ထိုင်းပင်လယ်ပြင်က ကျေးကျွန်ရေလုပ်သားများ

ခင်ခင်အိ
2019-10-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ထိုင်းနိုင်ငံ၊ ငါးဖမ်းလှေတစ်စီးပေါ်က ရေလုပ်သားတွေကို တွေ့ရစဉ်
ထိုင်းနိုင်ငံ၊ ငါးဖမ်းလှေတစ်စီးပေါ်က ရေလုပ်သားတွေကို တွေ့ရစဉ်
Photo: MADAREE TOHLALA / AFP

ကမ္ဘာတစ်ဝှမ်းမှာ အဓမ္မခိုင်းစေခံရမှုတွေ ရှိနေတယ်ဆိုပေမယ့် တောင်တရုတ်ပင်လယ်ပြင်တွင်းက အဓမ္မခိုင်းစေမှုပြဿနာတွေလောက် များပြားလှမယ် ရက်စက်လှမယ် မထင်ပါဘူး။ အထူးသဖြင့် ထိုင်းငါးဖမ်းလှေတွေမှာပါ။ နှစ်စဉ်နှစ်တိုင်း မြန်မာနဲ့ ကမ္ဘောဒီးယားက သောင်းနဲ့ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံကို ဝင်ရောက်လာကြပြီး ရေလုပ်ငန်းတွေမှာ ငါးဖမ်းလှေတွေမှာ ရောင်းစားခံကြရပါတယ်။

အဲဒီငါးဖမ်းလှေတွေဟာ လောင်စာဆီဈေး မြင့်တက်လာမှုရယ် ကမ်းခြေအနီးတစ်ဝိုက် ငါးရှားပါးမှုတွေကြောင့် ပင်လယ်ပြင်ထွက် ငါးရှာကြရပြီး ငါးဖမ်းလုပ်သားတွေဟာလည်း သံကြိုးခတ်ခံရတာ၊ ကြာပွတ်နဲ့အရိုက်ခံရတာ၊ ခေါင်းဖြတ်ခံရတာအထိ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခံရတာတွေ ရှိနေပါတယ်။ သူတို့အနေနဲ့ ခိုင်းတာလုပ်၊ စောဒကတက်ခွင့်မရှိ၊  နာရီပေါင်းများစွာ အလုပ်လုပ်၊ အစာကျတော့ မဝလင် နဲ့ လုပ်ခလစာဆိုတာလည်း မပြောပလောက်အောင်ကို နဲလွန်းစွာနဲ့ လုပ်ကြရပါတယ်။

ပင်လယ်ပြင်က ရေလုပ်သားတွေရဲ့ဘဝကတော့ တကယ့်ကို တန်ဖိုးနဲလွန်းလှပါတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်တဲ့ Human Rights Watch အဖွဲ့  အာရှရေးရာဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှုး Phil Robertson က ဆိုပါတယ်။ ရေလုပ်သားဥပဒေတွေ လျော့ရဲတာရယ် တစ်ကမ္ဘာလုံးအတွက် ပင်လယ်ထွက်ကုန် အလွန်အမင်း လိုအပ်ချက်တွေနဲ့ ငါးအလွန်အကျွံဖမ်းလို့ ငါးမျိုးတုံးရတဲ့အထိ အခြေအနေတွေဆိုးလာနေတယ်လို့ Phil Robertson က ပြောပါတယ်။

ထိုင်းကမ်းခြေစောင့်တပ်ဖဲ့ွက Som Nang ဆိုသူကလည်း ၂၀၁၃ ခုနှစ်က သူတို့ဖမ်းမိတဲ့ ငါးဖမ်းလှေက အလုပ်သမားတစ်ဦးရဲ့ဘဝနဲ့ နှိုင်းယှဉ်ပြီး ဒီလိုအဖြစ်မျိုးတွေ မမြင်တွေ့ချင်လိုက်တာလို့ ဆိုပါတယ်။ သူတွေ့ခဲ့တဲ့ အဲဒီငါးဖမ်းသမားဟာ ယောင်ကိုင်းနေတဲ့ လည်ပင်းကို သံချေးတက်နေတဲ့ သံကြိုးနဲ့ချည်ထားခံရပြီး အဲဒီသံကြိုးကို လှေရဲ့ကုန်းပတ်မှာ ချည်ထားတယ်လို့ ဆိုပါတယ်။ အဲဒီရေလုပ်သားက ထွက်ပြေးဖို့ကြိုးစားလို့ တခြားလှေတစ်စီးစီး အနားရောက်လာတိုင်း အဲဒီလိုလုပ်ထားရကြောင်း လှေသူကြီးက ရှင်းပြတယ်လို့ဆိုပါတယ်။ အဲဒီရေလုပ်သားဟာ ကမ္ဘောဒီးယားနိုင်ငံသားဖြစ်ပြီး သူ့ကို လူတစ်ယောက်က ထိုင်းနိုင်ငံက ဆောက်လုပ်ရေးတစ်ခုမှာ အလုပ်ရမယ်လို့ ခေါ်လာပြီး ငါးဖမ်းလှေတစ်စင်းထံကို အမေရိကန်ဒေါ်လာ ၅၃၀ နဲ့ ရောင်းစားခဲ့တာလို့လည်း ဆိုပါတယ်။

ဒါ့အပြင် ခေါင်းမှာဒဏ်ရာရပြီး လောက်ကိုက်တဲ့အထိ ခံစားနေရတဲ့ ရေလုပ်သားတွေ၊ ချောင်းဆိုးတိုင်း သွေးပါတာ ပုံမှန်လိုဖြစ်နေတဲ့ ရေလုပ်သားတွေနဲ့ အနာတွေပေါက်ပြီး အဝတ်အစားမဝတ်နိုင်ဘဲ သဘက်ပတ်ထားရတဲ့ ရေလုပ်သားတွေကိုလည်း တွေ့ခဲ့ရတယ်လို့လည်း အဲဒီကမ်းခြေစောင့်ရဲက ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ပင်လယ်ကျွန်ပြဿနာဟာ ၁၉၈၀ ခုနှစ်တွေက စတယ်လို့ဆိုရပါမယ်။ နိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန်တိုးတက်မှုနှုန်း မြင့်လာတာနဲ့အမျှ လုပ်အားခတွေလည်း မြင့်တက်လာခဲ့တာကြောင့် ထိုင်းနိုင်ငံသားတွေအနေနဲ့ လုပ်ခလစာနဲတဲ့ ပင်လယ်ပြင်က အလုပ်တွေကို မလုပ်ချင်ကြတော့ပါဘူး။ ၂၀၁၆ ခုနှစ်မှာဆိုရင် ထိုင်းနိုင်ငံဟာ ကမ္ဘာမှာ အလုပ်လက်မဲ့နှုန်း အနည်းဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့ပြီး ငါးဖမ်းလုပ်ငန်းတွေဟာလည်း လုပ်အားခနည်းတဲ့ နိုင်ငံခြားသားတွေကို ခေါ်ယူခဲ့ပါတယ်။ အများစုက မြန်မာ၊ ကမ္ဘောဒီးယား နဲ့ လာအိုနိုင်ငံတွေက အလုပ်သမားတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

အခုလဲ ထိုင်းငါးဖမ်းလှေတွေမှာ လုပ်သားလိုအပ်ချက်က ရှိနေဆဲဖြစ်ပြီး အဲဒီရေလုပ်သားလိုအပ်ချက်က ပိုပြီးဆိုးလာနေတယ်။ ဘာကြောင့်လဲဆိုတော့ ငါးဖမ်းသင်္ဘောတွေ စက်လှေတွေက လုပ်အားသက်သာတဲ့ နည်းပညာတွေကို မသုံးချင်ဘဲ၊ လုပ်သားအများကြီးသုံးရတဲ့  ငါးဖမ်းပိုက်ကြီးတွေနဲ့ပဲ ငါးရှာလိုကြတယ်လို့လည်း ဆိုပါတယ်။

အဲဒီအတွက် ထောင်နဲ့သောင်းနဲ့ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ပင်လယ်ပြင်မှာ ဆိုးဝါးတဲ့ဘဝတွေနဲ့ နေထိုင်နေရတဲ့ဘဝတွေကို ရောက်နေရဦးမှာဖြစ်တယ်လို့ ဆောင်းပါးရှင် Ian Urbina က သုံးသပ်ရေးသားထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့