ICJ ဆုံးဖြတ်ချက်နဲ့ မောင်တောဒေသက ရိုဟင်ဂျာများ

2020-02-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

 

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေ အရေးနဲ့ပတ်သက်ပြီး ICJ နိုင်ငံတကာ တရားရုံး က ချမှတ်ခဲ့တဲ့ ကြားဖြတ်အမိန့်အပေါ် ဘူးသီးတောင်၊ မောင်တောဒေသမှာရှိနေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေက ဘယ်လိုမြင်ကြသလဲ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုကနေ ကာကွယ်ပေးဖို့ ICJ နိုင်ငံတကာ တရားရုံးက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ကြားဖြတ်အမိန့် လေးချက်ချမှတ်ခဲ့ပါတယ်။

အဲဒီအထဲမှာ ရိုဟင်ဂျာ မွတ်စလင်လူမျိုးစုတွေအပေါ် သတ်ဖြတ်တာ၊ စိတ်ရောကိုယ်ပါ အန္တရာယ်ကျရောက်အောင် လုပ်ဆောင်တာအပါအဝင်၊ လူမျိုးတုံးသတ်ဖြတ်မှု မြောက်စေတဲ့လုပ်ဆောင်ချက်အားလုံးကို အစွမ်းကုန် ကာကွယ် တားဆီးပေးဖို့နဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ နေရာဒေသတွေက သက်သေ အထောက်အထားအားလုံးကို ဖျက်ဆီးဖျောက်ဖျက်မှုမရှိအောင် မူလအတိုင်း ကာကွယ်ထိန်းသိမ်းထားဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဘူးသီးတောင်မြို့နယ်မှာ နေထိုင်တဲ့ ဦးမိုဟာမတ်ဆာလိမ်ကတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ နေရာတွေဟာ  ဂူတာပြင်ကျေးရွာဖြစ်စဉ်သာမက အခြားရွာအချို့မှာ လည်းရှိခဲ့တယ်လို့ဆိုပါ တယ်။

“လူမျိုးတုံးသတ်ဖြတ်တာကို တစ်ချို့နေရာမှာလုပ်တယ်။ ဒီနေရာမှာတော့မလုပ်ဘူး။ တစ်ချို့နေရာတွေ မှာ လုပ်ခဲ့တာကို သတင်းကြားပါတယ်။ တူလာတူလီ၊ ဖောင်တော်ပြင်၊ မောင်နီရွာ၊ နောက်တစ်ခုက ဂူတာပြင်မှာ လုပ်ခဲ့တယ်လို့ သတင်းရပါတယ်”

တပ်မတော်ဘက်ကတော့ ဂူတာပြင်ဖြစ်စဉ်ကို စစ်ဆေးနေသလို ICJ ကြားဖြတ်ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ အစိုးရရဲ့  ညွှန်ကြားမှုအတိုင်းဆောင်ရွက်မယ်လို့ တုံ့ပြန်ထားကြပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၉ ရက်နေ့က RFA အပါအဝင် ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားတွေကို အစိုးရက မောင်တောဒေသကို သတင်းယူခွင့်ပြုခဲ့ပါတယ်။

အငူမော်ကနေ မောင်တောမြို့ကို သွားရာလမ်းက အင်းဒင်နဲ့ မြို့သူကြီးတွေမှာ တစ်ချိန်က ရိုဟင်ဂျာမွတ်စလင်တွေ နေထိုင်ခဲ့တဲ့ရွာနဲ့ မြေတွေမှာ ရဲတပ်ရင်းတွေ ဆောက်လုပ်ထားတာကို တွေ့ရပါတယ်။

ဒီအခြေအနေတွေအပြင် ICJ ကြားဖြတ်ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကို RFA ကမေးမြန်းခဲ့ပါတယ်။u-soe-aung-350.jpg

“ကျွန်တော်တို့က လူမျိုးတုံးသတ်ဖြတ် တာလည်းမရှိဘူး။ အခု အိုင်စီဂျေကတားတဲ့ နေရပ်စွန့်ခွာ ဘင်္ဂါလီတွေရဲ့ဟာကို ဒီအတိုင်း ထားဖို့ဆိုတာက ကျွန်တော်တို့ အခုလတ်တလော အခြေအနေ မှာလည်း ဒီနေရာတွေကို ဒီအတိုင်းပဲထားထားတာ။ ဘာမှ အသုံးပြုတာလည်းမရှိဘူး။ သို့သော်လည်း နိုင်ငံတော်မှာက ဒီခရိုင်မှာမှမဟုတ်ဘူး ကျန်တဲ့နေရာတွေမှာလည်း နိုင်ငံတော်အတွက် အကျိုးရှိမယ့် အစိုးရစီမံကိန်းတွေ ရှိရင်တော့ လုပ်ဆောင်ရတာပဲလေ။ လူနေလို့ရှိရင် မြေသိမ်းပြီး လုပ်တာရှိတယ်။ ဒါမျိုးတွေကတော့ရှိမှာပေါ့။ အဲတော့ အိုင်စီဂျေနဲ့ပတ်သက်လို့ ကျွန်တော်ကဘာမှ စိုးရိမ်စရာလည်း မရှိဘူး။ နောက် စိတ်ထဲလည်း မထည့်ထားဘူး”

မွတ်စလင်တွေနဲ့ ဟိန္ဒူတွေဟာ ဘာသာကိုးကွယ်မှုမတူတဲ့ ဘင်္ဂါလီတွေဖြစ်တယ်၊ တစ်ဘက်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ဘင်္ဂါလီတွေက ရာနဲ့ချီတဲ့ ဟိန္ဒူတွေကို အစုလိုက်အပြုံလိုက် ဘာကြောင့် သတ်ဖြတ်ခဲ့သလဲလို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က မေးခွန်းထုတ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လက အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရာကနေ မောင်တောဒေသကိုပြန်ဝင်လာတဲ့ ကိုမာမတ်ရှော်ရိ ကတော့  လူမျိုးတုံးရှင်းလင်းမှုဆိုတဲ့ အသုံးအနှုန်းကို ကန့်ကွက်ပါတယ်။

ကုလသမဂ္ဂရဲ့စာရင်းတွေအရ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူပေါင်း ခုနစ်သိန်းကျော်ထွက်ပြေး  တိမ်းရှောင်သွားကြရတဲ့ အခြေခံအကြောင်းရင်းဟာ အာဆာအကြမ်းဖက်သမားတွေဖြစ်တယ်၊ သူတို့ဟာ နယ်ခြားစောင့်ရဲစခန်းတွေကို အကြမ်းဖက်တိုက်ခိုက်တာ၊ အပြစ်မဲ့ဒေသခံ အများအပြားကို သတ်ဖြတ် ခဲ့တာတွေကြောင့် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို အရေးယူမယ်ဆိုရင် အာဆာ အကြမ်းဖက် သမားတွေကိုပါ အရေးယူရမယ်လို့ ကိုမာမတ်ရှောရိကပြောပါတယ်။

“လူမျိုးတုံးသတ်ဖြတ်မှု ဘာမှုညာမှုဆိုတဲ့ဟာတွေကို အရေးယူရမယ်ဆိုရင် ပထမဆုံး အာဆာဆိုတဲ့ အဖွဲ့ကြီးကို အရေးယူရမယ်။ ဒီဖြစ်စဉ်က သူတို့ကနေစတင်ပေါ်ပေါက်လာတာ။ ရခိုင်ဖြစ်စဉ်က အာဆာကနေ စတင် ပေါ်ပေါက်လာရခြင်းဖြစ်တယ်လို့ ကျွန်တော်ပြောချင်တယ်။ ကျွန်တော်တို့ရွာနားမှာ မီးတိုက်ချောင်းဝ ကင်းစခန်းရှိပါတယ်။ အဲဒီစခန်းမှာ ရဲနှစ်ယောက် အရှင်းခံခဲ့ရတယ်”

ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရပြီး လူပေါင်းသိန်းနဲ့ချီ ထွက်ပြေးခဲ့ကြရတဲ့ မောင်တော ပဋိပက္ခဖြစ်ရပ်ဟာ အချိန် နှစ်နှစ်ခွဲကျော် ကြာလာပေမယ့်လည်း ထွက်မပြေးဘဲကျန်နေခဲ့ကြတဲ့ မွတ်စလင်တွေရဲ့ စိုးရိမ်မှုတွေက ခြာက်လှန့်နေတုန်းပါ။

မောင်တောမြို့နယ် ညောင်ချောင်းကျေးရွာက ကိုရှောင်ရှူအာလောင်က အကြမ်းဖက် တိုက်ခိုက်မှုတွေ  နောက်ထပ်တစ်ကြိမ် ဖြစ်လာမလားဆိုတဲ့ စိတ်မလုံခြုံမှုတွေက ဒီနေ့အထိ ရှိနေဆဲလို့ပြောပါတယ်။

“စိုးရိမ်တာကတော့ ဒီလိုပါပဲ။ ပဋိပက္ခဖြစ်ရင် ကျွန်တော်တို့မှာ ကလေးတွေရှိပါတယ်။ သက်ကြီးရွယ်အိုတွေ ရှိတယ်။ မသန်စွမ်းတွေရှိတယ် သူတို့ကိုဘယ်လိုလုပ်မလဲ။ နောက်ကလေးတွေရှိတယ်၊ ကိုယ်ဝန်သည်တွေ ရှိတယ် ဒါတွေအတွက် တကယ့်စိုးရိမ်ပါတယ်”

အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် မတိုင်ခင်က ဒီညောင်ချောင်းကျေးရွာမှာ လူပေါင်း  ခြောက်ထောင်  လောက်နေထိုင်ခဲ့ပြီး အဲဒီအထဲက လူပေါင်း ငါးထောင်ကျော် ထွက်ပြေးသွားကြလို့ အခုလိုရင် ရွာမှာ လူ ရှစ်ရာလောက်ပဲ ကျန်တော့တယ်လို့ သူကဆိုပါတယ်။

တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ဒုက္ခသည်တွေကို မူလနေရာပြန် ခေါ်ရေး နှစ်နိုင်ငံ သဘောတူညီချက်တွေရှိပေမယ့် ဒီသဘောတူညီချက်နဲ့အညီ ပြန်လာကြသူတွေ မရှိသေးပါဘူး။

အစိုးရကစီစဉ်တဲ့ မောင်တောဒေသကို သတင်းယူတဲ့ခရီးစဉ်မှာ ထွက်မပြေးဘဲ ကျန်နေခဲ့ကြသူ အချို့ကို RFA ကမေးမြန်းခဲ့ပေမယ့် သူတို့ရင်ဆိုင်ကြုံတွေ့ခဲ့ကြရတဲ့ ဖြစ်ရပ်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဖို့ တွန့်ဆုတ်နေကြတာကို တွေ့ရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့