မိုင်းဖြတ်နဲ့ တာချီလိတ်မှာ ဝက်ရောဂါနဲ့ သေဆုံးမှုများ

2019-08-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၀က်မွေးမြူရေး ခြံတစ်ခြံကို တွေ့ရစဉ်
၀က်မွေးမြူရေး ခြံတစ်ခြံကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/ RFA

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်- ဘိုရှီးနဲ့ တာချီလိတ်လမ်းကြောင်းမှာရှိတဲ့ ကျေးရွာတွေမှာ ဝက်အားနည်းရော ဂါဖြစ်ပြီး ဝက်တွေ သေဆုံးနေတာလို့ သိရပါတယ်။

တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်က ကျေးရွာပေါင်း ၁၂ ရွာခန့် သွားရောက်ကွင်းဆင်းခဲ့ပြီးဖြစ်ကြောင်းနဲ့ သေဆုံးသွားတဲ့ဝက်တွေဟာ တစ်ထောင်ကျော်ရှိနေပြီဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

“ဝက်ကသေတာကတော့ တချို့ရွာတွေဆို တစ်ကောင်မှ မကျန်အောင်ကို ဖြစ်သွားတာပေါ့။ တချို့ရွာတွေဆို တစ်ကောင်စ နှစ်ကောင်စကျန်တယ်။ ကျနော်ကွင်းဆင်းနိုင်တာ ၁၂ ရွာပဲရှိတော့ ၁၂ ရွာအကြောင်းပဲ ကောင်းကောင်းသိတယ်။ အားလုံးက သတင်းအမှန် မပြောကြဘူးဖြစ်နေတာ ထောင်ကျော်အထက်မှာပဲ ရှိတယ်။ တချို့ရွာတွေဆို ၄၀၀ ကျော်တယ်။ ကျနော်ထင်တာ ၁၀၀ ကျော်လောက်ရှိနေပြီဗျ။”

မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ဝက်တွေ သေဆုံးတဲ့ရွာတွေကို လိုက်လံကြည့်ရှုနေပြီး သေဆုံးဝက်တွေကို ချောင်းမြောင်းတွေထဲ ပစ်လိုက်တာမျိုးမလုပ်ဘဲ စနစ်တကျ မြေမြုပ်စွန့်ပစ်ဖို့၊ ကာကွယ်ဆေးထိုးဖို့အတွက်  ပညာပေးအစီအစဉ်တွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ရောဂါခံစားနေရတဲ့ ဝက်တွေရဲ့ သွေးရည်ကြည်ကိုယူပြီး ဓါတ်ခွဲခန်းပို့ထားကြောင်းနဲ့ ဓါတ်ခွဲခန်းအဖြေရမှသာ ဘာရောဂါဆိုတာ အမည်ဖော်နိုင်မှာဖြစ်တယ်လို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန၊ တာချီလိတ်ခရိုင်မှူး ဒေါက်တာတင်ကိုကို က ပြောပါတယ်။

“ဝက်အားနည်းရောဂါပေါ့။ ရောဂါဖြစ်နေတဲ့ကောင်တွေလည်း သွေးဖောက်ပြီး နေပြည်တော်က ဓါတ်ခွဲခန်းကို ပို့ထားတယ်။ အဲဒီကနေ အဖြေရရင် ဘာရောဂါလည်းဆိုတာ သတ်မှတ်နိုင်မယ်။ သေဆုံးတာတော့ရှိပါတယ်။ ရောဂါအမည်ကတော့ ကျနော်တို့က အခုမှ ဓါတ်ခွဲခန်းပို့ထားဆဲ ဖြစ်ပါတယ်။”

တာချီလိတ်ခရိုင်ရုံးက လတ်တလောရရှိထားတဲ့စာရင်းတွေမှာတော့ သေဆုံးဝက်အရေအတွက်ဟာ ဆယ်ဂဏန်း ခန့်သာရှိတယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဒေသ၊ တာချီလိတ်မြို့နဲ့ မိုင်းဖြတ်မြို့နယ်အတွင်း လားဟူနဲ့ အခါတိုင်းရင်းသားတွေ မွေးမြူထားကြတဲ့ ဝက်တွေ သေဆုံးတာများတယ်လို့ ပြောပါတယ်။

ရောဂါကူးစက်ခံရတဲ့ ဝက်တွေဟာ အစာမစားတော့ဘဲ ၃ ရက်နေရင် သေတာ၊ သေခါနီးခေါင်းကြီးလာပြီး ပါးစပ်ထဲက သွေးထွက်ပြီး သေတာတွေဖြစ်နေတာလို့ သိရပါတယ်။

တာချီလိတ်မြို့နယ်အတွင်းက မဇ္ဇိုမလူမှုကူညီရေးအသင်းက ဦးတင့်ဆွေက ရောဂါပြန့်ပွားမှုတွေမဖြစ်အောင် ဝက်မွေးမြူတဲ့ ဒေသခံတွေအနေနဲ့ ကိုယ့်ခြံက ဝက်တွေရောဂါခံစားနေရရင် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနကို အကြောင်းကြားဖို့ လိုတယ်လို့ ပြောပါတယ်။

“ဝက်တွေဖျားနာတယ်။ တစ်ကောင်နှစ်ကောင်သေပြီဆို ရွာသူကြီးကို ပြောရွာသူကြီးကနေ ဆက်သွယ်ရမှာပေါ့။ အဲလိုမဆက်သွယ်ဘဲ ရေထဲမျောမျောပစ်လိုက်တဲ့အခါကျတော့ ဆယ်နဲ့ချီဖြစ်သွားတာပေါ့။ ၃၀၊ ၄၀၊ ဝက်အဖြူကော၊ အမဲကောပါတယ်။ ဒေသဝက်ပဲ ဖြစ်ဖို့များပါတယ်။ ဒါပေမဲ့ ရွာသားတွေ မေးတော့အခါကျတော့ လည်း ဟိုရွာကလည်း မဟုတ်ဘူး။ ဒီရွာကလည်း မဟုတ်ဘူးနဲ့ တိတိကျကျတော့ အဖြေမပေးဘူးပေါ့။ သူတို့ ဝက်ဆိုတာကို”

မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက တာချီလိတ်ခရိုင်မှူး ဒေါက်တာတင်ကိုကိုက လက်ရှိဝက်တွေ သေဆုံးနေ တဲ့ရောဂါဟာ လူတွေကို မကူးစက်နိုင်ဘဲ ဝက်အချင်းချင်းသာ ကူးစက်မှုမြန်တာဖြစ်တယ်လို့ ပြောပါတယ်။

အလားတူ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားအထူးဒေသ ၄ မှာလည်း အာဖရိက ဝက်တုတ်ကွေးရော ဂါဖြစ်ပွားနေကြောင်းနဲ့ ဝက်နဲ့ ပတ်သက်တဲ့ အစားအသောက်တွေကို စားသုံးရောင်းချတာတွေမလုပ်ဖို့ ဒေသန္တရအုပ်ချုပ်ရေးကော်မတီက သြဂုတ်လ ၂ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

(RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြသည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့