ရိုဟင်ဂျာအရေးမှာ ဘင်္ဂလားဒေ့ရှ်က မြန်မာထက် ခြေစွမ်းပိုပြနေသလား

နေရိန်ကျော်
2019-11-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
 နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ်မိုမင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာဘာဂနာတို့အား ၂ဝ၁၉ စက်တင်ဘာလ ၂၃ ရက်နေ့ နယူးယောက်မြို့ ဆွေးနွေးပွဲတွင် တွေ့ရစဉ်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ်မိုမင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာဘာဂနာတို့အား ၂ဝ၁၉ စက်တင်ဘာလ ၂၃ ရက်နေ့ နယူးယောက်မြို့ ဆွေးနွေးပွဲတွင် တွေ့ရစဉ်။
(Photo: fmprc.gov.cn)

ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ဒီသီတင်းပတ်ထဲမှာ မြန်မာအစိုးရအတွက်အထူးခြားဆုံး ဖြစ်ရပ်နှစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။

တခုကတော့ အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က သူ့အဖွဲ့ဝင် ဂမ်ဘီယာနိုင်ငံကို ကိုယ်စားလှယ်အဖြစ်ရွေးပြီး ကုလသမဂ္ဂတရားရုံး ICJ မှာ နိုဝင်ဘာလ (၁၁) ရက်နေ့က အမှုဖွင့်တဲ့ကိစ္စနဲ့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ တပ်မတော်နဲ့ အစိုးရထိပ်ပိုင်း ခေါင်းဆောင်ဟောင်း၊ ခေါင်းဆောင်သစ်တွေကို အာဂျင်တီးနားနိုင်ငံမှာ နိုဝင်ဘာလ (၁၃) ရက်နေ့က တရားစွဲတဲ့ကိစ္စပါ။

ဒီလိုဖြစ်လာနိုင်တယ်ဆိုတာကို လေ့လာသူတွေက အစောပိုင်းကတည်းက တွက်ချက်ထားကြပါတယ်။ ဘာကြောင့်လဲဆိုရင် ဘောလုံးစကားနဲ့ပြောရရင် နိုင်ငံတကာကစားကွင်းမှာ မြန်မာထက် ဘင်္ဂလားဒေ့ရှ်က ခြေသာနေတာ တွေ့ရလို့ပါ။

ဖဆပလခေတ်၊ မဆလခေတ်ကတည်းက ဖြစ်တည်နေတဲ့ ရိုဟင်ဂျာပြဿနာဟာ နဝတခေတ် ၁၉၉၂ ခုနှစ်မှာ ပြန်ကြီးထွားခဲ့ပြီး၊ အဲဒီအချိန်ကနေ ငုတ်နေတဲ့အနာဟာ ၂၀၁၂ ခုနှစ်မှာ လူမျိုးရေးအဓိကရုဏ်းအသွင်နဲ့ ပြန်ပေါ်ခဲ့တာ တွေ့ရပါတယ်။

အဲဒီကနေ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလမှာ ပြန်ပေါ်လာတဲ့ အခါမှာတော့ အနာနဲ့ဆေး တလွဲဖြစ်ရသလိုမျိုး၊ ပြဿနာဟာ “ပြည်တွင်းနာ” ကနေ “နိုင်ငံတကာနာ” ဖြစ်လာတယ်လို့ ဆိုရတော့မှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်တွင်းမှာအနာဖြစ်ရင် ကုရမှာ အစိုးရရဲ့တာဝန်ဖြစ်သလို၊ ဘယ်လောက် ကျွမ်းကျွမ်းကျင်ကျင် ကုနိုင်လဲဆိုတာကို အနာသက်သာပျောက်ကင်းလာလား၊ အနာပို “ရင်း”လာသလား ဆိုတာနဲ့ တိုင်းတာရမှာဖြစ်ပါတယ်။

ဒါကြောင့် အနာနဲ့ဆေးတဲ့ရဲ့လား ဆိုတာကို ပြန်ကြည့်တော့ စောစောကတင်ပြခဲ့သလို နိုင်ငံတကာမှာ တရားစွဲခံရတဲ့ အခြေအနေက သက်သေဖြစ်နေပါတယ်။

ဒီနေရာမှာ ပြည်တွင်းအနာကနေ ပြည်ပအနာဖြစ်လာတဲ့ ဒီပြဿနာကို အဓိက သက်ဆိုင်နေတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့က နိုင်ငံတကာမှာ သံတမန်ခြေစွမ်း ပြကြတဲ့ အခြေအနေ ရောက်လာတာပဲ ဖြစ်ပါတယ်။

အဲဒီမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ကြည့်တဲ့အခါ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ နိုင်ငံခြားရေးဝန်ကြီး အက်ဗ်ဒူမိုမန်တို့က  မြန်မာနိုင်ငံတော်အတိုင်ပင်ခံ ဒါမှမဟုတ် နိုင်ငံခြားရေးဝန်ကြီး ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေတို့ထက် ပိုပြီး ခြေစွမ်းပြနေ ကြတာကို နေ့စဉ်သတင်းတွေမှာ တွေ့မြင်နေရပါတယ်။

ဒါကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက...

“အခုကသူတို့ဘက်က ကွင်းဘက်ကအသာစီးဖြစ်နေတာကိုး။ ကျနော်တို့ဘက်ကထွက်သွားတဲ့ လူဦးရေ ကမြင်သာတဲ့ဟာကြီးဖြစ်နေတယ်လေဗျာ။ သူတို့အစိုးရကတော့ ၇ သိန်းကျော်ကျော် ထွက်သွားတယ် အရင်ရှိပြီးသားနဲ့ဆို တသန်းကျော်တယ်လို့ပြောတယ်။ နိုင်ငံတကာကြည့်လိုက်ရင် ဒါက တကယ့် Humanitarian ပြဿနာကြီးပေါ့။ နောက်တခုကလည်းဒီကိစ္စကဘာသာရေးကိစ္စမဟုတ်သော်လည်းပဲ သူတို့နောက်မှာ အိုအိုင်စီပါနေတဲ့အခါကျတော့ အိုအိုင်စီဆိုတဲ့မွတ်စလင်နိုင်ငံတွေက သူတို့မွတ်စလင် တွေကိုထိလို့ဆိုတဲ့ဟာမျိုးနဲ့ဝိုင်းလုပ်တော့ မွတ်စလင်တွေနဲ့ဆက်နွယ်နေတဲ့အနောက်နိုင်ငံတွေကလည်း လူ့အခွင့်အရေးတို့ဘာသာရေးတို့ကို အင်မတန်မှအသားပေးပြီးဦးထိပ်တင်တဲ့သူတွေဖြစ်တဲ့အခါကျတော့ ကျနော်တို့ကိုအပြစ်ရှာဖို့အတွက်အခွင့်ကောင်းရတဲ့အခါကျတော့၊ နောက် သူတို့ရဲ့အခွင့် အရေးတွေ ကိုယ်ကျိုးစီးပွားတွေလည်းပါတာပေါ့နော်။ ဆိုတဲ့အခါကျတော့ အဲဒီအနောက်နိုင်ငံကြီးတွေကလည်း ဟိုဘက်ကိုပြုံပြီးပါတယ်။ နောက်ပြီးတော့ တိုက်ရိုက်အကျိုးစီးပွားမရှိတဲ့နိုင်ငံတွေကလည်း လွယ်လွယ် ကူကူပဲပေါ့ သူတို့ကလဲ ဒီလောက်လူတွေအများကြီးပြစ်သွားတာ ဒါမြန်မာမှာပဲရှိတယ် ဆိုတဲ့ဟာနဲ့ ကျနော်တို့ဘာပြောပြော သူတို့နားထဲမဝင်တော့ဘူး။ အဲလိုဖြစ်သွားတာ။ အဲဒီအခါကျတော့ ကျနော်တို့ဘက်က တစ်ပန်းမကဘူး နှစ်ပန်း သုံးပန်းရှုံးနေတာပေါ့”

... လို့ပြောပါတယ်။

ဟုတ်ပါတယ်။ ကုလသမဂ ္ဂအထွေထွေညီလာခံမှာရော ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ရဲ့ နှစ်ပတ်လည် ညီလာခံမှာပါ မြန်မာက ပြစ်တင်ဝေဖန်ခံနေရသလို၊ အိန္ဒိယသမုဒ္ဒရာကမ်းခြေ နိုင်ငံများအဖွဲ့ ဝင်ဖို့ လျှောက်ထားတာကိုလည်း ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်တဲ့အတွက် အဖွဲ့ဝင်အဖြစ် သတ်မှတ်မခံရတဲ့ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်။

ဒါ့ပြင် မြန်မာကို ဥရောပသမဂ္ဂကပေးထားတဲ့ GSP အထူးကုန်သွယ်ခွင့်ပိတ်ဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်က ဒီလထဲမှာပဲ တိုက်တွန်းပြောဆိုနေတာလည်း တွေ့ရပါတယ်။

မြန်မာဘက်ကနေ ရပ်နေတဲ့ ပြည်ပနိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အာဆီယံ အသင်းဝင် နိုင်ငံတွေဖြစ်နေတာ တွေ့ရပါတယ်။ ဒါတောင်မှ မလေးရှားနိုင်ငံက ရိုဟင်ဂျာအရေးမှာ မြန်မာကို မကြာခဏ ဝေဖန်နေတာ ရှိပါတယ်။

ဒီနေရာမှာ ပြန်ဆန်းစစ်ရမှာက မြန်မာနဲ့ နိုင်ငံတကာဆက်ဆံရေး၊ အထူးသဖြင့် ဥရောပနဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးပါ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရခေတ်တလျှောက် အဲဒီနိုင်ငံတွေနဲ့ ဆက်ဆံရေး မကောင်းခဲ့တာကို အစိုးရအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည် ထိပ်ပိုင်းတာဝန်ရလာရင် ပြန်ကောင်းလာမလား ဆိုပြီး ပြည်တွင်းကရော ပြည်ပကပါ စောင့်ကြည့်ခဲ့ကြပါတယ်။

ဒါကြောင့် ရိုဟင်ဂျာအရေးကိစ္စအတွက် နိုင်ငံတကာသံတမန်လောကမှာ ခြေမသာတဲ့ မြန်မာအနေနဲ့ အခု ဆက်ဆံရေးတွေအတိုင်း ခရီးဆက်မလား၊ နည်းပရိယာယ်ပြောင်းပြီး ကစားမလားဆိုတာကို စဉ်းစားရမှာ ဖြစ်သလို ဒီပြဿနာကို အချိန်တိုနိုင်သမျှတိုတိုနဲ့ ရှဉ့်လည်းလျှောက်သာ၊ပျားလည်းစွဲသာ အခြေအနေ ဖြစ်အောင် ဆောင်ရွက်နိုင်မှသာ အခြေလှမှာ ဖြစ်တဲ့အကြောင်း တင်ပြလိုက်ရတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့