ရခိုင်စစ်ဘေးဒုက္ခသည်တွေ မဲစာရင်းကြည့်ဖို့ခက်ခဲနေ

မင်းသိန်းအောင် ၊ နီမင်းထွန်း
2020-08-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရခိုင်မြောက်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ လာမယ့်အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းကို ကြည့်ဖို့ အခက်အခဲဖြစ်နေပါတယ်။

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်းတွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကနေ သြဂုတ်လ ၁၄ ရက်နေ့အထိ ရပ်ကွက်၊ ကျေးရွာကော်မရှင်ရုံးတွေမှာ ကပ်ထားပါတယ်။

ဒါပေမဲ့ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ အမ်း စတဲ့မြို့နယ်တွေက ကျေးရွာပေါင်း ၃၆ ရွာမှာ မဲစာရင်းမကပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် မဲစာရင်းကို မြို့နယ်ကော်မရှင်ရုံးတွေမှာ ကပ်ပေးထားတယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ကပြောပါတယ်။

စစ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည် အများအပြားအနေနဲ့ကတော့  မဲစာရင်းသွားကြည့်ဖို့ အခက်အခဲရှိနေကြပါတယ်။

စစ်တွေမြို့ အလိုတော်ပြည့် စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာက ဦးမောင်ကျော်ဇံက မဲစာရင်းကြည့်ချင်ပေမယ့် သွားကြည့်ဖို့ အဆင်မပြေဘူးလို့ပြောပါတယ်။

“အရင်တုန်းကဆို ကျွန်တော်တို့ရွာမှာ မဲစာရင်းတွေ ကပ်ခဲ့တာပေါ့။ အခုကယ်ဆယ်ရေးစခန်းကနေ ကိုယ့်နေရာကို မဲစာရင်းသွားကြည့်ဖို့မပြောနဲ့ ရွာကိုတောင် မသွားရဲဘူးဖြစ်နေပါတယ်။ ရွာကိုမပြန်ရဲလို့ ကျွန်တော်တို့ အခုဒီနေရာမှာ နေနေရတာ”

စစ်တွေမြို့ ဓမ္မာရာမ စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ပလက်ဝမြို့နယ် စိမ်းစင်းကျေးရွာက ဦးမောင်ထွီးကလည်း ကိုယ့်ဒေသကို ပြန်ဖို့မဖြစ်နိုင်တာကြောင့် မဲစာရင်း ကြည့်ခွင့်မရဘူးလို့ပြောပါတယ်။

“အခက်အခဲက မဲကိုတောင်ဘယ်မှာထည့်ရမယ်ဆိုတာ ကျွန်တော်တို့ အခုထိ မသိသေးပါ။ ကိုယ့်ရွာမှာကျတော့ မဲနဲ့ပတ်သက်လို့ လိုက်ပြီးကြေငြာပေးတယ်။ အခုတော့ ရွာကိုပြန်ဖို့ဆိုတာတောင် မဖြစ်နိုင်တော့ပါဘူး။ အဲဒီဘက်တွေမှာက တိုက်ပွဲတွေ အသည်းအသန်ဖြစ်နေပါတယ်။ နယ်ကျော်လို့ တောင်မရဘူး။ ကျွန်တော်တို့လည်း ရှေ့ဆက်ဘယ်ကို ထွက်ပြေးရဦးမယ်ဆိုတာ မသိသေးပါဘူး”

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ စာရင်းတွေအရ စစ်ရေးပဋိပက္ခတွေကြောင့် မနေ့က သြဂုတ်လ ၆ ရက်နေ့အထိ အိမ်ထောင်စု တစ်သောင်းရှစ်ထောင်ကျော်နဲ့ လူဦးရေ ခုနစ်သောင်းတစ်ထောင်ကျော်ဟာ စခန်း ၁၅၅ ခုမှာ ထွက်ပြေးခိုလှုံနေကြရပါတယ်။

အလားတူ ဒုက္ခသည်စခန်းတွေကိုမရောက်ဘဲ ဆွေမျိုးတွေနဲ့ နီးစပ်ရာနေရာတွေမှာ ခိုလှုံနေသူပေါင်းက သြဂုတ်လ ၆ ရက်နေ့အထိ ခြောက်ထောင့်တစ်ရာကျော်ရှိပါတယ်။

တချို့နေရာတွေမှာ အသက်လုပြီး ထွက်ပြေးနေကြရတာကြောင့် ဒေသခံတွေဟာ မဲစာရင်းနဲ့ပတ်သက်လို့ စိတ်မဝင်စားနိုင်ကြဘူးလို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့က ဦးစိုးလင်းက ပြောပါ တယ်။

“တချို့က သူ့တို့ရဲ့အိုးအိမ်ကို စွန့်ခွာပြီးတော့ ရောက်လာကြတဲ့အခါမှာ ဒီရွေးကောက်ပွဲစာရင်းမှာ ပါဖို့မပါဖို့ဆို တာ စိတ်ဝင်စားမှု အနည်းဆုံးဖြစ်နေတဲ့ အနေအထားမျိုးကို ကျွန်တော်တို့တွေ့ရတယ်။ တချို့ကိုလည်း ကျွန်တော်တို့က တိုက်တွန်းရတယ်။ မဲထည့်သင့်တယ်၊ မဲစာရင်းမှာပါသင့်တယ်ဆိုပြီး သူတို့ရောက်နေတဲ့ ရွာတွေက လူမှုအသင်းအဖွဲ့တွေက ဝိုင်းပြီးတော့မှ တိုက်တွန်းဖို့ကို ကျွန်တော်တို့က နိုင်သလောက် လုပ်နေရတယ်”


စစ်တွေမြို့ ဓမ္မာရာမစစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ဦးမောင်သန်းစိန်ကတော့ မဲစာရင်းကို ဘယ်မှာကြည့်နိုင်တယ်ဆိုတာကို ဘယ်သူကမှ အသိပေးတာမျိုး မရှိဘူးလို့ပြောပါတယ်။

“ကျွန်တော်တို့ရောက်နေတဲ့ ကယ်ဆယ်ရေးစခန်းမှာ မဲစာရင်းကိစ္စတွေနဲ့ပတ်သက်လို့ ပြောဆိုကြတာလည်း မရှိပါဘူး။ အထက်လူကြီးတွေက လာပြီးတော့ ပြောပြတာမျိုးတွေလည်း တခါမှ မရှိသေးပါဘူး။ ကျွန်တော်တို့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာသာ မဲထည့်ခွင့် ရမှသာလျှင် ကျွန်တော်တို့လည်း မဲပေးခွင့် ရတော့မှာပါ”

မြို့နယ်အသီးသီး၊ ဒေသအသီးသီးကနေ စစ်တွေမြို့ကို ထွက်ပြေးခိုလှုံလာကြသူဟာ မနေ့က သြဂုတ်လ ၆ ရက်နေ့အထိ စခန်းပေါင်း ၃၀ မှာ လူဦးရေ လေးထောင့်ခုနစ်ရာကျော် ရှိပါတယ်။

ဒီအထဲက စခန်းအချို့ကို RFA က သွားရောက်လေ့လာခဲ့ရာမှာ အဲဒီစခန်းတွေမှာ မဲစာရင်းကပ်တာမရှိတာကြောင့် ဒုက္ခသည်တွေဟာလည်း မဲစာရင်း ကြည့်ခွင့်မရတာကို တွေ့ရပါတယ်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်တင်လှိုင်ကတော့ နေရာဒေသအသီးသီးကနေ ပြန့်ကျဲ ရောက်ရှိလာတာမျိုးဆိုရင် မဲစာရင်းကပ်ဖို့ အခက်အခဲရှိနိုင်တဲ့အတွက် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ရုံးတွေနဲ့ ချိတ်ဆက်ပြီးတော့မှ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ပြောပါတယ်။

“အမြို့မြို့ အနယ်နယ်က လာတာတွေရှိတယ်။ ဘုန်းကြီးကျောင်းတွေမှာရှိတယ်။ ဆွေမျိုးတွေအိမ်ကိုလည်း‌ ရောက်လာတာတွေ ရှိတယ်ဆိုတော့လေ ဥပမာ တစ်မြို့နယ်တည်းက အကုန်လုံးစုပြီးတော့ ရွှေ့လာမျိုး မဟုတ်ဘူး။ တိုက်ပွဲရှောင်စခန်းကလည်း အမျိုးမျိုးပဲပေါ့နော်။ အစိုးရက ဖွင့်ထားတဲ့စခန်းရှိသလို လူမှုရေး အသင်းအဖွဲ့ ပရဟိတ သမားတွေက ကူညီပြီးတော့ ဖွင့်ပေးထားတဲ့ စခန်းလည်းရှိတယ်။ နောက် အဲဒီဟာတွေမှာဆိုလို့ရှိရင် တချို့စခန်း တွေမှာကျတော့ စခန်းတာဝန်ခံရှိတယ်။ တချို့မှာကျတော့မရှိဘူး။ အဲတော့စခန်းတာဝန်ခံမရှိတဲ့ နေရာတွေမှာကျတော့ သွားကပ်လို့လည်းမဖြစ်ဘူး။ မဲစာရင်းတွေ ပျက်စီးသွားမှာလည်း စိုးရတယ်လေ။ ဆိုတော့ ဒီမြို့နယ်ကော်မရှင်ရုံးတွေပေါ့နော် ဒီဟာတွေမှာပဲ မေးမြန်းချိတ်ဆက်ပြီးတော့ပဲ ကြည့်ရမယ့်သဘောရှိတာပေါ့နော်”

ကျေးရွာအုပ်စု တစ်ခုတည်းက တစ်စုတစည်းတည်း ထွက်ပြေးရောက်ရှိနေကြတဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေမှာတော့ မဲစာရင်း ကပ်နိုင်ပေးထားတယ်လို့လည်း ဆိုပါတယ်။

လာမယ့် အထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့်မဆုံးရှုံးရအောင် မဲစာရင်းကြည့်ကြဖို့နဲ့ ကိုယ်ရောက်ရှိနေတဲ့ နေရာတွေကနေ မဲပေးလိုသူတွေအနေနဲ့ သက်ဆိုင်ရာ ကော်မရှင်ရုံးတွေနဲ့ ချိတ်ဆက်ပြီး သတ်မှတ်ပုံစံတွေမှာ ဖြည့်သွင်းလျှောက်ထားကြဖို့ကိုလည်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက တိုက်တွန်း ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ မဲဆန္ဒရှင်ဦးရေ ဆယ့်ခြောက်သိန်းကျော်ရှိပြီး  သြဂုတ်လ ၅ ရက်နေ့အထိ နေရာ အသီးသီးကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက်ဟာ ၂၃၂ ဦး ရှိတယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့