စစ်ပွဲနဲ့ ကပ်ဘေးကြောင့် ရခိုင်မြောက်ပိုင်းမှာ မဲဆွယ်ဖို့ ခက်နေ

ဝေယံမိုးမြင့်
2020-09-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရွေးကောက်ပွဲ မတိုင်ခင် ရက်ပေါင်း ၆၀ မဲဆွယ်ခွင့်ပြုလိုက်ပေမယ့် ရခိုင်ပြည်နယ်မှာတော့ လုံခြုံရေးအခြေအနေနဲ့ ရုတ်တရက် တိုးမြင့်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးတာတွေ လုပ်ဆောင်ဖို့ အဆင်မပြေတဲ့ မြို့နယ်တွေ ရှိနေပါတယ်။

ရွေးကောက်ပွဲနီးလာပြီး မဲဆွယ်ခွင့် ပြုပေမယ့် ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေ မရပ်သေးတဲ့အပြင် ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အရှိန်မြင့်လာတဲ့အတွက် ဒီဒေသမှာ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးပါတီတွေ မဲဆွယ်ဖို့ အခြေအနေက မရေမရာဖြစ်နေပါတယ်။

စက်တင်ဘာ ၈ ရက်နေ့ကစပြီး မဲဆွယ်နိုင်ကြောင်း ကော်မရှင်က ခွင့်ပြုထားပေမယ့် ဒေသန္တရအမိန့်တွေအရ မဲဆွယ်ဖို့ အခြေအနေမပေးဘူးလို့ ရခိုင်အမျိုးသားပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောပါတယ်။

"လူ ၅၀ လောက် စုစည်းနိုင်တယ်ပြောတယ်။ ကော်မရှင်က ခွင့်ပြုလိုက်တယ်။ ဒါပေမဲ့ ဒေသန္တရ ထုတ်ထားတဲ့အမိန့်အရ တားမြစ်လာရင်လည်း ငြိစွန်းနိုင်တယ်။ အခက်အခဲတွေကတော့ အများကြီးပဲ။ နိုင်ငံရေးပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ စာရင်းတွေလည်းတင်ထားပြီးပြီ။ ရွေးကောက်ပွဲဝင်ဖို့ ခွင့်ပြုသလောက်တော့ ကြိုးစားသွားမယ်။"

ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ကိုယ်စားလောင်းတွေ ဝင်ရောက်ရွေးချယ်ခံဖို့ ပြင်ဆင်ထားပါတယ်။

ရခိုင်အမျိုးသားပါတီကနေ မြေပုံမြို့နယ်မှာ ထပ်မံပြီး ဝင်ရောက်ရွေးချယ်ခံမယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့်ရော စစ်ဘေးကြောင့်ပါ မဲဆွယ်လို့ မရနိုင်ဘူးလို့ ပြောပါတယ်။

"စတေးဟုမ်းကျတဲ့မြို့နယ်တွေက မဲဆွယ်လို့မရဘူးဆိုတော့ ဒီရွေးကောက်ပွဲက သိပ်ပြီး အလုပ်ဖြစ်မယ့် သဘောတော့မရှိဘူးပေါ့၊ ရွေးကောက်ပွဲနေ့ကျရင် ပေးချင်တဲ့သူကိုပေး မပေးချင်လဲနေ တော်တော်ကို အားနည်းတဲ့ ရွေးကောက်ပွဲဖြစ်သွားမှာပေါ့။ နှစ်ဘက် စစ်ပွဲတွေကို ရပ်ပေးဖို့က နိုင်ငံရေးနဲ့ဆိုင်တယ်။ အဲနှစ်ချက်စလုံးက မဲဆွယ်ရေးကို မဖြစ်နိုင်တဲ့အခြေအနေ ရောက်သွားတာပေါ့။ နောက်တစ်ခုက ရွေးကောက်ပွဲမဖြစ်တဲ့နေရာတွေကိုလည်း UEC ကမကြေညာသေးတော့ ဘာလုပ်ရမှန်းမသိသေးဘူး။ ကျနော်တို့ကတော့ ဒီလိုပဲ ရေစုန်မျှောပြီးနေနေရတယ်။"

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီကြီးတွေဖြစ်တဲ့ NLD နဲ့ USDP အနေနဲ့လည်း ရခိုင်တိုင်းရင်းသားပါတီတွေ ရင်ဆိုင်ကြုံတွေ့နေရသလိုပဲ အခက်အခဲတွေရှိနေပြီး ရခိုင်ဒေသမှာ မဲဆွယ်လို့မရတဲ့အခြေအနေ ဖြစ်နေတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူတွေက ပြောကြပါတယ်။

ရွေးကောက်ပွဲ‌ကော်မရှင်က တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မဲဆန္ဒနယ်အားလုံးမှာ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ကနဦး ကြေညာထားပြီး မကျင်းပနိုင်တဲ့နေရာတွေရှိခဲ့ရင် လာမယ့် အောက်တိုဘာလမှာ ပြန်လည် ကြေညာသွားမယ်လို့ ဆိုထားပါတယ်။

မဲဆွယ်စည်းရုံခွင့်ကာလကို စက်တင်ဘာ ၈ ရက်နေ့ စတင်ပြီး ရက်ပေါင်း ၆၀ ခွင့်ပြုထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုဟာ အရှိန်လျော့ကျလာရာကနေ ပြီးခဲ့တဲ့ လလယ်ပိုင်းက စလို့ ကူးစက်နှုန်း မြန်လာပြီး ကူးစက်ခံရသူ အများစုဟာ ရခိုင်ပြည်နယ်မှာ နေထိုင်သူ၊ ရခိုင်ပြည်နယ်ကနေ ခရီးထွက်လာသူတွေ ဖြစ်နေပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းအရ သြဂုတ်လနဲ့ စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ်မှာ အတည်ပြုလူနာ ၅၆၅ ဦး ရှိပါပြီ။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂ဝ၁၈ ဒီဇင်ဘာလကနေ စက်တင်ဘာ ၅ ရက်နေ့အထိ စစ်ရေးနဲ့ဆက်နွယ်ပြီး သေဆုံးတဲ့ အရပ်သား ၂၈၅ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်းက ၆၃၀ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့မှာကျင်းပတဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ဝဒေသ ငါးမြို့နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပဖို့ လုံခြုံရေးအရ မဖြစ်နိုင်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ကို အကြံပြုထားတယ်လို့ ပြောကြားထားပါတယ်။ ဘယ်မြို့နယ်တွေ ပါဝင်တယ် ဆိုတာကိုတော့ အတိအကျ ပြောဆိုသွားတာမရှိပါဘူး။

တပ်မတော်ဘက်က တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ဝ ဒေသမှာ လုံခြုံရေးမပေးနိုင်ဘူးလို့ ပြောထားပြီးသားဖြစ်တဲ့အတွက် ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာတွေကို အမြန်ဆုံးကြေညာပေးသင့်တယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ထောက်ပြပါတယ်။

"မဲဆွယ်စည်းရုံးရေးကာလက နှစ်လ တပ်မတော်ဘက်က ဝဒေသနဲ့ ရခိုင်တိုက်ပွဲဖြစ်နေတဲ့ နေရာတချို့မှာ လုံခြုံရေးမပေးနိုင်ဘူးလို့ ပြောထားတယ်။ UEC က ရွေးကောက်ပွဲ မကျင်းပမယ့်နေရာတွေကို အချိန်နဲ့ တပြေးညီ ကမ်ပိန်း မလုပ်ခင် ကြေညာဖို့ကောင်းတယ်။ နှစ်လအတွင်း တစ်လမှာ မဲဆွယ်ပြီးမှ ကြေညာလိုက်ရင် မဲဆွယ်စည်းရုံးခဲ့တဲ့အချိန်၊ လူအင်အားအကုန် အလဟဿ ဖြစ်သွားမယ်။"

မဲဆွယ်စည်းရုံးခွင့်ကာလအတွင်း အားသွန်ခွန်စိုက် မဲဆွယ်ပြီးမှ မိမိဝင်ပြိုင်မယ့် မဲဆန္ဒနယ်မှာ ရွေးကောက်ပွဲ ဖျက်သိမ်းသွားမှာကို ရခိုင်ပြည်နယ်က ကိုယ်စားလောင်းတွေက စိုးရိမ်နေကြတာပါ။

နယူးမြန်မာဖောင်ဒေးရှင်းက ရွေးကောက်ပွဲဆိုင်ရာအကြံပေး ဒေါ်မြနန္ဒာသင်းကတော့ တစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့လိုအပ်ပြီး အားလုံး ပါဝင်ဆွေးနွေးသင့်တယ်လို့ အကြံပြုပါတယ်။

"တစ်ဖွဲ့တစုက မလုပ်ချင်ဘူးဆိုပေမယ့် လုပ်ချင်တဲ့ ရွေးကောက်ပွဲကျင်းပချင်တဲ့ မဲဆန္ဒရှင်တွေ ရှိနိုင်တယ်။ တိုင်းရင်းသားပါတီတွေ ကိုယ်စားလှယ်လောင်းတွေအနေနဲ့လည်း တန်းတူအခွင့်အရေးရချင်မှာပဲ။ အထူးသဖြင့် ကိုယ်စားလှယ်လောင်းတွေ တန်းတူအခွင့်အရေးရချင်မှာပဲ တစ်ဘက်ဘက်ကပဲ လုပ်မယ်၊ မလုပ်သင့်ဘူးဆိုတာထက် အကုန်လုံးဆွေးနွေးပြီးတော့ အဖြေရှာကြရင် ကောင်းမယ်ထင်ပါတယ်။"

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကတော့ ရွေးကောက်ပွဲ ဖြစ်ခြင်း၊ မဖြစ်ခြင်းထက် နိုင်ငံရေးပါတီမှာ တာဝန်ရှိသူတွေကတော့ လုပ်စရာရှိတာလုပ်နေရတယ်လို့ ပြောပါတယ်။

"ရွေးကောက်ပွဲက ရခိုင်တစ်ပြည်နယ်လုံးမဖြစ်နိုင်ဘူးလို့ ပြောထားတာရှိတယ်။ သူတို့ပြောသလို ငါးမြို့နယ်ထဲတော့ မကဘူးလို့ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးပါတီဖြစ်တော့ ကော်မရှင်စည်းကမ်းနဲ့အညီ ကိုယ်စားလှယ်လောင်းကို သူတို့သတ်မှတ်ရက်မှာ ဆွဲရတဲ့အခါကြတော့ ဖြစ်ချင်းမဖြစ်ချင်းကတစ်ပိုင်း လုပ်ရမယ့်အလုပ်ကို ပုံမှန်လုပ်နေရပါတယ်။"

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရခိုင်ပြည်နယ် တောင်ပိုင်း ကျောက်ဖြူ၊ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင်၊ ဂွ၊ အမ်း၊ တောင်ကုတ် စတဲ့မြို့နယ်တွေနဲ့ မြောက်ပိုင်းက ကျောက်တော်မြို့နယ်မှာ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ရခိုင်ပြည်သူတွေဟာလည်း စစ်ရေးနဲ့ ရောဂါကာကွယ်ရေးကြားမှာ စားဝတ်နေရေး ကျပ်တည်းနေပြီး ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင်သလို ဒီမိုကရေစီ ဖော်ဆောင်ရာမှာ လက်ရှိ လွှတ်တော်လမ်းကြောင်းကို အယုံအကြည်မရှိ၊ အားမရ ဖြစ်နေကြသူတွေ များပြားလာတယ်လို့ ကိုယ်စားလှယ်လောင်းတွေက ဆိုပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့်လို့ ကနဦး ကြေညာချက်ထဲမှာ ပါဝင်တဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) " ဝ " ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက " ဝ " တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာ လေးမြို့နယ်နဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းလားမြို့နယ်မှာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတွေ ဖွဲ့စည်းထားခြင်းမရှိပါဘူး။

ကော်မရှင်အဖွဲ့ခွဲတွေမရှိတဲ့အတွက် အဲဒီနေရာတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်က ပြောပါတယ်။

"အဲ့ဒေသတွေမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် နိုင်ငံရေးပါတီတွေရှိရမယ် UEC မှာမှတ်ပုံတင်ရတယ် ရွေးကောက်ခံမယ့်ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်းတင်သွင်းရမယ် အဲ့ဒါတွေဘာမှမရှိဘူး  နောက်တစ်ခါ နဲ့ဒီဒေသတွေမှာ ကျနော်တို့ အဖွဲ့အစည်းတွေရှိရမယ် အုပ်ချုပ်ရေးအဖွဲ့တွေ ရှိဖို့လိုတယ် အဲ့ဒါတွေမရှိဘူး အဆင့်တွေအများကြီးကျန်သေးတယ် အဲ့ဒါတွေမရှိပဲနဲ့တော့ ရွေးကောက်ပွဲ ကျင်းပလို့ မရဘူး။"

ရှမ်းပြည်အရှေ့ပိုင်းက မိုင်းလားမြို့နယ်နဲ့ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက ဝ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်တဲ့ မိုင်မော့၊ ပန်ဝိုင်၊ နားဖန်း၊ ပန်ဆန်းစတဲ့ မြို့နယ်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာလည်း ကျင်းပနိုင်ခြင်းမရှိပါဘူး။

ဝ အမျိုးသားပါတီအနေနဲ့ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ့ အစိုးရအုပ်ချုပ်တဲ့ ဟိုပန်နဲ့ မက်မန်း မြို့နယ်တွေမှာပဲ ကိုယ်စားလှယ်လောင်းတင်ထားတယ်လို့ ပါတီ အထွေထွေအတွင်းရေးမှူး ဦးဆမ်းဆောင်ကားက ပြောပါတယ်။

"လက်နက်ကိုင်အဖွဲ့ထိန်းချုပ်တဲ့နေရာ လေးနေရာကတော့ ဝင်လို့မရဘူး။ ၂၀၁၀ ရော ၂၀၁၅ မှာရော ဝင်လို့မရခဲ့ဘူး။ အခုလည်းဝင်ဖို့ အခြေအနေမရှိပါဘူး။ နှစ်နေရာကတော့ အစိုးရ ထိန်းချုပ်မှု အောက်မှာ ရှိတဲ့အတွက် ဟိုပန်နဲ့ မက်မန်းမှာ ပြိုင်တယ်။"

လာမယ့် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၉၀ ကျော်က ဝင်ရောက်ယှဉ်ပြိုင် မှာဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၇၀၂၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းခဲ့ရာမှာ ကော်မရှင်က ၆၉၆၉ ဦးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုထားပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် တစ်နိုင်ငံလုံးက မြို့နယ်ပေါင်း ၃၃ဝ မှာ မဲဆန္ဒနယ် ၃၃ဝ၊ အမျိုးသားလွှတ်တော် အတွက် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေအတွက် မဲဆန္ဒနယ် ၆၄၄ နယ်မှာ ရွေးကောက်ပွဲတွေ ကျင်းပမှာဖြစ်တယ်လို့ ကနဦး ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့