ကျောက်တော် ပစ်ခတ်မှု တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

2019-10-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံကို တွေ့ရစဉ်
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ကျောက်တော်မြို့နယ် ရွှေလှိုင်ကျေးရွာမှာ ဒီနေ့မနက် ၆ နာရီလောက်က တပ်မတော်သားတွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၅၀ ကျော်အရွယ် ဦးကုလားမောင် ကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် စစ်တွေအဝေးသင်တက္ကသိုလ် သွားတက်ဖို့ ပြင်ဆင်နေတဲ့ အသက် ၂၄ နှစ်အရွယ် မောင်နေဆန်းဝင် ကတော့ ကျည်ရှပ်ထိပြီး ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေလှိုင်ကျေးရွာသား တစ်ဦးက ပြောပါတယ်။

"မနက် ၆ နာရီက အဲအချိန်မှာ စစ်ကြောင်းက ဆင်းလာတယ်ခင်ဗျ။ စစ်ကြောင်းက လမ်းမက ဖြတ်နေတာကြောင့် ကျွန်တော်တို့နေတဲ့အိမ်နဲ့ ပေ ၂၀၀ လောက်ပဲ ဝေးမယ်ခင်ဗျ။ အဲဒီမှာ ပစ်သံကြားတယ်ခင်ဗျ၊ ကျွန်တော်တို့ ကလည်း ဘာမှကြည့်ဝံ့ဘူးဗျ အိမ်ထဲဝင်ပြေးကြတယ်။ နောက် စုံစမ်းကြည့်တော့ အပစ်ခံရတဲ့သူက ပွဲချင်းပြီး သေသွားပြီခင်ဗျ။ ကျောင်းသားတစ်ယောက်က သူက တက္ကသိုလ်တက်ဖို့ ကားထုတ်နေတယ်ခင်ဗျာ။ ထုတ်တဲ့ဟာကို သူတို့က ပစ်တယ်ခင်ဗျ။ ကားဖင်ကို ထိပြီး သူခါး မှန်သွားတယ်လို့ ကြားပါတယ်ခင်ဗျ"

ရွှေလှိုင်ကျေးရွာက ပစ်ခတ်မှုဟာ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA အဖွဲ့တို့ တိုက်ပွဲမဟုတ်ဘဲ တပ်မတော် စစ်ကြောင်းက ရွာထဲကို ဝင်ရောက်ပစ်ခတ်တာလို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

စစ်ကြောင်းက လမ်းမကဖြတ်နေတာ၊ ကျွန်တော်တို့အိမ်နဲ့ ပေ ၂၀၀ လောက်ပဲ ဝေးမယ်။ အဲဒီမှာ ပစ်သံကြားတယ်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကတော့ အသေးစိတ်ကို ပြောလို့မရသေးပေမယ့် တပ်မတော်က အကြောင်းမရှိ အကြောင်းရှာ ပစ်ခတ်တာမျိုး လုံးဝမရှိကြောင်းနဲ့ ဒီပစ်ခတ်မှုဟာ အကြောင်းတခုခုတော့ ရှိလိမ့်မယ်လို့ ပြောပါတယ်။

"တစ်ခုခု အကြောင်းတော့ရှိလိမ့်မယ် ကျွန်တော် အဲဒါပဲ ပြောလို့ရမယ်။ အကြောင်းမရှိပဲနဲ့တော့ သီးခြား ပစ်တာတော့ တပ်က ရှိမှာမဟုတ်ဘူးနော်၊ လုံးဝ အကြောင်းမရှိ အကြောင်းရှာပြီးတော့ ပစ်တာတော့ အခုအချိန်အထိ တစ်ခါမှမရှိသေးဘူး။ အခု ပစ်ခတ်မိတယ်ဆိုတဲ့အပေါ်မှာ အကြောင်းတော့ရှိလိမ့်မယ်။ အဲဒီအကြောင်းကတော့ ကျွန်တော်နောက်မှ ပြောပါမယ်၊ အခုလောလောဆယ်ပြောဖို့ စောသေးလို့"

ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင့်တပ်တော် AA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်း တဲ့အချိန်မှာ လက်ရှိအချိန်အထိ အဲဒီဘက်မှာ တိုက်ပွဲတွေမရှိသေးဘူးလို့ ပြောပါတယ်။khinethukha-350.jpg

"လောလောဆယ်အထိတော့ အဲဒီဘက်မှာ တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းတော့ ကျွန်တော်တို့ဆီ မရောက်သေးဘူးခင်ဗျ။ တကယ် တိုက်ပွဲဖြစ်လို့ရှိရင်တော့ ကျွန်တော်တို့ဆီ သတင်းပို့မှာပေါ့။ အခုလောလောဆယ် အချိန်အထိကတော့ အဲဒီဘက်မှာ တိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်းတော့ ကျွန်တော်လက်ခံရရှိတာ မရှိသေးဘူး "

အခုဖြစ်ရပ်တွေဟာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုသွားဖို့ ကောင်းတဲ့လက္ခဏာတွေ မဟုတ်ကြောင်း၊ တိုက်ပွဲနဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းက ခေါင်းဆောင်တွေရော အစိုးရပုဂ္ဂိုလ်တွေကပါ အလေးထားလုပ်ဆောင်သင့်တယ်လို့ ကျောက်တော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။

"ဒါတွေက အနာဂတ်ကိုသွားမယ့် ငြိမ်းချမ်းတဲ့ ကျွန်တော်တို့ သာယာတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုသွားတဲ့အခါ ဒါတွေက လုံးဝကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး။ အပြုသဘောဆောင်တဲ့လုပ်ရပ်တွေ မဟုတ်ဘူး။ ဒါတွေကို တိုက်ပွဲနဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေ က ခေါင်းဆောင်တွေရော၊ အစိုးရပုဂ္ဂိုလ်တွေကပါ ဒါတွေကို အလေးထားပြီးတော့ နောက်ပိုင်းတစ်ခုခုတော့ စဉ်းစားပြီး လုပ်သင့်နေပြီလို့ ကျွန်တော်တို့က တိုက်တွန်းချင်းပါတယ်"

သေဆုံးခဲ့တဲ့ ဦးကုလားမောင်နဲ့ ဒဏ်ရာရရှိခဲ့တဲ့ မောင်နေဆန်းဝင်းတို့ နှစ်ဦးလုံးဟာ ရခိုင်တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ရွှေလှိုင်ရွာဟာ ကျောက်တော်မြို့နဲ့ ၆ မိုင်လောက်သာဝေးပြီး ကုလားတန်မြစ်ဘေး မှာရှိတဲ့ရွာဖြစ်ပါတယ်။

လက်ရှိ သေဆုံးသူ ဦးကုလားမောင် ရုပ်အလောင်းကို ကျောက်တော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာရရှိတဲ့ မောင်နေဆန်းဝင်းကိုတော့ စစ်တွေမြို့ပြည်သူ့ဆေးရုံမှာ တင်ပို့ကုသထားတယ်လို့ ပြောပါတယ်။ တပ်မတော်စစ်ကြောင်းက နေ့လည်ပိုင်းမှာတော့ ရွှေလှိုင်ရွာကနေ ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်အထိ တိုက်ပွဲကာလအတွင်း အရပ်သားသေဆုံးမှု ၉၀ ကျော်၊ ထိခိုက်ဒဏ်ရာရမှု ၁၂၀ ကျော်အထိရှိနေပြီလို့ အရပ်ဘက်အဖွဲ့တွေက ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

(RFA သတင်းထောက် ကိုနေမျိုးထွန်းနဲ့ ကိုကျော်လွင်ဦး ပေးပို့သည်။)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့