အိန္ဒိယဟာ အာရှမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အများဆုံးနိုင်ငံဖြစ်လာ

စမ်းစမ်းတင်
2020-05-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိပါတယ်လို့ တရုတ်နိုင်ငံက ပြောကြားချိန်မှာ အိန္ဒိယဟာ အာရှမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အများဆုံးနိုင်ငံဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေ ကန့်သတ်ချက် လျှော့ပေါ့ပေးချိန်မှာ ရုရှားဟာ အမေရိကန်ကမ္ဘာမှာ ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရဆုံး နိုင်ငံဖြစ်ပါတယ်။ ဒီအကြောင်းတွေနဲ့ မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အခြေအနေတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မနေ့ည ၈ နာရီထိ ကိုရိုနာ င်းရပ်စ် ကူးစက်လူနာသစ် တယောက် ထပ်တွေ့ရပြီး အတည်ပြုလူနာ ၁၈၈ ယောက် ရှိပါတယ်။ မွန်းတည့်ချိန်ထိ စောင့်ကြည့်လူနာအသစ် ၄၈  ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။

ကမ္ဘာတစ်ဝန်းမှာတော့ မြန်မာစံတော်ချိန် ဒီမနက်ကူးလို့ နာရီဝက်ကျော်အကြာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံထားရတဲ့လူ ၄ သန်း ၈ သိန်း ကျော် ရှိပြီး ၃ သိန်း  ၁  သောင်းကျော် သေဆုံးရတယ်လို့ WorldOMeter အင်တာနက်စာမျက်နှာက ဖော်ပြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံဟာ ပွင့်လင်းမြင်သာမှုရှိပါတယ်လို့ မနေ့က ကျင်းပတဲ့ WHO - ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၇၃ ကြိမ်မြောက် ညီလာခံဖွင့်ပွဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဗွီဒီယိုကတဆင့် covid-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး သူ့နိုင်ငံက ကိုင်တွယ်ဆောင်ရွက်ပုံကို ပထမဆုံးအကြိမ် ခုခံကာကွယ် ပြောကြားသွားပါတယ်။ covid-19  ကူးစက်ခံရသူတွေ သေဆုံးရသူတွေအတွက် ဝမ်းနည်းကြောင်းလည်း ပြောပါတယ်။ ဆင်ဟွာ ဗွီဒီယိုကနေ သမ္မတ ရှီကျင့်ဖျင်ရဲ့ မိန့်ခွန်းကို စကားပြန်က အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်ပြီး တရုတ်နိုင်ငံက ဆောင်ရွက်ပုံကိုလည်း ထည့်သွင်းပြောကြားပါတယ်။

ကျွန်တော်တို့ဟာ ပွင့်လင်းပြီးထင်သာမြင်သာရှိပါတယ်။ တာဝန်လည်းယူပါတယ်။ သတင်းအချက်အလက်တွေ လည်း ပေးပါတယ်လို့ ပြောသွားတာပါ။

သမ္မတ ထရမ့်ကတော့ WHO  မှာ အမေရိကန်က ရန်ပုံငွေထည့်ဝင်တာ ရပ်ဆိုင်းထားပါတယ်။ ဗိုင်းရပ်စ် စတင်ကူးစက်တဲ့အစောပိုင်းကာလမှာ တရုတ်နိုင်ငံက ကိုင်တွယ်ပုံကို  WHO က လက်ခံတဲ့အတွက်လို့ အပြစ်တင်ထားပါတယ်။

အာရှတိုက်မှာ  တရုတ်နိုင်ငံနဲ့ အင်အားချိန်ခွင် လျှာညှိနေတဲ့ အိန္ဒိယနိုင်ငံမှာ မနေ့က တစ်နေ့တည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာသစ် ၅၂၀၀ ကျော်နဲ့  စံချိန်တင်သွားပါတယ်။ မေ ၄ ရက်မှာ ကန့်သတ်ချက် တချို့ လျှော့ပေါ့ပေးလို့ တခြားဒေသတွေမှာ ရွှေ့ပြောင်းလုပ်ကိုင်ကြသူတွေ အလုပ်ပြုတ်ကုန်ကြတာမို့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် အားနည်းတဲ့ ကျေးရွာတွေကို ပြန်ကြချိန်မှာ ကူးစက်နှုန်းမြင့်ရပါတယ်။ လူ ၉၆၀၀၀ ကျော်ကူးစက်ခံထားရလို့ အိန္ဒိယဟာ အာရှမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအများဆုံး နိုင်ငံဖြစ်ပြီး လူ ၃၀၀၀ ကျော်သေဆုံးရပါတယ်။

စစ်အေးကာလအတွင်း အင်အားကြီး ကွန်မြူနစ် ဆိုဗီယက် နဲ့ တရုတ် နှစ်ခြမ်းကွဲချိန်မှာ အိန္ဒိယနဲ့ ဆိုဗီယက်က ပိုအလွမ်းသင့်ပါတယ်။ အဲဒီ ဆိုဗီယက်ပြည်ထောင်စုဟောင်းက ခွဲထွက်တဲ့ ရုရှားနိုင်ငံဟာ ကမ္ဘာမှာ အမေရိကန် ပြည်ထောင်စုပြီးရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အတည်ပြုလူနာ အများဆုံးနိုင်ငံအဖြစ်  မှတ်တမ်းဝင် သွားပါတယ်။ လူ ၆၀၀၀ ကျော်ထပ်ကူးစက်လို့ လူ ၂၉၀၀၀၀ ကျော်ကူးစက်ခံရပြီး အတည်ပြုလူနာက ၂၉၀၀၀၀ ကျော်ပါတယ်။ လူ ၉၁ ယောက် ထပ်သေဆုံးတဲ့အတွက် စုစုပေါင်း လူ ၂၇၀၀ ကျော်သေဆုံးရပါတယ်။ ကူးစက်ခံရတဲ့ လူထက်ဝက် ဖြစ်တဲ့ ၁၄၀၀၀၀ ကျော်ဟာ မော်စကိုကဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံကတော့  အသက် ၅ နှစ်နဲ့ အထက် ရှိသူတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့လက္ခဏာ ရှိရင် ကူးစက်ခံရတာ ရှိ-မရှိ စစ်ဆေးနိုင်တယ်လို့ ပြောပါတယ်။ နှစ်တွေမချီတာတောင် လတွေနဲ့ ချီပြီး ဗိုင်းရပ်စ်နဲ့ နေနည်းထိုင်နည်းကို သင်ကြားရဖွယ်ရှိတယ်လို့လည်း ဗြိတိန်ကျန်းမာရေးဝန်ကြီး ကပြောပါတယ်။

ဥရောပနိုင်ငံတွေဟာ အသွားအလာ ကန့်သတ်တာတွေ မနေ့က လျော့ပေါ့ပေးပါတယ်။ အီတလီနိုင်ငံမှာ မတ်လက စလို့ မနေ့က အသေအဆုံး အနည်းဆုံးနေ့ ဖြစ်တယ်ဆိုတာတောင် လူ ၉၉ ယောက် ထပ်သေဆုံးရပေမယ့်  ဘားတွေ စားသောက်ဆိုင်တွေ ပြန်ဖွင့်ပါတယ်။

စပိန်နိုင်ငံလည်း နှစ်လအတွင်း အသေအဆုံး အနည်ဆုံးလို့ဆိုတာတောင် ၅၉ ယောက် ထပ်သေဆုံးရပါတယ်။

ဘရာဇီးလ်နိုင်ငံ  Sao Paulo  မြို့တော်ဝန်ကတော့ မြို့ကျန်းမာရေးစနစ် ယိုင်လဲတော့မယ်လို့ သတိပေးပါတယ်။ နှစ်သိန်းကျော် ကူးစက်ခံထားရပြီး မနေ့က လူ ၂၅၀ ကျော် ထပ်သေဆုံးရတာမို့ စုစုပေါင်းလူ ၁၆၀၀၀ ကျော် သေဆုံးရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ လူကလူကို ကူးစက်တာမို့ သူ့ကို နိုင်တဲ့ဆေးကို မသုံးနိုင်သေးခင် လူတွေကလည်း ကိုယ်ခံအား မကောင်းရင် တရုတ်နိုင်ငံမှာ ဒုတိယလှိုင်း ထပ်လာနိုင်တဲ့ အလားအလာရှိတယ်လို့ ကျန်းမာရေးဆိုင်ရာ အစိုးရအကြံပေးက သတိပေးပါတယ်။

ကမ္ဘာ့တချို့နိုင်ငံတွေက လမ်းတွေမှာ ပိုးသတ်ဆေး လိုက်ဖျန်းနေတာဟာ ကိုရိုနာဗိုင်းရပ်စ်ကို မနှိမ်နင်းနိုင်ဘဲ ကျန်းမာရေးအတွက် အန္တရာယ်တောင်ရှိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်။

ပိုးသတ်ဆေးထိုးပြီး ဗိုင်းရပ်စ်ကို နှိမ်နင်းနိုင်တယ်လို့ ပြောမိတဲ့ သမ္မတ ထရမ့်ရဲ့ အမေရိကန်ပြည်ထောင်စုမှာ မြန်မာစံတော်ချိန် ဒီမနက်ကူးလို့ နာရီဝက်ကျော် အကြာမှာ လူ ၃၄၀ ကျော်ထပ်သေဆုံးပြီး လူနာသစ်က ၇၉၀၀ ကျော်ရှိပါတယ်။ ခုထိ သေဆုံးသူ ၉၁၀၀၀ ကျော်ရှိပြီးလူ ၁၅၀၀၀၀ ကျော် ကူးစက်ခံထားရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့