ပြန်ဝင်လာတဲ့ ရိုဟင်ဂျာတွေ ဘယ်လိုရပ်တည်နေကြသလဲ

2019-10-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တောင်ပြိုလက်ဝဲက လက်ခံရေးစခန်းကို တွေ့ရစဉ်
တောင်ပြိုလက်ဝဲက လက်ခံရေးစခန်းကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ဘင်္ဂလားဒေ့ရ်ှဘက်မှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာတချို့ ရခိုင်ပြည်နယ်ဘက် ပြန်လည်ဝင်ရောက်လာကြပေမယ့် သူတို့ နောက်ဆုံး
နေထိုင်သွားတဲ့နေရာတွေမှာ ပြန်လည်နေထိုင်ဖို့ အခြေအနေ မပေးသေးပါဘူး။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့်  ဘင်္ဂ လားဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေထဲက ၃၀၀ လောက်ဟာ ကိုယ့်သဘောနဲ့ကိုယ် ပြန်လည်ဝင်ရောက်နေကြပြီလို့ အစိုးရက ပြောဆိုထားပါတယ်။

အဲဒီ ၃၀၀ လောက်ဟာ ဘယ်လိုပုံစံနဲ့ဝင်ရောက်လာကြသလဲ၊ မောင်တောဒေသမှာ သူတို့ ဘယ်လို ရပ်တည်နေ ကြရသလဲ ဆိုတာနဲ့ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဘာလူခါလီ အမှတ်(၂)စခန်းမှာ နေထိုင်ခဲ့တဲ့ ဦးအီနုဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၀ ရက်နေ့က မောင်တောဒေသကို ပြန်ဝင်လာတာဖြစ်တာကြောင့် ပြန်လာတာ မနေ့ကဆိုရင် တစ်နှစ်တိတိပြည့်ခဲ့ပါပြီ။

ဦးအီနုမှာ မိသားစု ငါးဦးပါဝင်ပြီး အခုမောင်တောမှာ မိသားစု စားဝတ်နေရေးပြဿနာကို ဖြေရှင်းဖို့အတွက် ကြုံရာကျပန်းအလုပ်ကို လုပ်ကိုင်နေပါတယ်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို နှစ်နိုင်ငံ သဘောတူညီချက်နဲ့အညီ မြန်မာအစိုးရက လက်ခံဖို့ ကြိုးစားတာ သုံးကြိမ်တိုင်ရှိခဲ့ပေမယ့် ဘယ်သူမှပြန်ဝင်လာတာ မရှိခဲ့ပါဘူး။

ဦးအီနုက သူတစ်နှစ်ကျော်ကြာနေထိုင်ခဲ့တဲ့ ဘာလူခါလီဒုက္ခသည်စခန်း အမှတ်(၂)မှာ နှစ်နိုင်ငံ သဘောတူညီ ချက်အတိုင်း မြန်မာပြည်ကိုပြန်လို့ရတယ်ဆိုတာကို ဘင်္ဂလားဒေ့ရ်ှ အာဏာပိုင်တွေက ရှင်းပြတာ မရှိဘူးလို့ ပြောပါတယ်။

မူလ သူနေထိုင်ခဲ့တဲ့ မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးထံကို Viber ကနေ တဆင့် ဆက်သွယ်ပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ဝင်လာခဲ့တာလို့ ပြောပါတယ်။

“ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ဒုက္ခသည်စခန်းမှာ ကျွန်တော်တို့ကို မြန်မာပြည်ဘက်ကို ဘယ်သူသွားမယ်၊ မသွားဘူး ဆိုတာကို မေးမြန်းတာလည်း မရှိဘူး၊ ပြောတာလည်း မရှိဘူး။ ကျွန်တော်တို့မှာ ကြိမ်ချောင်းအုပ်ချုပ်ရေးမှူး ရှိတယ်။ သူနဲ့ဆွေးနွေးကြည့်ပြီးတော့မှ ပြန်အကြောင်းကြားတယ်။ အဆင်ပြေတယ် ဝင်လာလို့ရတယ်၊ လမ်းကြောင်းအတိုင်း ဝင်လာလိုက်ဆိုတော့ ကျွန်တော်တို့ ဝင်လာတာပါ။ ကျွန်တော်က တောင်ပြိုလက်ခံရေး စခန်းက တောက်လျှောက်ဝင်လာတာပါ။ အဲဒီအချိန်မှာ မြန်မာ-ဘင်္ဂလားဒေ့ရ်ှ သဘောတူညီချက် ချုပ်ဆို ထားတာရှိတယ်။ မင်းတို့သွားမယ့်လူရှိရင် စာရင်းပေးပါ ဘာညာဆိုတာ ဟိုဘက်မှာ ဘာမှအကြောင်းကြားတာ မရှိပါဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ် လာရတာပါ”

မနက်ပိုင်း တောင်ပြိုလက်ခံရေးစခန်းကနေ လှဖိုးခေါင်ကြားစခန်းကိုဖြတ်ပြီး မြန်မာအာဏာပိုင်တွေက နေ့ချင်း မောင်တောမြို့ကို အရောက်ပို့ဆောင်ပေးခဲ့တာကြောင့် ကြားစခန်းတွေမှာ နေခဲ့ရတာ မရှိခဲ့ဘူးလို့ ပြောပြပါတယ်။

ကြိမ်ချောင်းကျေးရွာမှာ ပြန်ပြီးအခြေချနေထိုင်လိုပေမယ့် ရွာမှာ မွတ်ဆလင်တွေ ဘယ်သူမှ မရှိတော့ တာကြောင့်  မောင်တောမြို့မှာ တစ်လ ရှစ်သောင်းကျပ်နဲ့ အိမ်ငှားပြီး နေထိုင်နေတယ်လို့ ပြောပါတယ်။

စားနပ်ရိက္ခာတွေကို အာဏာပိုင်တွေက ကူညီပေးတယ်၊ အခြားလိုအပ်ချက်တွေ အတွက်တော့ ကြုံရာကျပန်း အလုပ်တွေလုပ်ပြီး ရပ်တည်နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က မိသားစုနဲ့အတူ ပြန်ဝင်လာသူ ဦးမာမတ်ရ်ှရီကလည်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ရောက်ရှိနေသူတွေထဲမှာ မြန်မာပြည် ပြန်လာချင်တဲ့သူ အတော်များများရှိနေပေမယ့် အဟန့်အတားတွေ ရှိနေတဲ့အတွက် ပြန်မလာနိုင်ကြ တာလို့ ပြောပါတယ်။

“နှစ်နိုင်ငံသဘောတူညီချက်နဲ့ လာမယ့်ကိစ္စမှာ ဘင်္ဂလားမှာ စခန်းအမှတ် ၂၆၊ ၂၇၊ ၂၈ ဘက်ကလူတွေပဲ ကြားသိကြရတာ။ ပြန်ဝင်လာမယ့်စာရင်း လုပ်တာက အဲဒီစခန်းတွေမှာပဲ ရှိနေတဲ့အခါကျတော့ အဲဒီစခန်းတွေမှာ လာချင်တဲ့လူတွေလည်းရှိတယ်။ မလာချင်တဲ့ လူတွေလည်းရှိပါတယ်။ လာချင်တဲ့လူတွေကလည်း အတားအဆီး တစ်စုံတစ်ရာကြောင့် မလာနိုင်ဘူးလို့ ကျွန်တော်တို့ အသံတွေကြားနေရပါတယ်။ မူလနေရာတွေကို ပေးပါ့မလား။ ဒါမှမဟုတ် ငါတို့နေရာ မဟုတ်တဲ့ တခြားနေရာတွေကို ရောက်သွားမလားဆိုတဲ့ စိုးရိမ်ချက်တွေရှိတယ်။ ဒါပေမဲ့ အဲဒီစိုးရိမ်ချက်က သိပ်အဓိက မဟုတ်ပါဘူး။ အဓိကက အာဆာအဖွဲ့ကြောင့်ပဲ ပြန်မလာနိုင်တာလို့ ကျွန်တော် ယူဆပါတယ်”

ဦးမာမတ်ရှရီဟာ အကြမ်းဖက်မှုတွေမဖြစ်ခင် မောင်တောဒေသမှာ နေထိုင်ခဲ့သူပါ။ အခုအဲဒီနေရာမှာ မွတ်စလင်တွေ မရှိတော့တာကြောင့် သူလည်း  မောင်တောမြို့က တခြားနေရာမှာပဲ အိမ်ငှားပြီး နေထိုင်နေရပါတယ်။

သူလည်း ဦးအီနုတို့မိသားစုလို မြန်မာအာဏာပိုင်တွေကို ဆက်သွယ်ပြီး မိသားစုကိုခေါ်ပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ဝင်လာခဲ့သူပါ။

နည်းလမ်းအမျိုးမျိုးနဲ့ ပြန်လည်ဝင်ရောက်လာသူတွေဟာ သူတို့နေထိုင်ခဲ့တဲ့ မူလနေရာတွေမှာ အိမ်တွေမရှိတော့ တာကြောင့် နီးစပ်ရာနေရာတွေမှာ နေထိုင်နေကြရပါတယ်။

မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာမှာဆိုရင် ဒီလိုနေထိုင်နေတာ ၁၀ ဦးကျော်ရှိတယ်လို့ ပန်းတောပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအဏ္ဏဝါက ပြောပါတယ်။

“ကျွန်တော်တို့ ပန်းတောပြင်မှာ ပြီးခဲ့တဲ့ နှစ်လလောက်ကနေပြီးတော့ လက်ခံရေးစခန်းတွေကနေတဆင့် ဝင်လာတာတွေရှိပါတယ်။ လူကတော့ ၁၁ ယောက်ပါ။ စားရေးသောက်ရေးကတော့ အစိုးရက ထောက်ပံ့ တာတွေရှိပါတယ်။ တချို့ကတော့ အလယ်သံကျော်ကပါ။ တစ်ချို့ကတော့ အခြားရွာတွေကပါ။ အလယ် သံကျော်မှာ ဆွေမျိုးသားချင်းတွေ မရှိတော့ဘူး။ ကျွန်တော်တို့ ပန်းတောပြင်မှာ ဆွေမျိုးသားချင်းတွေရှိတယ် ဆိုပြီးတော့ ဒီမှာလာနေပါတယ်။ အစိုးရကတော့ သူတို့ကို သီးသန့်အဆောင်တွေ ဆောက်ပေးမယ်လို့ ပြောထားပါတယ်”

မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာသူတွေထဲမှာ အဓိကကြုံတွေ့နေရတဲ့ အခက်အခဲက နိုင်ငံသားကိစ္စပါ။

ပြန်ဝင်လာသူတွေကို လက်ခံရေးစခန်းတွေကနေ NVC လို့ခေါ်တဲ့ နိုင်ငံသားလျှောက်ရမယ့် အထောက်အထား ကတ်ကို မြန်မာအာဏာပိုင်တွေက ထုတ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ NVC ကတ်နဲ့ နိုင်ငံသားလျှောက်ထားတာ တစ်နှစ်နီးပါးကြာလာတဲ့အထိ ဘာမှထူးခြား မလာဘူးလို့ ဆိုပါတယ်။

NVC ကဒ်နဲ့ နိုင်ငံသားလျှောက်ထားတာနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က ဘာကြောင့်နှောင့်နှေး နေရသလဲဆိုတာနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

မြန်မာပြည်ထဲကို ရောက်ရှိနေသူတွေကို နိုင်ငံသားကိစ္စ အပါအဝင် အခြားအခြေခံရပိုင်ခွင့်တွေကို အစိုးရက လုပ်ဆောင်ပေးမယ်ဆိုရင် နောက်ထပ်ဝင်ရောက်လာမယ့်သူတွေ အများအပြား ရှိနိုင်တယ်လို့ မောင်တောမြို့ မွတ်စလင် ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးခင်မောင်က ပြောပါတယ်။

“ကျွန်တော်တို့ ဒီမှာရှိနေတဲ့လူတွေကို နည်းနည်းပါးပါး အဆင်ပြေအောင်လုပ်ပေးရင်၊ သွားလာရေးပေါ့၊ ပညာရေးပေါ့၊ နောက်ပြီးတော့ နိုင်ငံသားကိစ္စပေါ့။ နောက်ပြီးတော့ ဒီမှာကျန်ခဲ့တဲ့လူတွေလည်းရှိတယ်။ သူတို့က လူအများရှိနေတဲ့ရွာတွေမှာ ခိုလှုံပြီးတော့နေတယ်။ သူတို့နေရာကို သူတို့ကိုပြန်ပေးရင်၊ နိုင်ငံသားကိစ္စ လုပ်ပေးရင်၊ ပြည်နယ်မှာဖြစ်ဖြစ် လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးရင် လူတွေက အများကြီးလာမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဟိုဘက်ကလူတွေပြောနေကြတာက ဒီမှာရှိတဲ့လူတွေကိုတောင် ဘာမှလုပ်မပေးဘူး၊ ကျွန်တော်တို့ ဘယ်လိုလာရမလဲဆိုပြီးတော့ အဲ့လိုပြောပါတယ်”

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ သင်္ခါလီ အမှတ်(၁၃)မှာ ခိုလှုံနေတဲ့ မောင်တောဒေသက ဦးခင်မောင်ကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ယုံကြည်စိတ်ချရတဲ့ အခြေအနေတွေကို မြန်မာအစိုးရက ဖော်ဆောင်ဖို့ လိုတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အဓိကတောင်းဆိုနေတဲ့ တောင်းဆိုချက်တွေဟာ ကျွန်တော်တို့ကို နိုင်ငံသားအဖြစ် အကြွင်းမဲ့ အသိအမှတ်ပြုရေး၊ မြန်မာနိုင်ငံကပြောနေတဲ့ NVC ဆိုတဲ့ကိစ္စကို လုံးဝရုပ်သိမ်းပေးရေး၊ ကိုယ့်ရပ်ရွာကိုပြန်နိုင်ရေး၊ ကျွန်တော်တို့အတွက် နိုင်ငံတကာရဲ့အကာအကွယ်ကို ရရှိရေး ဒါတွေက ကျွန်တော်တို့ရဲ့ အဓိက တောင်းဆိုချက်တွေပါ။ ဒါကို မရမချင်း ကျွန်တော်တို့ပြန်နိုင်မှာ မဟုတ်ဘူး။ ဒီဒုက္ခသည်တွေ ပြန်နိုင်မယ့်အခြေအနေကို မြန်မာအစိုးရက ဖန်တီးပေးဖို့လိုတယ်”

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသူတွေအထဲက ၃၀၀ လောက်ဟာ သူတို့ဆန္ဒသဘောထားအလျောက် မြန်မာဘက်ကို ပြန်ဝင်လာကြပြီး လုံခြုံပြီးသိက္ခာရှိတဲ့ ဘဝတွေကို ထူထောင်နေကြပြီလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ၇၄ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံမှာ ပြောဆိုခဲ့ပါတယ်။

RFA ကလေ့လာတွေ့ရှိခဲ့တဲ့ အချက်အလက်တွေအရ အဲဒီအထဲက လူဦးရေ ၂၀၀ ကျော်လောက်ဟာ လှေစီးပြေး ဒုက္ခသည်တွေ၊ ဘူးသီးတောင် အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးလိုက်သူတွေ ပါဝင်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ဇွန်လ ၁၁ ရက်နေ့က ၁၀၄ ဦး လိုက်ပါလာတဲ့ စက်လှေတစ်စီးဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကနေ မလေးရှားနိုင်ငံကို ထွက်ခွာခဲ့ရာမှာ လှိုင်းလေကြီးပြီး ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေအနီးမှာ မြန်မာအာဏာပိုင်တွေက တွေ့ရှိခဲ့ကြပါတယ်။

အဲဒီအထဲက  ၉၂ ဦးဟာ မောင်တောဒေသမှာ နေထိုင်ခဲ့သူတွေဖြစ်တာကြောင့် မြန်မာအစိုးရက ငခူရလက်ခံရေးစခန်းကို ပို့ဆောင်ပြီး ပြန်လည်လက်ခံရေး အစီအစဉ်အတိုင်း လုပ်ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းက ဘင်္ဂလားဒေ့ရ်ှနိုင်ငံကနေ မလေးရှားနိုင်ငံကို ထွက်ခွာရာကနေ မြန်မာရေတပ်က နောက်ထပ်ဖမ်းမိသူတွေကိုလည်း ပြန်လည်လက်ခံရေးစခန်းကိုပို့ပြီး ပြန်ဝင်လာတဲ့စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် မေလအတွင်းကလည်း ဘူးသီးတောင်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့  ၅၈ ဦး၊ တရားရုံးမှာ အမှုရင်ဆိုင်နေရသူ လေးဦး စုစုပေါင်း ၆၂ ဦးကို နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပြုပြီး ငခူရလက်ခံရေး စခန်းကနေ ဘင်္ဂလားဒေ့ရ်ှကနေ ပြန်ဝင်လာတဲ့စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

အစိုးရက ပြန်လည်လက်ခံထားတဲ့ စာရင်းမှာပါရှိတဲ့ အများအပြားဟာ တရားဝင်နည်းလမ်းနဲ့ ဆက်သွယ်ဝင်ရောက် လာကြတာ မဟုတ်ဘဲ နည်းလမ်းအမျိုးမျိုးနဲ့ ခိုးပြီးဝင်ရောက်လာကြတာလို့ မောင်တောမြို့နယ်က အမည်မဖော်လိုတဲ့ ဒေသခံ မွတ်စလင်တစ်ဦးက ပြောပါတယ်။

“တစ်ချို့လောက်ပဲ ဒီကိုပြန်လာကြတာ။ သူတို့က ညအချိန်မှာ မြစ်ကိုဖြတ်ပြီး လှေနဲ့ခိုးပြီးတော့  လာကြတာလေ။ သူတို့ အဲ့လိုပုံစံမျိုးနဲ့လာတာ။ သူတို့တရားဝင်လာတာ မဟုတ်ဘူး။ သူတို့ဒီမှာလာပြီးတော့ လျှောက်လွှာတင် လိုက်တယ်။ ပြီးတော့ လက်ခံရေးစခန်းကိုသွားပြီးတော့ ဟိုဘက်ကလာတာလို့ စာရင်းပြတယ်။ အစိုးရက အဲ့လိုပြတယ်။ တရားဝင်လာတာဆိုပြီးတော့ ပြတာ။ ဒါပေမဲ့ သူတို့က တရားဝင်လာတာ မဟုတ်ဘူး။ သူတို့က ခိုးပြီးတော့လာတာ”

ဒီကိစ္စနဲ့ပတ်သက်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးနေဝင်းကို RFA က ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိခဲ့ပါဘူး။

Fortify Right လူ့အခွင့်အရေးအဖွဲ့က ကိုနစ်ကီဒိုင်းမွန်းကတော့ နှစ်နိုင်ငံသဘောတူညီချက်နဲ့အညီ ပြန်ဝင်မလာ တာကိုကြည့်ရင် အစိုးရရဲ့ဆောင်ရွက်ချက်ဟာ နည်းလမ်းမမှန်တာကြောင့်လို့ ဝေဖန်ပါတယ်။

“သူတို့က ဘာကြောင့်ပြန်မလာနိုင်တာလဲ၊ သူတို့အခက်အခဲက ဘာလဲ။ သူတို့ဘာပြဿနာတွေ ရင်ဆိုင်နေရလို့ ပြန်မလာနိုင်တာလဲ။ အစိုးရက ငွေကြေးအကုန်အကျခံပြီးတော့ လုပ်နေတယ်။ ဖိတ်ခေါ်နေတယ်။ သူတို့ပြန် မလာဘူး။ ပြန်မလာတာ သူတို့အပြစ်လား၊ ကိုယ်ကဖိတ်ခေါ်တဲ့နည်းလမ်းက မမှန်လို့လား။ နှစ်ဦးနှစ်ဖက်ပေါ့နော် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ အကုန်လုံးပေါင်းပြီးတော့ အဖြေရှာဖို့လိုတယ်။ နှစ်ဦးနှစ်ဖက် ဘင်္ဂလားဒေ့ရ်ှနဲ့ မြန်မာကလုပ်တော့မယ်ဆိုရင်လည်း မဖြစ်နိုင်သေးဘူး။ များသောအားဖြင့် ဘင်္ဂလားဒေ့ရ်ှနဲ့ မြန်မာတို့လုပ်တဲ့ ကိစ္စတွေကိုကြည့်ရင် အစိုးရနှစ်ဖက်ပဲ ဆွေးနွေးတာမျိုးတွေ့ပြီးတော့ ရိုဟင်ဂျာတွေကို အစည်းအဝေးတွေမှာ ဖိတ်ခေါ်ပြီးတော့ သူတို့ရဲ့လိုလားချက်တွေ၊ သူတို့ရဲ့ပြဿနာတွေက ဘာတွေလဲဆိုတာ သိရှိနားလည်အောင် အားထုတ်မှုတွေ အစိုးရကလုပ်တာ မတွေ့ရဘူး။ ဆိုတော့ ဒီလိုမျိုး အချိန် သုံးနှစ်လောက်ထိကြာနေတာ မထူးဆန်းဘူးလို့ ကျွန်တော်မြင်တယ်။ ဘာကြောင့်လဲဆို အစိုးရရဲ့ နည်းလမ်းက မမှန်ဘူးလို့ ကျွန်တော် သုံးသပ်တယ်”

ပြန်လည်ရောက်ရှိနေတဲ့ ဒုက္ခသည်အရေးကိစ္စနဲ့ ပတ်သက်လို့ မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကို RFA က မေးမြန်းခဲ့ရာမှာ တိတိကျကျ ပြန်လည်တုံ့ပြန်တာ မရှိခဲ့ပါဘူး။

“ကျွန်တော်တို့ကတော့ နှစ်နိုင်ငံသဘောတူညီချက်အရဆိုတာ အမြဲတမ်းပြောနေကျလေ။ ဒီမှာကတော့ ဝန်ထမ်းတွေနဲ့ သူ့စခန်းအလိုက် သူ့ဟာနဲ့သူရှိနေတယ်။ နိုင်ငံတော်က လက်မခံဘူးဆိုမှ ကျွန်တော်တို့က လက်မခံဘူးဖြစ်မှာလေ။ ကျွန်တော်တို့ကတော့ ထူးထူးထွေထွေ ကျန်တာဘာမှလုပ်စရာမရှိဘူး”

ရခိုင်ပြည်နယ် မောင်တောဒေသမှာပြီးခဲ့တဲ့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ခုနှစ်သိန်းလောက် တစ်ဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြတာ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့