ရခိုင်မှာ သံသယနဲ့ ဖမ်းဆီးခံရပြီး သေဆုံးမှုတွေများလာ

2020-07-23
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရခိုင်ပြည်နယ်မှာ တပ်မတော်က ဖမ်းဆီးမှုကိုခံရပြီးနောက် သေဆုံးခဲ့ရသူ ဦးရေတိုးလာဆဲဖြစ်သလို ဖမ်းဆီး နှိပ်စက်ခံရတာတွေနဲ့  ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးသွားတာတွေအတွက် တရားမျှတမှုမရကြဘူးလို့ ကာယကံရှင်တွေရဲ့ မိသားစုတွေက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲအတွင်း သံသယနဲ့ တပ်မတော်ရဲ့ ဖမ်းဆီး မှုကိုခံရပြီးနောက် သေဆုံးခဲ့ရသူ ၂၉ ဦးထက်မနည်းရှိနေသလို စစ်ကြောရေးစခန်းတွေမှာ ညှဉ်းပန်းနှိပ်စက် ခံရတာနဲ့၊ ဖမ်းဆီးခံရပြီး ပျောက်ဆုံးသွားတဲ့ အရည်အတွက်တွေလည်း တိုးလာပါတယ်။

သံသယနဲ့ဖမ်းဆီးပြီး သတ်ဖြတ်ခံရသူတွေထဲမှာ မြောက်ဦးမြို့နယ် ရွှေလံကျေးရွာက အသက် ၄၇ နှစ်အရွယ် ဦးမောင်စိုးလွင်လည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ မနက်ပိုင်းက မြောင်းဘွေချေနားမှာ တပ်မတော်စစ်ကြောင်းတစ်ခုကို AA  အဖွဲ့က မိုင်းခွဲတိုက်ခိုက်ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ အရပ်သား ၁၁ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ ပါတယ်။ သေဆုံးသူတွေထဲမှာ ရွှေလံကျေးရွာက ဦးမောင်စိုးလွင်လည်း ပါဝင်ပါတယ်။

ဇနီးဖြစ်သူ ဒေါ်မေချေက သူ့ရဲ့ရုပ်အလောင်းကို နေအိမ်နဲ့မလှမ်းမကမ်းက ဥယျာဉ်ခြံအနီးမှာ မြေမြှုပ်လျက်သား တွေ့ရှိခဲ့တာလို့ပြောပါတယ်။

“ကျွန်မတို့ သူ့အလောင်းကိုဖော်တယ်။ ဖော်တဲ့အချိန်မှာ ဘယ်ဘက်လက်မောင်းမှာ ကျည်ဒဏ်ရာတစ်ချက် တွေ့တယ်။ သူ့ရဲ့မေးအောက်နေရာကိုလည်း ဓားနဲ့ထိုးမွှေပြီး အံကိုဖြုတ်ပစ်တာကိုတွေ့တယ်။ အဲဒါတောင် သူမသေသေးလို့ လက်က အပေါ်ကိုကန်ထွက်တဲ့ပုံပေါ်တယ်။ တွင်းကကျဉ်းပြီး သူကအရပ်ရှည်တော့ သူတို့ ခြေဖနောင့်နဲ့ ဆောင့်ကန်ပြီးတော့ မြှုပ်ထားခဲ့တာ။ အဲဒီအချိန်မှာ ရဲတွေကိုလည်း ဖုန်းဆက်လို့မရဘူး”


တပ်မတော်စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် တပ်မတော်စစ်ကြောင်းက ဦးမောင်စိုးလွင်တို့အိမ်ကို ရောက်ရှိလာပြီးနောက် AA  နဲ့ ပတ်သက်ပြီး မေးမြန်းတာကိုမရလို့ သတ်ဖြတ်ခဲ့တာလို့ဆိုပါတယ်။

ဒီအဖြစ်အပျက်ကို သားမက်ဖြစ်သူ ကိုအောင်နိုင်ဌေးက အိမ်သာထဲဝင်ပုန်းနေရာကနေ မြင်တွေ့ခဲ့ရတာကြောင့် တပ်မတော်က သတ်ဖြတ်တာကို  အတည်ပြုနိုင်ခဲ့တာဖြစ်တယ်လို့ မိသားစုကပြောပါတယ်။

ဦးမောင်စိုးလွင် သတ်ဖြတ်ခံရတဲ့ကိစ္စကို အလောင်းတွေ့တဲ့နေ့မှာပဲ မြောင်းဘွေနယ်မြေခံရဲစခန်းကို တိုင်တန်းဖို့ သွားရောက်ခဲ့ပေမယ့် ရဲကအကြောင်းပြချက်မပေးဘဲ ငြင်းဆိုခဲ့တယ်လို့ မိသားစုကပြောပါတယ်။

မျက်မြင်သက်သေဖြစ်တဲ့ ကိုအောင်နိုင်ဌေးကိုတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အာဏာပိုင်တွေက ဖမ်းဆီးပြီး မြောက်ဦးရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

သူ့ကို တပ်မတော်က လေးရက်လောက် ညှဉ်းပန်းနှိပ်စက်စစ်ဆေးခဲ့တယ်လို့ ဇနီးဖြစ်သူ မငယ်မချေက ပြောပါတယ်။

“အမျိုးသားကို သွားတွေ့တဲ့အခါမှာ အရင်တုန်းကဆိုရင် ကျွန်မအမျိုးသားက ထောင်ထောင်မောင်းမောင်း၊ အရပ်လည်းရှည်တယ်၊ ခန္ဓာလည်း၀၀နဲ့ အခုက အရိုက်ခံရတဲ့ဒဏ်ကြောင့် တော်တော်ပိန်သွားတယ်။ အရုပ်မရ အရည်မရဖြစ်သွားတယ်။ ကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေလည်း အများကြီးပဲ။ မျက်နှာတွေမှာဆိုရင်လည်း သေနတ်ဒင်နဲ့ ထောင်းထားတာအများကြီးပဲ။ မျက်လုံးနားကဒဏ်ရာကပေါက်ပြဲနေတယ်။ လက်တွေမှာရော ခန္ဓာကိုယ်မှာရော ဒဏ်ရာတွေ ရထားတယ် အဲဒါကို သူကျွန်မကိုပြတယ်။ ပြီးရင်သူက အသက်ရှူမဝတော့ဘူး”

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ကျောက်တော်မြို့နယ် တင်းမကျေးရွာက လူ ၁၀ ဦးကို တပ်မတော်စစ်ကြောင်း တစ်ခုက ဖမ်းဆီးခဲ့ပြီးနောက် အဲဒီအထဲက ဦးမောင်ဝင်းရဲ့ ရုပ်အလောင်းကို သေနတ်ဒဏ်ရာတွေနဲ့ ကုလားတန် မြစ်ထဲမှာ မေလ ၁၇ ရက်နေ့က ကျေးရွာသားတွေနဲ့ မိသားစုဝင်တွေက တွေ့ရှိခဲ့ကြပါတယ်။ ကျန်တဲ့လူ ကိုးဦး ကတော့ ဒီနေ့အထိ ဘာသတင်းအစအနမှမရတော့ဘဲ ပျောက်ဆုံးနေပါတယ်။

ဖမ်းဆီးခံရသူတစ်ဦးရဲ့ ဇနီး ဒေါ်မသန်းတင် ကတော့ သူ့အမျိုးသားအပါအဝင် ၁၀ ဦးကို တပ်မတော်က ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။

“သူတို့အမျိုးသားရော၊ ကျွန်မအမျိုးသားရော လူငါးယောက်ခြောက်ယောက်ကို ရွာကိုပတ်ပြီးတော့ ဖမ်းကြ တယ်။ ဖမ်းပြီးတော့ရွာထဲမှာစုတယ်။ ပြီးရင် သူတို့ကိုတောင်ပေါ်ကိုတင်တယ်။ လမ်းတစ်ဝက်မှာ ကျွန်မ အမျိုးသား အပါအဝင်ရွာသား ၁၀ ယောက်ကို သူတို့ခေါ်ထားလိုက်တယ်။ ကျန်တဲ့သူတွေပြန်တော့လို့ ပြောတယ်။ ပြောပြီးတာနဲ့ပဲ သူတို့ကပစ်တယ်။ ကျွန်မသူငယ်ချင်းမှာ သေနတ်ပစ်ခံရလို့ လည်ပင်းမှာ ဒဏ်ရာရသွားတယ်။ သူကသေနတ်တွေ ဆက်တိုက်ပစ်တဲ့ကြားကနေ အသက်လုပြီးပြေးလာခဲ့ရတာ”

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တင်းမကျေးရွာ ဖြစ်စဉ်ကို တပ်မတော်က အတည်မပြုနိုင်ကြောင်းနဲ့ တပ်မတော်အနေနဲ့ ဖမ်းဆီးတာမှန်သမျှကို တရားလက်လွတ် လုပ်ဆောင်တာမရှိကြောင်း ပြီးခဲ့တဲ့မေလ ၈ ရက်နေ့က RFA ကို ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ကတော့ မြောက်ဦးမြို့နယ် လိပ်ဆင်းပြင်ကျေးရွာသား ကိုဇော်ကြီးကို မြို့အဝင် ငွေတောင်ပေါက်တံတားနားမှာ တပ်မတော်ကဖမ်းဆီးခဲ့ပြီး နောက်နေ့ ဧပြီလ ၃၀ ရက်နေ့မှာတော့ ရိုက်နှက် ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ သူ့ရဲ့ရုပ်အလောင်းကို အမှတ် ၃၇၇ တပ်ရင်းထဲကနေ မြောက်ဦးဆေးရုံကိုပို့ဆောင် ပေးခဲ့ပါတယ်။


ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်  အကူအညီတွေပေးနေတဲ့ စစ်တွေမြို့အခြေစိုက် ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ရှေ့နေ ဦးဇော်ဇော်မင်းက တပ်မတော်ရဲ့ လက်ချက်ကြောင့် သေဆုံးမှုတွေနဲ့ပတ်သက်လို့ တရားမျှတမှုရရှိရေး ကုစားမှုတွေကို မတွေ့ရသေးဘူးလို့ပြောပါတယ်။

“အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ သေဆုံးသွားတဲ့သူ ၂၀ ကျော်လောက်ရှိတယ်။ နောက်ပြီး ဖမ်းဆီးခံရလို့ စစ်ကြောရေးမှာ ပုံစံအမျိုးမျိုးနဲ့ ညှဉ်းပန်းနှိပ်စက်ပြီးမှ တရားစွဲခံရတာရှိတယ်။ တရားစွဲဖို့အတွက် အမှုဖွင့်လာတဲ့အချိန်မှာ လူသေအလောင်းတွေကို စစ်တပ်က ရဲစခန်းတွေကို လာပို့တာ တွေရှိတယ်။ ဥပမာ ကျောက်တော်မြို့မှာ မာလာကျေးရွာကတစ်ဦးကို အဲဒီလိုပို့ပေးခဲ့တာတွေ့ရတယ်။ အဲဒါကိုတရားမျှတမှု ကုစားရေးအတွက်ကတော့ ဘာမှထိထိရောက်ရောက် မြင်တွေ့ရတာ မရှိသေးပါဘူး”

တပ်မတော်က ထိန်းသိမ်းစစ်ဆေးစဉ် သေဆုံးခဲ့ရတဲ့ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦးမြို့နယ် တွေက ဖြစ်စဉ်တချို့နဲ့ပတ်သက်လို့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၂ ရက်နေ့မှာ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စုံစမ်းစစ်ဆေး သွားမယ့်အကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ပေမယ့် နောက်ဆက်တွဲအခြေအနေ ကို တပ်မတော်က ဒီနေ့အထိ တရားဝင်ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

ဒီထုတ်ပြန်ချက် နောက်ဆက်တွဲကိစ္စအပါအဝင် တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ဘယ်လိုကိုင်တွယ်ဆောင်ရွက်နေသလဲဆိုတာကိုသိနိုင်ဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းရာမှာ အဲဒီကိစ္စတွေကို လတ်တလောစစ်ဆေးနေဆဲဖြစ်လို့ ချက်ချင်းပြောနိုင်တဲ့ အနေအထားမရှိဘူးလို့ အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။

"လိုအပ်တဲ့ ဆောင်ရွက်မှုတွေ လုပ်နေပါတယ်၊ လတ်တလော စစ်ဆေးနေဆဲဖြစ်တယ် ချက်ချင်းပြောနိုင်တဲ့ အနေအထားမရှိပါဘူး"

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ ရခိုင်မှာ အရပ်သားတွေ သေဆုံးမှုနဲ့ ပတ်သက်လို့ တပ်မတော်နဲ့ အစိုးရတာဝန်ရှိသူတွေ မကြာခဏ တွေ့ဆုံဆွေးတာတွေရှိတယ်လို့ ဇူလိုင်လ ၁၇ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“အကယ်၍ အမှန်တကယ်နစ်နာတယ်ဆိုလို့ရှိရင် အဲဒီနစ်နာတဲ့လူက ဥပဒေနဲ့အညီ တရားရုံးမှာအမှုဖွင့်ပါ။ သူမှတ်မိသမျှပုံစံတွေကိုဖော်ပြပါ။ ဒါမျိုးဆိုရင် ကျွန်တော်တို့က လုံးဝအကာအကွယ်ပေးတယ်။ ဒါမျိုးလည်း ဖြစ်ရမယ်ပေါ့နော်။ ဖြစ်အောင်လည်း ကျွန်တော်တို့လုပ်နေတယ်”

သေဆုံးခဲ့ရသူတွေရဲ့ ကာယကံရှင်မိသားစုတွေအနေနဲ့ သူတို့ရဲ့နစ်နာမှုတွေကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်ထံ တိုင်ကြားတာတွေရှိပေမယ့် တရားရုံးနဲ့ရဲစခန်းမှာ တိုင်းတန်းထားတာတွေကိုတော့ မတွေ့ရပါဘူး။

ဒေသခံလွှတ်တော်ကိုယ်စားလှယ်တချို့ကတော့ နစ်နာတဲ့ကာယကံရှင်တွေအနေနဲ့ နီးစပ်ရာနယ်မြေရဲစခန်းမှာ အရေးယူဖို့ တိုင်တန်းတာတွေရှိပေမယ့် တပ်မတော်နဲ့ပတ်သက်တဲ့ကိစ္စဖြစ်လို့ အမှုကိုလက်မခံတာတွေရှိပြီး အများဆုံးကတော့ အသက်လုပြီး ထွက်ပြေးနေကြရတာအပြင် ဒေသခံတွေဟာ အကြောက်တရားတွေ လွှမ်းမိုးနေတာတွေကြောင့် အမှုမဖွင့်နိုင်ကြတာလို့ ပြောကြပါတယ်။

အောက်ခြေလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ကျူးလွန်မှုတွေကို တရားဥပဒေအရ အရေးယူတိုင်ကြားနိုင်ဖို့ လွတ်လပ်တဲ့ကြားခံအဖွဲ့တစ်ခုခုနဲ့ ဆောင်ရွက်ဖို့လိုတယ်လို့လည်း ထောက်ပြကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့