တပ်မတော်ဟာ ကိုယ့်ကိုယ်ကိုယ် ထိခိုက်နစ်နာအောင်လုပ်နေတယ်

ခက်မာ
2019-11-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ်အတွင်းက တပ်မတော်သားတချို့ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်အတွင်းက တပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: STR / AFP

ရခိုင်ပြည်နယ်အတွင်းမှာ နောက်ထပ်လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ် ရှိလာနိုင်သေးတယ်လို့ ကုလသမဂ္ဂက မကြာသေးခင်က ကြေငြာချက်ထုတ်ပြန်သတိပေးချက်နဲ့  မြန်မာအစိုးရရဲ့ လုံခြုံရေးဆိုင်ရာ မူဝါဒတွေဟာ တကယ်ပဲ အလုပ်ဖြစ်ရဲ့လားလို့လည်း မေးခွန်းထုတ်ထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို မြန်မာ့တပ်မတော်ဟာ ကိုယ့်ကိုယ်ကိုယ် ထိခိုက်နစ်နာအောင် လုပ်နေတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့  အမေရိကန်အခြေစိုက် Foreign Policy မဂ္ဂဇင်းမှာ မနေ့က ရေးသားဖော်ပြထား ပါတယ်။

မြန်မာစစ်တပ်ရဲ့ ရှင်းလင်းမှုကြောင့် နိုင်ငံတွင်းက ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ခုနှစ်သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်နေရတာ နှစ်နှစ်နီးပါးရှိပြီဆိုတာ လူတိုင်းသိတဲ့ ကိစ္စဖြစ်ပေမယ့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာ ခြောက်သိန်းလောက်ရှိနေသေးပြီး သူတို့ဟာ ထွက်ပြေးသွားသူတွေထက် ပိုအန္တရာယ်ကြီးနေတယ်ဆိုတာ သိတဲ့သူကတော့ နည်းပါတယ်လို့ ရေးသားထားပါတယ်။

ကုလသမဂ္ဂက စက်တင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ်အတွက် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာမှာ ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေသေးတဲ့ ရိုဟင်ဂျာတွေဟာ မြန်မာစစ်တပ်က ထပ်မံကျူးလွန်မယ့် လူမျိုးတုံး သတ်ဖြတ်မှု အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။  

ရိုဟင်ဂျာတွေကို အဲဒီလို ရှင်းလင်းသတ်ဖြတ်နေတာတင်မက အရပ်သားတွေကို အတင်းအဓမ္မ ခိုင်းစေတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာနဲ့ အုပ်စုဖွဲ့ မုဒိန်းကျင့်တာတွေဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့လည်း ဆိုပါတယ်။ အဲဒီအစီရင်ခံစာကို မြန်မာစစ်တပ်က ချက်ခြင်းငြင်းဆိုကန့်ကွက်ခဲ့ပေမာ့် နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ရခိုင်ပြည်နယ်ထဲမှာ ကျန်ရှိနေသေးတဲ့ ရိုဟင်ဂျာတွေဟာ အန္တရာယ်ကြီးကြီး မားမား ရှိနေသေးကြောင်းနဲ့ သူတို့ရဲ့ အခြေအနေဟာ အဆင့်တိုင်းမှာ ဆိုးရွားနေသေးတယ်လို့ လက်ခံထား တယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။

မြန်မာစစ်တပ်ကတော့ ရိုဟင်ဂျာတွေကို အဲဒီလိုရှင်းလင်းရတာဟာ သောင်းကျန်းသူတွေကို ချေမှုန်းတာဖြစ်ပြီး နိုင်ငံတည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် ဆောင်ရွက်တာဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။ ဒါပေမဲ့ အဲဒီလို နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးကိုနင်းပြီး ဆောင်ရွက်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ လုံခြုံရေးဟာ ပိုဆိုးဝါးလာတယ်လို့ ရေးသားထားပါတယ်။

နယ်မြေလုံခြုံရေးတင်မက စီးပွားရေးဆိုင်ရာ လုံခြုံမှုကိုပါ ထိခိုက်လာတယ်လို့လည်း ဆောင်းပါးမှာ ဖော်ပြ ထားပါတယ်။ အဲဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ ကြုံလာရတဲ့ အတွက် မြန်မာ့စီးပွားရေးဟာ အခက်အခဲနဲ့ရင်ဆိုင်လာရပြီး မျှော်လင့်ထားတဲ့ စီးပွားရေးတိုးတက်မှုတွေဆီ မချဉ်းကပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ၂၀၀၃ ခုနှစ်မှာ အမေရိကန်က စီးပွားရေးပိတ်ဆို့ခဲ့ပြီးတဲ့နောက် မြန်မာ့ အထည်ချုပ် လုပ်ငန်းထိခိုက်သွားခဲ့တာကို ဥပမာပေးထားပြီး စီးပွားရေးပိတ်ဆို့မှုတွေဟာ သက်ဆိုင်ရာလုပ်ငန်း နယ်ပယ်တွေကို ထိခိုက်စေပြီး ဆင်းရဲမွဲတွေမှုဆီ ဦးတည်သွားစေတယ်လို့ ထောက်ပြထားပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေနဲ့ နည်းပညာအသစ်တွေကို မိတ်ဆက်ပေးမယ့် ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ဖန်တီးပေးနိုင်ရေးနဲ့ နိုင်ငံတကာဈေးကွက် ရရှိရေးတွေအားလုံးကို တားဆီးရာရောက်တယ်လို့လည်း ရေးသားထားပါတယ်။

တခြားမရည်မတွက်နိုင်တဲ့ ဥပမာတွေရှိသေးပေမယ့် မြန်မာစစ်တပ်ရဲ့ဆောင်ရွက်မှုဟာ တပ်မတော်နဲ့ နိုင်ငံကို သာ နစ်နာစေတာကတော့ တူတူပါပဲလို့ ဆိုပါတယ်။ နိုင်ငံသားတွေကို တိုက်ခိုက်နေတာ၊ ထိခိုက်နစ်နာစေတာတွေဟာ တပ်မတော်က အမျိုးသားလုံခြုံရေးကို ပျက်ပြားအောင် လုပ်နေတာပဲဖြစ်တယ်လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ မြန်မာစစ်တပ်နဲ့ ကာကွယ်ရေးဆိုင်ရာ ခေါင်းဆောင်တွေဟာ အမျိုးသားလုံခြုံရေးဆိုတဲ့အပေါ်မှာ မျက်မွှေးတဆုံးသာကြည့်ကြပြီး နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ စံသတ်မှတ်ချက်တွေနဲ့ပတ်သက်လို့  သေသေချာချာ လေ့ကျင့်သင်ကြားခံခဲ့ရသူ အလွန်ရှားပါးတယ်လို့လည်း ဆိုပါတယ်။

ပြည်သူတွေကို နိုင်ငံရေးစံနစ်တွေမှာ ပူးပေါင်းပါဝင်ခွင့်ပေးဖို့၊ တိုင်းရင်းသား လူနည်းစုတွေ၊ ဘာသာမတူသူတွေအပေါ် ခွဲခြားဆက်ဆံတာနဲ့ လူမှုရေးအကြမ်းဖက်မှုတွေကို ဆန့်ကျင်ရာမှာ ပူးပေါင်းပါဝင်ခွင့်ပေးဖို့တွေကသာ အမျိုးသားလုံခြုံရေး တည်ဆောက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ရေရှည်တန်ဖိုးတွေဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

အခုချိန်ထိတော့ အဲဒီလို အခွင့်အရေးတွေကို လုံခြုံရေးဆိုင်ရာ အာဏာပိုင်တွေက တန်ဖိုးမထားသလို အဲဒီ အလုပ်လုပ်နေသူတွေကိုလည်း သတိကြီးကြီးနဲ့ စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေ၊ တိုင်းရင်းသားတွေ၊ ဘာသာကွဲလူနည်းစုတွေဟာ မကြာခဏဆိုသလို လုံခြုံရေးဆိုင်ရာ မူဝါဒတွေရဲ့ ပြင်ပကို ရောက်နေပြီး အဲဒါကြောင့်ပဲ အဖြေရှာမရတဲ့ ပဋိပက္ခတွေကို ထပ်ပြီးဖန်တီးပေး သလိုဖြစ်နေပါတယ်။ နိုင်ငံတစ်ခုဟာ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာပြဿနာတွေနဲ့ အကျပ်အတည်းကျနေပြီ ဆိုရင် အဲဒါတွေကို အပြစ်ဖို့ဖို့ တိုင်းရင်းသားလူနည်းစု တစ်စုဟာ ဓါးစာခံဖြစ်လာရတတ်ပါတယ်။

အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စတွေဟာ တခါတလေမှာ  လူ့အခွင့် အရေးဆိုင်ရာကိစ္စတွေကို အလေးမထားဘဲ အသာစီးရတတ်တဲ့ သဘောရှိပါတယ်။ အဲဒီလို ရေရှည်မကြည့်ဘဲ  မျက်စိတဆုံးသာကြည့်ပြီး ဆောင်ရွက်တတ်မှုတွေဟာ ပြည်တွင်းမငြိမ်သက်မှုတွေကိုဖြစ်စေပြီး နောက်ဆုံးမှာတော့ အမျိုးသားနိုင်ငံရေးကို ထိခိုက်လာမှာ ဖြစ်ပါတယ်။

သေချာတာကတော့ မြန်မာစစ်တပ်အနေနဲ့ ရိုဟင်ဂျာတွေအပေါ် နှိပ်ကွပ်မှုတွေကို လူု့အခွင့်အရေးဆိုင်ရာ အကြောင်းပြချက်တစ်ခုတည်းနဲ့ ရပ်တန့်ပစ်သင့်ပါပြီလို့ ဆောင်းပါးရှင် Elise Carlson-Rainer က ရေးသားထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့