တပ်မတော်ရဲ့ထုတ်ပြန်ချက် စိုးရိမ်မှုတွေ ပေါ်ထွက်

ခင်မောင်စိုး
2020-11-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာလ ၂ ရက်နေ့ ထုတ်ပြန်ကြေညာချက်မှာ  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ လက်ရှိဆောင်ရွက်ချက်တွေကြောင့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးအတွက် သံသယရှိကြောင်းနဲ့ ဒီကိစ္စအတွက် အစိုးရမှာ တာဝန်ရှိကြောင်း ဖော်ပြထားပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က တပ်မတော်ရဲ့ကြေညာချက်ဟာ အခြေအနေတွေကို ကြိုတင်ပြင်ဆင်ထားသလို တွေ့ရတယ်လို့ ပြောပါတယ်။

“တပ်မတော်ရဲ့ ကြေညာချက်ကိုကြည့်ရင် တစုံတခု နှပ်ကြောင်းပေးတဲ့ သဘောလို့ ကျနော်တို့ တွေးယူလို့ရတယ်။ အခုကျင်းပမယ့် ရွေးကောက်ပွဲရဲ့ ရလဒ်ကိုကြည့်ပြီးတော့မှ သူ့မှာ ကြိုတင်ပြင်ဆင်ထားတဲ့ အနေအထားမျိုး သွားတွေ့ရတာပေါ့နော်။ ကျနော်တို့ ခန့်မှန်းလို့မရတဲ့ ခန့်မှန်းလို့ မကောင်းတတ်တဲ့ အနေအထားတခုကိုတောင်မှ ကြိုတင်ပြီးတော့မှ ကြံရွယ်နေတဲ့သဘောမျိုး စဉ်းစားစရာဖြစ်တာပေါ့။ အခု ကြုံတွေ့ရမဲ့ရွေးကောက်ပွဲက တော်တော်လေးကို ကျနော်တို့ သတိကြီးကြီးထား ဖြတ်သန်းဖို့လိုအပ်လိမ့်မယ်။ အဲလိုမှမဟုတ်ရင် ဒီမိုကရေစီက နောက်ကြောင်းပြန်လှည့်ပြီး အာဏာရှင်စနစ် ပြန်လည်ပြီးသက်ဆိုးရှည်လာမှာကို အထူးစိုးရိမ်ရပါတယ်။”


မြန်မာ့အရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ တပ်မတော်က  UEC အစား အစိုးရကို ရည်ရွယ်ထုတ်ပြန်တာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“တပ်မတော်က တကယ်တော့ UEC ကို ပြောချင်တာမဟုတ်ဘူး။ ဒီအစိုးရမှာ တာဝန်ရှိတယ်လို့ ပြောချင်တာ။ ဒီအစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ တပ်မတော်ရဲ့ သဘောထားနဲ့ မကိုက်ညီဘူးလို့ ဒါ ထုတ်ပြန်လိုက်တာပါ။ တပ်ချုပ် အကြိမ်ကြိမ်ပြောနေတာ လူတော်လူကောင်းတွေရွေးဖို့ သင့်တော်တဲ့လူရွေးဖို့ ဆိုတဲ့အဓိပ္ပါယ်တွေကတော့ လာမဲ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို လူတွေ မဲပေးလာအောင် တဖက်နည်းနဲ့ စည်းရုံးဆွဲဆောင်တဲ့ သဘောလို့ ယူဆတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေက တပ်မတော်ကို အမျိုးသားနိုင်ငံရေးရဲ့ ခေါင်းဆောင်မှုအခန်းမှာ ပါဝင်ရမယ်ဆိုပြီး ပြဌာန်းထားတယ်။ တပ်မတော်က တကယ်လုပ်နေတာက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ နောက်မြီးဆွဲ အဆိုပြုချက်တွေ လိုက်ထောက်ခံပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်  NLD က ဦးဆောင်လုပ်ခဲ့တာမှန်သမျှ ထော်လော်ကန့်လန့်လုပ်နေတာ။ ဒီနေ့ဖြစ်နေတဲ့ အခင်းအကျင်းက UEC မှာ တာဝန်ရှိသလို အစိုးရမှာလည်း တာဝန်ရှိတယ်။ တပ်မတော်မှာလဲ တာဝန်ရှိတယ်။ ဒီကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ အာဏာမရတဲ့အတွက် အာဏာရအောင်ယူမယ်ဆိုတဲ့ သဘောထားတွေရှိလာရင်တော့ ကျနော်တို့တိုင်းပြည်ဟာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတော့မှာ  ပြည်တွင်းစစ်သံသရာ ဆက်ရှည်သွားတော့မှာ တပ်မတော်ပါ ကွဲထွက်သွားနိုင်တယ်လို့ ကျနော်ထင်တယ်။”

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးကလည်း ရွေးကောက်ပွဲနီးကပ်ချိန်မှာ တပ်မတော်က အခုလို ထုတ်ပြန်တာဟာ စိုးရိမ်စရာပဲလို့ ပြောပါတယ်။

“၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကြီးဖြစ်တယ်ဆိုတာ တပ်မတော်ကိုယ်တိုင်သိပြီး ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ တပ်မတော်က နိုင်ငံရေးကိစ္စတွေ နဲ့ ပတ်သက်လို့ မရဘူး။ ပတ်သက်ရမယ့် အဖွဲ့အစည်း institution တခုလည်း မဟုတ်ဘူး။ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြိုထပ်နိုင်ခဲ့ရင် အာဏာသိမ်းနိုင်တယ်ဆိုပြီး ပြည်သူလူထု ခန့်မှန်းနေတာရှိတယ်။ နည်းနည်းလေး ရထားတဲ့ ဒီမိုကရေစီအခွင့်အလမ်းကို ပြန်လည်ပြီး နောက်ပြန်လှန်ကျအောင် လုပ်ခဲ့မယ်ဆိုရင် လုပ်ခဲ့တဲ့သူက တိုင်းပြည်ဖျက်ဆီးတဲ့ တရားခံပဲဖြစ်လိမ့်မယ်။”


မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး နိုင်လယိတမ ကတော့-

“တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အားလုံးက လိုလားတယ်။ တရားမျှတမှု ရှိလား မရှိဘူးလားဆိုတာတော့ လောလောဆယ် ယတိပြတ်ပြောဖို့ခက်ပါတယ်။ ရွေးကောက်ပွဲပြီးမှသာ တရားမျှတမှု ဘယ်လောက်ရှိမလဲဆိုတာ ပြောလို့ရမယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကျနော်ဘာမှ မှတ်ချက်မပေးလိုပါဘူး။”

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးသဲရယ်ကလည်း-

“UEC လုပ်သွားတဲ့ဟာက ၂ဝ၁၅ နဲ့ မတူပဲ တော်တော်လေး လွဲချော်မှုများတယ်။ UEC အဖွဲ့ဆိုတာလည်း အစိုးရရဲ့ လွှမ်းမိုးမှုအောက်မှာရှိနေတယ်ဆိုတာ ကျနော်တို့ တွေ့နေရတာပဲ။”

ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒု ဥက္ကဌ ဒေါ်ဒွဲဘူကလည်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်အပေါ် ဝေဖန်ပြောဆိုခြင်း မရှိသေးဘူးလို့ ပြောပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းအလိုမှာ ထုတ်ပြန်လိုက်တဲ့ တပ်မတော်ရဲ့ ကြေညာချက်အပေါ် ဝေဖန်စိုးရိမ်မှုတွေ ဆက်လက်ပေါ်ထွက်နေပါတယ်။

-----------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့