နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်က သဘင်ပညာသည် ၄၀၀ ခန့်ဟာ၊ ကပ်ရောဂါကာလမှာ နေ့စဉ်စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
တပ်ကုန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ ကတော့ သဘင်အစည်းအရုံး ဗဟိုကတဆင့် အကူအညီလိုအပ်သူစာရင်း အတိအကျကောက်ယူပြီး အစိုးရကို တင်ပြမယ်လို့ ဆိုပါတယ်။
ကပ်ရောဂါကာလ ပွဲလမ်းသဘင်အခမ်းအနားတွေ၊ လူစုလူဝေးနဲ့လုပ်တဲ့ ပွဲတော်တွေကို တားမြစ်ထားတဲ့ အချိန်အတွင်း စားဝတ်နေရေး အခက်အခဲတွေ့လာရတဲ့ လူတန်းစားတွေထဲမှာ ပွဲလမ်းသဘင်ရှိမှ ချောင်လည်တဲ့ သဘင်အနုပညာသမားတွေလည်း ပါဝင်ပါတယ်။
သဘင်သမားတွေအတွက် ပွဲလိုက်၊ ပွဲက ရတာ အများဆုံးအချိန်က မြန်မာဆယ့်နှစ်လရာသီတွေထဲမှာ တန်ခူးနဲ့ ကဆုန်လပွဲတော်တွေဖြစ်ပြီး ကပ်ဘေးကြောင့် ပွဲလမ်းတွေ ပိတ်ထားရတဲ့အချိန်က တစ်နှစ်နီးပါးရှိလာပြီဖြစ်တဲ့ အတွက် စားဝတ်နေရေး အခက်အခဲ တွေ့လာရပါတယ်။
နေပြည်တော်နယ်မြေ၊ တပ်ကုန်းမြို့နယ် သဘင်အစည်းအရုံး အတွင်းရေးမှူး ဦးစိန်သောင်းဟန်က သဘင်သည် မိသားစု ၄၀၀ ခန့် စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။
"Covid 19 ကာလနဲ့ ပိတ်လိုက်တဲ့အခါကျတော့ လက်ကျန်ပွဲတွေလည်း မတီးရ မပြုရနဲ့ ဆိုတဲ့အခါကျတော့ အနုပညာသမားတွေရဲ့ စားဝတ်နေရေးဟာ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အင်မတန်ကို ခက်ခဲပါတယ် ခင်ဗျာ။ ဘယ်လောက်ထိခက်ခဲတုန်းဆိုလို့ရှိရင် ကျတော်တို့ တပ်ကုန်းမြို့နယ်က တချို့ အနုပညာသမားများ ဆိုလို့ရှိရင် အိမ်လေးတွေ ဝိုင်းလေးတွေ ပေါင်ထားကြရပါတယ် ခင်ဗျ။ တချို့ကျတော့ တီးခတ်တဲ့သူတွေ တူရီယာ ကီးဘုတ်တို့ အသံချဲ့စက်က ဆောင်းဘောက်တို့ ဒီလိုမျိုးတွေ ပေါင်ကြ နှံကြပေါ့၊ ပေါင်နှံနိုင်စရာ မရှိတဲ့အခါကျတော့လည်း စီးပွားရေးလုပ်စားမယ်ဆိုတော့ အနုပညာသမားတွေက ဘာမှမလုပ်စားတတ်တော့ လုပ်စားတတ်တဲ့ အတိုင်းအတာလေးနဲ့ ဈေးရောင်းစားတော့လည်း တစ်ရက် နှစ်ရက်ပဲ အဆင်ပြေတယ်၊ ဘာလို့ အဆင်ပြေတုန်းဆိုတော့ ရွာတွေက Lock down ချ မဝင်ရ မပြုရဘူးပေါ့ ခင်ဗျာ။ အဲလို မဝင်ရ မပြုရဘူးဆိုတော့ ရှိတာလေးတွေထိုင်စား ရှိတာလေးတွေ ရောင်းစားနဲ့ဆိုတော့ တပ်ကုန်းမြို့နယ် သဘင် သမားတွေအားလုံးက ဘယ်လိုဝေဖန်ရမှန်း မသိတော့ဘူး တအားကို အကျပ်အတည်းကျပြီးတော့ အထက်ကို မျှော်လင့်တကြီးဖြစ်နေတယ်ပေါ့ ခင်ဗျာ။"
သဘင်အစည်းရုံးနဲ့ ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် အစိုးရက ကပ်ရောဂါကာလအတွင်း သဘင်ဂီတ အနုပညာသမားတွေရဲ့ စားဝတ်နေရေးအတွက် ဆန်နဲ့ ငွေကြေး ထောက်ပံ့တာတွေရှိပေမယ့် ရေရှည်အတွက် လုံလောက်မှုမရှိပါဘူး။
ကပ်ရောဂါကာလမှာ အခြေခံလူတန်းစားတွေအတွက် အစိုးရကနေ ထောက်ပံ့ပေးနေတဲ့ ကျပ်နှစ်သောင်း၊ လေးသောင်း စတဲ့ ထောက်ပံကြေးအနည်းငယ်ရသူတွေရှိပေမဲ့ ရေရှည်စားဝတ်နေရေးအတွက် အဆင်ပြေနိုင်မယ့် အတိုးနည်းချေးငွေ လိုချင်တယ်လို့ ဦးစိန်သောင်းဟန် က ပြောပါတယ်။
ဆိုင်းဆရာမ ဒေါ်နုနုလွင်ကလည်း သဘင်အနုပညာ အလုပ်ကလွဲလို့ တခြားအသက်မွေးဝမ်းကြောင်း မလုပ် တတ်တဲ့ သူတို့အတွက် အချိန်ကြာလာတဲ့နဲ့အမျှ အခက်အခဲ တွေ့လာရတယ်လို့ ပြောပါတယ်။
"ကိုယ့်ဆိုင်းဆရာ ဂုဏ်သိက္ခာနဲ့ ဈေးရောင်းမယ် ပျံကျလေးတွေလုပ်မယ် ပွဲရုံလုပ်ငန်းတွေ လုပ်မယ်ဆိုတော့ လည်း ကိုယ့်ဆိုင်းဆရာဂုဏ်သိက္ခာနဲ့ လုပ်ဖို့ရာ မကိုက်ဘူးပေါ့ရှင် ကိုယ့်သိက္ခာကိုလည်း ပြန်ထိမ်းတယ်၊ အခုချိန်ခါမှာ အဖွဲ့သားတွေအားလုံးက ဆိုင်းဆရာမလေး အခြေအနေဘယ်လိုတုန်း သူတို့ကလည်း ကူညီ ထောက်ပံ့ကြေးလေးတွေလည်း မျှော်လင့်တာပေါ့၊ ဒါပေမဲ့ ကိုယ့်ဆီ အကူအညီလုပ်တော့လည်း ကိုယ်က သူတို့ကို မကူပေးနိုင်ဘူးပေါ့၊ အဲတော့ ဒီတပေါင်းလပြည့်ကျော်ကနေပြီးတော့ ဒီရောဂါကြောင့် ဆိုင်းရာသီ ခွင်တွေ အကုန်လုံးပိတ်ခံရတယ်၊ ပွဲတွေလည်း ပိတ်ခံရတယ်၊ ကိုယ့်မှာ ဒီလုပ်ငန်းတစ်ခုပဲ ကိုယ့်မှာ လုပ်စား ရတာလေ၊ ကျန်တဲ့လုပ်ငန်းဆိုတာကလည်း လုပ်စားစရာမရှိဘူး"
သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဖိုးချစ် တို့ဘက်ကလည်း သဘင်သမားတွေအတွက် ဆန်ထောက်ပံ့မူတွေရှိပါတယ်။
အစိုးရထံက အတိုးနည်းချေးငွေရရှိဖို့ တပ်ကုန်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေကတဆင့် အကူအညီတောင်းထားတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်ကုန်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေကို ဆက်သွယ် မေးမြန်းတဲ့အခါ “သဘင်အစည်းအရုံး ဗဟိုကနေ အကူအညီလိုအပ်တဲ့သူတွေ စာရင်းအတိအကျကောက်ယူပြီး အစိုးရကို တင်ပြဖို့ အကြံပြုထားတယ်”လို့ RFA ကို ပြောပါတယ်။
"အဓိကသက်ဆိုင်တာကတော့ သူတို့ အစည်းအရုံးတွေနဲ့ သက်ဆိုင်တယ်၊ အစည်းအရုံးတွေကနေပြီးတော့ သူတို့တွေ ထုတ်ပေးနေတာတွေလည်းကြားတယ် ကိုဖိုးချစ်တို့ ဘာတို့ဆိုလည်း လုပ်နေတာတွေ ကြားတယ်၊ ဒါပေမဲ့ အားလုံးလွှမ်းခြုံနိုင်ဖို့ကျတော့ အခက်အခဲရှိတယ်ထင်တယ်၊ ဆိုတော့ သူတို့ အစည်းအရုံးတွေအနေနဲ့ လည်း ဘယ်မြို့နယ်မှာ ဘယ်လို သဘင်အစည်းအရုံးမှာ အဖွဲ့ဝင်တွေရှိတယ်၊ ဘယ်လို အဆင်မပြေဘူးဆိုတဲ့ သက်ဆိုင်တဲ့ စာရင်းလေးတွေကို တိတိကျကျ ပြုစုပြီးတော့ နိုင်ငံတော်ကို တင်ပြဖို့ လိုတယ်၊ အဲခါကျမှ နိုင်ငံတော်ကလည်း မူရင်းပေးနေတဲ့ ထောက်ပံ့ကြေးဆိုတာထက်ကို ချေးငွေတို့ ထောက်ပံ့ကြေးတို့ထက် ပိုပြီး တော့ပေးနိုင်မှာပေါ့ အဓိကလုပ်ဆောင်ရမှာတော့ သူတို့ သဘင်အစည်းအရုံး ဗဟိုကနေပြီးတော့ အားလုံးကို လွှမ်းခြုံနိုင်တဲ့ စာရင်းလေးကောက်ပြီးတော့ နိုင်ငံတော်ကို တင်ပြဖို့လိုတယ်။"
တပ်ကုန်းမြို့နယ်မှာ မြန်မာ့ရိုးရာ ဆိုင်းအဖွဲ့အစည်းကြီး ၁၂ ခုရှိပြီး၊ ကဗျက်လို့ခေါ်တဲ့ အဖွဲ့လေးတွေက ၁၅ ဖွဲ့ လောက်ရှိတယ်လို့ တပ်ကုန်းမြို့နယ် သဘင်အစည်းအရုံး တာဝန်ရှိသူတွေက ပြောပါတယ်။