပိုးမှာလား။ ကျနော်တို့ လွှတ်တော်က ချပေးတဲ့ National Budget တောင်မှ မသုံးရဘဲနဲ့ ကမ္ဘာ့ဘဏ် ကချေးတဲ့ သန်းပေါင်းရာနဲ့ချီတဲ့ ပိုက်ဆံတွေကရော ပညာရေးအတွက်ကို ထိထိမိမိ အသုံးပြုနိုင်ပါ့မလား။ အဲဒါကတော့ မေးခွန်းထုတ်စရာပေါ့ဗျာ”

NLD အစိုးရအနေနဲ့ ရပြီးသား ပညာရေးရန်ပုံငွေကိုတောင် ထိထိရောက်ရောက် မသုံးနိုင်ခဲ့တာနဲ့ ရှိနေတဲ့ အဟန့်အတားတွေကို ဦးကျော်သိန်းစိုး မနှစ်က အတွေ့အကြုံနဲ့ယှဉ်ပြီး ထောက်ပြသွားတာပါ။ မြန်မာနိုင်ငံသား မဟုတ်တဲ့ မြန်မာလူမျိုး၊ ဒါမှမဟုတ် နိုင်ငံခြားသားတစ်ယောက်ကို မြန်မာအစိုးရက လစာပေးခွင့်မရှိတဲ့ အခြေခံဥပဒေရဲ့ ထိန်းချုပ်မှုဟာ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အဟန့်အတားတစ်ခုဖြစ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒေါက်တာအာကာမိုးသူကတော့ တက္ကသိုလ်အဆင့် သုံးစွဲသင့်တဲ့ ပညာရေးရန်ပုံငွေနဲ့ မူဝါဒဆိုင်ရာအဟန့် အတားတွေကို အခုလို ပြောသွားပါတယ်။

“ပြဿနာက နိုင်ငံခြားကနေ ဘွဲ့ရတဲ့ ကျောင်းပြီးတဲ့ Ph.D. ပြီးတဲ့သူတွေရှိတယ်။ သူတို့ရဲ့ ပညာရပ်ကို မြန်မာပြည်ထဲမှာ တက္ကသိုလ်ထဲမှာ ဖွံ့ဖြိုးစေချင်လို့ ဆရာ၊ ဆရာမလုပ်ပြီး အကူအညီပေးဖို့ ကျနော်တို့ကို လမ်းဖွင့်ပေးထားတာ မရှိဘူး။ Ph.D ရတယ်၊ ဒါပေမဲ့ ရန်ကုန်တက္ကသိုလ်ထဲမှာ ဆရာမလုပ်ချင်လို့ မရဘူး/ အဲဒီအခွင့်အရေး မပေးထားဘူး။ ပြဿနာက နိုင်ငံခြားအင်အားစုတွေက ပညာတတ်တွေ ဝင်လာဖို့ကို လမ်းပိတ်ထားတဲ့ အနေအထားမျိုးဖြစ်နေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့မှာ Sector ထဲမှာ ပြုပြင်နိုင်တဲ့ သူက မျက်လုံးဖွင့်တဲ့သူနဲ့ မျက်လုံးပိတ်တဲ့သူ နှစ်ခုကြားထဲမှာ ဝိရောဓိအသွင်ဆောင်နေတယ်လို့ ကျနော်တော့ သုံးသပ်တယ်။ ဒီကျောင်းက ထွက်လာတဲ့သူပဲ ဆရာဖြစ်ခွင့်ရတဲ့ ပုံစံဖြစ်နေတယ်၊ အခုက။ အဲဒါက ကျနော်တို့ ပညာရေးကို ကူးပေါင်းပြီးမြှင့်တင်ဖို့ဆိုတဲ့ဟာမှာ အပိတ်အပင် အတားအဆီး ဖြစ်နေတယ်။ ဘယ်လောက်ပဲနိုင်ငံခြားကို Scholarship လွှတ်လွှတ်ပေါ့၊ ပြန်ရောက်လာရင် ဒီ ဗြူရိုကရေစီ ယန္တရားထဲက Comfort Zone ထဲမှာပဲ ပြန်လည်ပတ်သွားတယ်။ ကျနော်တို့ နိုင်ငံခြားကိုလွှတ်လိုက်တဲ့ ပညာသင်တွေသည် ဒီပြန်ရောက်လာရင် အုပ်ချုပ်ရေးပိုင်းကိုပဲ ဝင်သွားတယ်။ စာသင်တဲ့ ပါမောက္ခတွေဖြစ် မလာဘူး။ အဲဒါ တော်တော် ဆုံးရှံးသွားတယ်”

ပညာရေး ဝန်ကြီးဌာနက တင်ပြတဲ့ အစီရင်ခံစာမှာ ဖော်ပြထားချက်အရ ကမ္ဘာ့ဘဏ်ကချေးမယ့် ဒီငွေဟာ မြို့နယ်ပေါင်း ၁၁၅ မြို့နယ်၊ အခြေခံပညာကျောင်းပေါင်း တစ်သောင်းငါးထောင်ကျော်က ကျောင်းသူ၊ ကျောင်းသား သုံးသန်းလောက်ကို ထောက်ပံ့ပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ငွေကြေးပမာဏအရ သန်းနဲ့ချီတဲ့ ကျောင်းသားတွေကို ကူညီထောက်ပံ့ပေးနိုင်မယ်ဆိုတာဟာ ဝမ်းသာစရာကိစ္စ တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဖြစ်စေ၊ ပညာရေးဝန်ကြီးဌာနရဲ့ မူဝါဒအရဖြစ်စေ၊ လက်ရှိ အုပ်ချုပ်မှုစနစ်အရဖြစ်စေ တကယ်လိုအပ်နေတဲ့ နေရာတွေကို ပြီးမြောက်အောင် အကောင်အထည်ဖော်ဖို့ ခက်ခဲလာတဲ့အခါ ဘယ်လိုကျော်လွှားမလဲဆိုတာကတော့ ချေးငွေမယူခင် ကြိုတင်စဉ်းစားရမယ့်ကိစ္စ ဖြစ်တယ်လို့ အားလုံးက တညီတညွတ်ထဲ ထောက်ပြကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့