ICJ အမိန့်နဲ့ ပတ်သက်ပြီး အစိုးရ ဘာတွေလုပ်နေသလဲ

ဝေယံမိုးမြင့်
2020-01-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  ICJ မှာ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်ကို ၂၀၁၉၊ ဒီဇင်ဘာ ၁၁ရက် နေ့က  ပြန်လည်ချေပစဉ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ICJ မှာ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်ကို ၂၀၁၉၊ ဒီဇင်ဘာ ၁၁ရက် နေ့က ပြန်လည်ချေပစဉ်
Photo: Myanmar State Counsellor Office

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို အရေးယူပေးဖို့ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတဲ့အမှုအပေါ် ICJ တရားရုံးက ကြားဖြတ်အမိန့် အချက် လေးချက်ကို ဇန်နဝါရီ ၂၃ ရက်နေ့က ချမှတ်လိုက်ပါတယ်။

အဲဒီအချက် လေးချက်က

(၁) မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာ မွတ်စလင်လူမျိုးစုတွေအပေါ် သတ်ဖြတ်တာ၊ စိတ်ရောကိုယ်ပါ အန္တရာယ်ကျရောက်အောင် လုပ်ဆောင်တာ အပါအဝင်၊ လူမျိုးတုံးသတ်ဖြတ်မှုမြောက်စေတဲ့ လုပ်ဆောင်ချက်အားလုံးကို အစွမ်းကုန် ကာကွယ်တားဆီးပေးဖို့၊

(၂) စစ်တပ် (သို့မဟုတ်) ပုံမှန်မဟုတ်တဲ့ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေက ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် ပူးပေါင်းကြံစည်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ဖို့အတွက် သွေးထိုးလှုံ့ဆော်မှု စတာတွေ ကျုးလွန်မှုမရှိအောင် ကြပ်မတ် ဆောင်ရွက်ဖို့၊

(၃) လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ နေရာဒေသတွေက သက်သေအထောက်အထား အားလုံးကို ဖျက်ဆီးဖျောက်ဖျက်မှုမရှိအောင် မူလအတိုင်း ကာကွယ်ထိန်းသိမ်းထားဖို့

(၄) ဒီအမိန့် ချမှတ်တဲ့နေ့ကစပြီး လေးလအကြာမှာ မြန်မာဘက်က ဆောင်ရွက်ချက်တွေကို တရားရုံးတော်ကို တင်ပြအစီရင်ခံပြီး၊ အဲဒီနောက် ခြောက်လတစ်ကြိမ် ပုံမှန်တင်ပြဖို့ အချက်တွေဖြစ်ပါတယ်။  

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေ ဂူတာပြင်၊ အင်းဒင်၊ မော်တူလာနဲ့ မင်းကြီးကျေးရွာဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ကျေးရွာတွေဖြစ်ပါတယ်။

စွပ်စွဲခံထားရတဲ့ကျေးရွာလေးရွာထဲက အင်းဒင်ကျေးရွာနဲ့ ပတ်သက်ပြီး စစ်ဘက်ဆိုင်ရာ ခုံရုံးက ၂၀၁၈  ခုနှစ်မှာ ထောင်ဒဏ် ၁၀နှစ် ချမှတ်အရေးယူ ဆောင်ရွက်ခဲ့တာတွေရှိခဲ့ပေမယ့် ကျူးလွန်ခဲ့သူတွေကို တပ်မတော်ရဲ့ အမြင့်ဆုံးအာဏာရှိသူရဲ့ ဆုံးဖြတ်ချက်အရ ပြစ်ဒဏ် ရှစ်လနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့ကြပါတယ်။

ထပ်မံပြီး ဂူတာပြင်ကျေးရွာက စစ်ဘက်ဆိုင်ရာ ကျူးလွန်မှုတွေကို စစ်ခုံရုံးက စစ်ဆေးနေပြီး ပေါ်ပေါက်လာတဲ့အချက်တွေပေါ် မူတည်ပြီး အရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ICJ ချမှတ်ထားတဲ့ အမိန့်နဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအနေနဲ့ ရခိုင်ပြည်နယ် အစိုးရကို သီးခြားညွှန်ကြားချက် ထုတ်ပြန်တာမရှိသေးဘူးလို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ပြောပါတယ်။

သက်သေတွေ ထိန်းသိမ်းဖို့ ချမှတ်တာနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ရှိပြီးသားသက်သေတွေကို ဖျောက်ဖျက်ပစ်စရာ ဘာအကြောင်းမှမရှိကြောင်း ဗိုလ်မှူးကြီး မင်းသန်းက RFA ကို ပြောပါတယ်။

minthan-colonel-350“ငါတို့အစိုးရက ဘယ်တော့မှ သက်သေမဖျောက်ဖျက်ဘူး၊ ဘယ်သူမှလည်း သက်သေမဖျောက်ဖျက်ဘူး၊ အဲတော့သူတို့ကလည်း သက်သေမဖျောက်ဖျက်ဖို့ ပြောစရာကို မလိုတာ၊ ဘာမှညွှန်ကြားစရာ မလိုဘူးလေ၊ နဂိုထဲက ဘာမှဖျောက်ဖျက်တာမှ မဟုတ်တာ ဒီတိုင်းပဲ”

ICJ ချမှတ်လိုက်တဲ့ အချက်လေးချက်အရ ရိုဟင်ဂျာတွေကို ကာကွယ်ပေးနိုင်ဖို့ ဥပဒေ လေးခု ပြဌာန်းပေးဖို့ လိုအပ်ကြောင်း လူ့အခွင့်အရေး ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးအောင်ထူးက ပြောပါတယ်။

ခွဲခြားဆက်ဆံခြင်းကနေ ကာကွယ်တဲ့ဥပဒေ၊ လူမျိုးတုံးသတ်ဖြတ်မှုမှ ကာကွယ်တဲ့ဥပဒေ၊ စစ်ဘက်ဆိုင်ရာ ကျူးလွန်မှုတွေကို အရပ်သားအနေနဲ့ ပြန်လည်တရားစွဲဆိုလို့ရတဲ့ ဥပဒေ၊ ရိုဟင်ဂျာတွေကို အသိအမှတ်ပြုဖို့ ၁၉၈၂ နိုင်ငံသားဥပဒေကို အသစ်ပြန်လည်ရေးဆွဲဖို့ လိုအပ်နေတယ်လို့ သူက ထောက်ပြပါတယ်။

မြန်မာအစိုးရအနေနဲ့ လက်ရှိမှာ ICJ ချမှတ်ထားတဲ့အပေါ် ဘာမှလိုက်နာတာမျိုး မတွေ့ရသေးဘဲ လုပ်ရင်လည်း အပေါ်ယံသဘောပဲရှိမယ်လို့ ရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။

“ဘာမှ ကျနော်မကြားသေးဘူး၊ ဒီတိုင်းဆိုရင်လည်း လုပ်မယ်မထင်ဘူး၊ ဦးကျော်တင့်ဆွေကို MRTV က အင်တာဗျူးလုပ်တယ်။ အဲမှာ သူတို့က ဂျီနိုဆိုက် ကျူးလွန်တာမဟုတ်ဘူးလို့ ထပ်ကာထပ်ကာ ပြောသွားတယ်။ နောက်တစ်ခုက NLD အစိုးရက ပြင်ဆင်ထားပြီးဖြစ်ပုံရတယ်၊ ၂၃ ရက်နေ့ ICJ အမိန့်ချတဲ့နေ့မှာ အသင့်ရေးထားပြီးသား ဖြစ်ပုံရတဲ့ စတိတ်မန့်ထွက်လာတယ်။ အဲဒီမှာ ခေါင်းစဉ်က ဂျီနိုဆိုက်ကို ကျုးကို မကျူးလွန်ဘူးလို့ ရေးထားတယ်။ အဲဒါကိုကြည့်ရင် ဂျီနိုဆိုက်ကွန်ဗန်းရှင်းကို လိုက်နာစရာမလိုဘူးလို့ သဘောပါလာပုံရတယ်။ လက်တွေ့လည်း အချက်အလက်အရ ဘာမှမတွေ့တော့ ဒီတိုင်းထားရင် အစိုးရအနေနဲ့ ဘာမှလုပ်မယ့်ပုံမပေါ်ဘူး၊ လုပ်ရင်လည်း အပေါ်ယံသဘောပဲဖြစ်မယ်”

အမိန့်ချမှတ်ခဲ့တာ အခုဆိုရင် တစ်ပတ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

ICJ ချမှတ်ခဲ့တဲ့ အမိန့်နဲ့ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ သူတို့လုပ်ဆောင်နေတဲ့ ကိစ္စရပ်တွေဖြစ်တာကြောင့် အထွေအထူး ထပ်မံလုပ်ဆောင်စရာ မရှိဘူးလို့ ပြောဆိုချက်တွေ ရှိနေပါတယ်။

မြန်မာအစိုးရအနေနဲ့ ပထမအချက်မှာတင် ရိုဟင်ဂျာဆိုတဲ့ အမည်သုံးစွဲခွင့်ကို တားမြစ်ထားတာဖြစ်ပြီး အမည်ကို တရားဝင်ခေါ်ဆိုခွင့်နဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ပြောင်းလဲသွားနိုင်ဖို့ ရှိနေကြောင်း ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်ဟောင်း ဦးအေးလွင်က ပြောပါတယ်။

ayelwin-350“ပြည်သူ့အစိုးရဘက်က ပြောထားတာက လူအုပ်စုတစ်စုက သူတို့ကိုယ်သူတို့ လွတ်လပ်စွာ အမည်တပ်ခွင့်ရှိတယ်။ သို့သော် ပြဿနာဖြစ်နေချိန်မှာ ပြဿနာဖြေရှင်းတဲ့အခါမှာ အငြင်းပွားဖွယ် ကိစ္စရပ်တွေကို ရှောင်ရှားပြီး ဦးစားပေးရမှာဟာတွေကို ဦးစားပေးပြီးမှ ပွင့်လင်းလွတ်လပ်တဲ့ ဒီမိုကရေစီ အပြည့်အဝရရင် ကိုယ့်အခွင့်အရေးကို ဥပဒေအတွင်းက တောင်းဆိုခွင့်ပြုတယ်လို့ အသိအမှတ်ပြုထားတယ်။ ပြဿနာမဖြေရှင်းနိုင်မီမှာ ကျနော်တို့ ကိုဖီအာနန် ကော်မရှင်ကိုလည်း ရိုဟင်ဂျာရော ဘင်္ဂလီရောမသုံးဖို့ အငြင်းပွားမှုကို ရှောင်ရှားဖို့ ပြောထားတယ်။ ဒါက ရေရှည်မှာ ပြန်လည်သုံးသပ်စဉ်းစားပြီး လူ့ယဉ်ကျေးမှုအရ ဖြေရှင်းအဖြေရှာရမယ် ထင်ပါတယ်”

လက်ရှိမှာ အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေ ပြန်လည်လက်ခံနိုင်ရေးကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ကော့သောင်းရောက် ရိုဟင်ဂျာတွေကို မောင်တောကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။

မောင်တော ငါးခူရကျေးရွာမှာ ရိုဟင်ဂျာ ၁၅၅ ဦးကို လက်ခံရရှိထားပြီး ဖြစ်တယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

“ကျနော်ဆီ ၁၅၅ ယောက် ရောက်တယ်၊ သူတို့အမျိုးတွေရှိတဲ့ ဆန္ဒပြုတဲ့နေရာတွေကို ၁၃၄ ယောက် ပို့လိုက်တယ်၊ ဘူးသီးတောင်၊ မောင်တော နှစ်နေရာကို ကျန်တဲ့ ၂၁ ယောက်ကတော့ စစ်လို့မပြီးသေးဘူး”

အစိုးရအနေနဲ့ ICJ က ချမှတ်လိုက်တဲ့အပေါ် အလွယ်ကူဆုံး လုပ်ဆောင်နိုင်မယ့် အချက်တွေအနေနဲ့ မြန်မာနိုင်ငံတွင်း ရှိနေပြီးဖြစ်တဲ့ ရိုဟင်ဂျာတွေကို အသိအမှတ်ပြုပြီး လွတ်လပ်စွာသွားလာခွင့်နဲ့ သူတို့တွေရဲ့ ပညာရေး၊ ကျမ်းမာရေးကိစ္စတွေကို ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် အကောင်းဆုံး ဖြစ်လာနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ICJ က ပထမ လေးလတွင်း ဆောင်ရွက်ချက်တွေကို တင်ပြပေးဖို့ တောင်းခံထားတာမှာ မြန်မာကို နိုင်ငံတကာ လက်ခံလာအောင် အစိုးရအနေနဲ့ အကောင်းမွန်ဆုံးလုပ်ဆောင်ပြချက်တွေကို တင်ပြနိုင်ဖို့ လိုအပ်တယ်လို့ ထောက်ပြကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့