ဘူးသီးတောင် ဥယျာဉ်သာရွာ နှစ်ရက်ဆက်တိုက် မီးရှို့ခံရ

2019-09-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာရွာက မီးခိုးတွေကို ၂၀၁၉ စက်တင်ဘာ ၄ ရက်နေ့က တွေ့ရစဉ်
ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာရွာက မီးခိုးတွေကို ၂၀၁၉ စက်တင်ဘာ ၄ ရက်နေ့က တွေ့ရစဉ်
Credit: သျှင် ထွီးခိုင်
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ အိမ်ခြေ ၅၀ ကျော်ရှိတဲ့ ဥယျာဉ်သာကျေးရွာက နေအိမ်တွေကို မနေ့က စတင်မီးရှို့ခံရတာဖြစ်ပြီး ဒီနေ့မှာလည်း ထပ်မံမီးရှို့ခံခဲ့ရတယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံမျက်မြင်တစ်ဦးက ဒီနေ့မနက်က ထပ်မံမီးရှို့ခံရတဲ့အခြေအနေတွေကို အခုလို ပြောပါတယ်။

“မနက် ၈ နာရီလောက်ကပင် မီးခိုးထွက်လာတာကို ကျွန်တော်မြင်တယ်။ ဥယျာဉ်သာရွာထဲက မီးတောက်ပါ မီးခိုးပါထွက်တာကိုမြင်တယ်။ အများကြီးထွက်လာတာ။ ဒါကတော့ အိမ်အကုန်လုံး လောင်တယ်လို့ခန့်မှန်းတယ် အိမ်တွေကျန်မယ်မထင်တော့ဘူး။ မနက်ကတိုက်ပွဲလည်းမဖြစ်ဘူး၊ လက်နက်ကြီးလည်းမပစ်ဘူး သူတို့ရှို့တာ ပဲဖြစ်မယ်။ မြန်မာ့တပ်မတော်က ဆင်သေပြင်၊ ချိချားတောင်၊ နွားရုံတောင်ရွာတွေမှာရှိတယ်။ ဒီဥယျာဉ်သာကို သူတို့ဝိုင်းထားတာလေ။ တခြားလူတွေမရှိဘူး။ တိုက်ပွဲမရှိဘဲ မီးလောင်တယ်ဆိုတော့ သူတို့ရှို့တာပဲဖြစ်မှာ”

အနီးအနားကျေးရွာတွေမှာ တပ်မတော်စစ်ကြောင်းတွေရှိနေသလို လုံခြုံရေးအရဆိုပြီး သူ့အမည်ကို ဖော်ပြခွင့် မပြုပါဘူး။

မနက် ၈ နာရီလောက်က တစ်ရွာလုံး နေရာအနှံ့က ထွက်ပေါ်လာနေတဲ့ မီးတောက်မီးခိုးတွေကို နေ့လယ်ပိုင်းအထိ မြင်ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဥယျာဉ်သာကျေးရွာရဲ့ ချောင်းငယ်တစ်ဘက်ကမ်းမှာ မွတ်ဆလင်တွေနေထိုင်တဲ့ ဆင်သေပြင်ကျေးရွာရှိပြီး မီးရှို့ခံရတဲ့အထဲမှာ အဲဒီရွာ ပါ၊ မပါဆိုတာကို တိတိကျကျ မသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောကြပါတယ်။

လက်ရှိမှာ ဥယျာဉ်သာနဲ့ ဆင်သေပြင်ကျေးရွာတွေအပြင် အနီးအနားကျေးရွာတွေက ဒေသခံတွေ အားလုံး ထွက်ပြေး တိမ်းရှောင်နေကြရသလို အခင်းဖြစ်နေရာကို ဘယ်သူမှ သွားကြည့်ဖို့ မဖြစ်နိုင်တာကြောင့် အိမ်ဘယ်နှစ်လုံး မီးရှို့ခံရတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်ကို မသိရသေးပါဘူး။

ဥယျာဉ်သာကျေးရွာက နေအိမ်တွေ မနေ့ကစပြီး မီးလောင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြောခွင့်ရသူ ခိုင်သုခက အခုလို ပြောပါတယ်။

“အဲဒီဥယျာဉ်သာရွာထဲကို သေနတ်တွေနဲ့ပစ်ပြီးတော့ဝင်လာတယ်။ ပြီးတော့ သူတို့အဲဒီမှာ အိမ်တွေကို မီးရှို့တယ်လို့သိရတယ်ဗျ၊ ဆိုတော့ အဲဒီမှာ တိုက်ပွဲဖြစ်တာတွေဘာတွေ ဘာမှမရှိဘူး”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး ကတော့ အခုလိုတုံ့ပြန်ပါတယ်။

“ဥယျာဉ်သာရွာဆိုတာ ပျက်သွားတာကြာပြီ။ ရွာသူရွာသားတွေက ဥယျာဉ်သာရွာထဲမှာ မနေတော့ဘဲနဲ့ စေတီတောင် တိုက်ပွဲရှောင်နေရာတွေမှာ အကြောင်းအမျိုးမျိုးပြ့ပီးတော့ သွားနေနေတာ။ အဲဒါကြောင့် အဲဒီရွာထဲမှာ ရွာသားတွေမနေတော့ဘဲနဲ့ အေအေသောင်းကျန်းသူတွေနေပြီးတော့မှ ကျွန်တော်တို့ တပ်တွေကို ချောင်းမြောင်းပြီးပစ်ခတ်နေတာ။ တိုက်ပွဲနှစ်ရက်လောက်ရှိနေပြီဖြစ်နေတာ။ အဲဒီမှာ သူပစ်ကိုယ်ပစ် ပစ်တဲ့အခါမှာ အဲဒီရွာ မီးလောင်တာပဲ။ အဲဒီရွာထဲကနေပြီးတော့မှ ကျွန်တော်တို့ တပ်တွေကိုပစ်တာကိုး”

ဒေသခံတွေပြောဆိုတဲ့ နေအိမ်တွေ မီးရှို့ခံရတယ်ဆိုတဲ့ကိစ္စဟာ ဘယ်သူ့လက်ချက်လဲလို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို RFA က မေးမြန်းရာမှာ တိုက်ပွဲနယ်မြေဧရိယာဖြစ်တဲ့အတွက် ဒီကိစ္စကို တိတိကျကျ မျက်မြင်မသိဘူးရလို့ ပြောပါတယ်။

ဥယျာဉ်သာကျေးရွာနဲ့ အနီးဝန်းကျင်ဒေသမှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့တိုက်ပွဲတွေ ကြောင့် ကျေးရွာသားတွေ အားလုံးဟာ ပြီးခဲ့တဲ့ဇွန်လကပင် ဘူးသီးတောင်မြို့ပေါ်နဲ့ စေတီတောင်၊ ကြာညိုပြင် ကျေးရွာတွေကို ထွက်ပြေး တိမ်းရှောင်နေကြရတာပါ။

သူတို့ရွာ ၂ ရက်တိုင်တိုင် မီးရှို့ခံရတဲ့အတွက် အလွန် စိတ်မကောင်းဖြစ်မိကြောင်း ရွာသားတွေက ပြောကြပါတယ်။

ဘူးသီးတောင်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက အရပ်သားတွေရဲ့ နေအိမ်တွေကို အခုလို မီးရှို့တာ မကောင်းဘူးလို့ ပြောပါတယ်။

“ဒီရခိုင်ပြည်မှာ မီးရှို့ခံရတဲ့ကိစ္စက အများကြီးဖြစ်နေပြီ။ ဘူးသီးတောင်မြို့နယ်မှာဆိုလို့ရှိရင် ဒါဟာဒုတိယ အကြိမ်ပေါ့လေ။ ပထမအကြိမ်မှာ သရက်ပြင်အုပ်စု အလယ်ချောင်းဆိုတဲ့ ခမီရွာ အဲဒီရွာတစ်ရွာလုံး မီးရှို့ခံ ရတယ်။ အခုလည်း ဒီဥယျာဉ်သာ မီးရှို့ခံရတယ်။ အမျက်တောင်မှာလည်း ဒီအတိုင်းပဲ။ စံဂိုးထောင်အုပ်စုမှာရှိတဲ့ နွားရုံတောင်တို့ ချိချားတောင်တို့ ဆင်သေပြင်တို့မှာလည်း ဒီလိုရှို့တာရှိတယ်ပေါ့နော် အကုန်လုံးမဟုတ်သည့် တိုင်အောင်မှ အဲလိုမျိုးတွေရှိခဲ့တယ်ဆိုတော့ ဒါ လူ့အခွင့်အရေးနဲ့အညီ မှန်မှန်ကန်ကန်ဖြစ်စေချင်တယ်ပေါ့နော်။ ဒီလို မလိုလားအပ်ပဲနဲ့ မီးရှို့လိုက်တယ်ဆိုတာက မကောင်းဘူးပေါ့”

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့က ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာမှာလည်း နေအိမ် ၁၂ လုံး မီးရှို့ခံခဲ့ရပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ်ဖို့နဲ့ ထိခိုက်နစ်နာသူတွေအတွက် လျော်ကြေးပေးဖို့ ရှိ မရှိကို လွှတ်တော်မှာ မေးမြန်းဖို့ကြိုးစားရာမှာ ကြယ်ပွင့်မပြ မေးခွန်းအဖြစ်နဲ့သာ မေးခွန်းပြုခဲ့တယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ် က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေအတွင်းက နေအိမ် ၂ လုံးကနေ ၁၀ ကျော်အထိ မီးရှို့ခံခဲ့ရတဲ့ကျေးရွာဟာ အရင်က လေးရွာခန့် ရှိခဲ့ပြီး အခု နောက်ထပ်တစ်ရွာ တိုးလာတာလည်းဖြစ်ပါ တယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒီနေ့အချိန်အထိ စစ်ဘေးသင့် ဒုက္ခသည် ဦးရေဟာ ခုနစ်သောင်းနီးပါးအထိ ရှိနေတယ်လို့ အရပ်ဘက်လူမှုအဖွဲ့တွေက ပြောပါတယ်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့