တရုတ်သမ္မတရဲ့ မြန်မာခရီးမှာ အပြန်အလှန်ဘာတွေရလိုက်လဲ

နေရိန်ကျော်
2020-01-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံကြစဉ်။
တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံကြစဉ်။
Photo: AFP

ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့အကြီးဆုံးခေါင်းဆောင် သမ္မတရှီကျင့်ဖျင်က နှစ်နိုင်ငံသံတမန် ထူထောင်တဲ့အနှစ် ၇ဝ ပြည့်ချိန်ကို အကြောင်းပြုပြီး မြန်မာနိုင်ငံကို လာသွားခဲ့ပါပြီ။

၁၉ နှစ်မှာ တခါပြန်ပေါ်လာတဲ့ တရုတ်သမ္မတတယောက်ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံကြား ထူးခြားတဲ့ ဖြစ်ရပ်ဖြစ်ခဲ့သလို ဒီခရီးစဉ်အတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မယ့် သဘောတူညီချက်၊ နားလည်မှုစာချွန်လွှာနဲ့ စာချုပ်ပေါင်း ၃၃ ခု ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီ့အပြင် မြန်မာဖွံ့ဖြိုးရေးအတွက် တရုတ်က ယွမ်ငွေသန်းလေးထောင် ကူညီမယ်လို့လည်း ဆိုပါတယ်။

ဒီခရီးစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က မြန်မာ့နိုင်ငံရေးနဲ့ နှစ်နိုင်ငံစီးပွားရေးတွေ ဆွေးနွေးကြတဲ့အခါမှာ နိုင်ငံရေးကဏ္ဍအတွက် NCA လက်မှတ်မထိုးရသေးတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ NCA မှာ လက်မှတ်ထိုးလာနိုင်ဖို့ကိစ္စ ပါဝင်တယ်လို့ သိရပါတယ်။

စီးပွားရေးကဏ္ဍမှာတော့ တရုတ်က လိုချင်နေတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်၊ ရန်ကုန်မြို့သစ်စီမံကိန်းတို့ ပါဝင်ပါတယ်။

သဘောတူလက်မှတ်ထိုးလိုက်တဲ့ ၃၃ ချက်မှာလဲ အဲဒီကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ရန်ကုန်မြို့သစ်စီမံကိန်းလို ဧရာမစီမံချက်တွေအပြင် မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ ယူနန်ပြည်နယ်ကြား ချစ်ကြည်မှုနဲ့ စီးပွားရေးစင်္ကြန် ပူးတွဲတည်ထောင်ရေးတို့ပါပြီး၊ တရုတ်နဲ့မြန်မာ အသံလွှင့်ဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်ရေးလည်း ပါဝင်ပါတယ်။

ဒါကြောင့် CMEC – China Myanmar Economic Corridor ဆိုတဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြန်လမ်း စီမံကိန်းအတွက် အဓိကလိုအပ်မယ့် ထူထောင်မှုတွေကို သဘောတူလိုက်ကြပြီလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒီစီးပွားရေးစင်္ကြန်လမ်းဟာ မြန်မာနိုင်ငံမြောက်ပိုင်းကနေ ပြည်တွင်းကိုဖြတ်ပြီး ကျောက်ဖြူကို သွားမှာဖြစ်တဲ့အတွက် စင်္ကြန်လမ်းရဲ့အစ မြန်မာပြည်မြောက်ပိုင်းဒေသမှာတော့ ဝ၊ ကချင်၊ ရှမ်း၊ ကိုးကန့်နဲ့ တအာင်းလက်နက်ကိုင်အဖွဲ့တွေရှိပြီး၊ စင်္ကြန်လမ်းရဲ့အဆုံး ကျောက်ဖြူရှိတဲ့ ရခိုင်မှာတော့ AA အဖွဲ့တို့ ရှိနေပါတယ်။ ဒါကြောင့် တရုတ်အနေနဲ့ သူ့ရဲ့မြန်မာနိုင်ငံထဲကအပိုင်း အောင်မြင်ဖို့ဆိုရင် အစိုးရ၊ တပ်မတော်တို့နဲ့ပြေလည်ရမယ့်အပြင် အဲဒီဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ပြေလည်ဖို့က လိုအပ်နေတာအမှန်ပါ။

ဒီနေရာမှာ တရုတ်ရဲ့လူတန်းစားလက္ခဏာကိုပြန်ကြည့်ရင် သူဟာ စီးပွားရေးအကျိုးစီးပွားပဓာနဝါဒီ ဖြစ်နေတဲ့အတွက် ဘယ်နိုင်ငံမှာမဆို သူ့စီးပွားရေးပြေလည်ဖို့အတွက်သာ ဦးစားပေးလေ့ရှိတာတွေ့ရပြီး ထိပ်တိုက်တွေ့တဲ့နည်းကို ရှောင်လေ့ရှိတာတွေ့ရပါတယ်။

ဒီနေရာမှာ ဂျပန်နိုင်ငံထုတ် Nikkei Asian သတင်းစာက အခုလိုရေးပါတယ်။ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်နေတဲ့ မြန်မာနိုင်ငံဟာ သူ့အကျိုးစီးပွားအတွက် မဟာဗျူဟာကျတဲ့ ဒေသတခုဖြစ်ပြီး ဒီဒေသမှာ လုံခြုံရေးရှိဖို့က အရေးကြီးနေပါတယ်တဲ့။ ဒီလမ်းကြောင်းကိုရပြီဆိုရင် မလက္ကာရေလက်ကြားကနေဖြတ်သယ်မယ့် သူ့အတွက် စွမ်းအင်လောင်စာစိတ်ချရပြီလို့ ဆိုပါတယ်။ အဲဒီအပြင် မြန်မာနဲ့ အခုလိုနိုင်ငံရေး စီးပွားရေးပြေလည်အောင်ဆောင်ရွက်တာဟာ သူ့ရဲ့ ပထဝီ နိုင်ငံရေးရည်မှန်းချက်အောင်မြင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယသမုဒ္ဒရာကမ်းခြေနိုင်ငံတွေမှာ ဆိပ်ကမ်းတွေတည်ဆောက်ဖို့ စိုင်းပြင်းထားတဲ့ တရုတ်ရဲ့ ပုလဲလည်ဆွဲမဟာဗျူဟာစီမံကိန်းကိုလည်း ဆက်ပြီးအကောင်အထည်ဖော်နေတာလို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ်ကစလို့ စစ်အုပ်ချုပ်မှုအောက်ကနေထွက်ပြီး ဒီမိုကရေစီစနစ်ပြုပြင်ပြောင်းလဲရေးလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဟာလဲ သံတမန်ဆက်ဆံရေးမှာ တရုတ်ကိုအားကိုးရမယ့်အစား ဘက်မလိုက်နေဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရဖြစ်လာတဲ့ ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာတော့ မြောက်ပိုင်းလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေအပေါ် တရုတ်က တစိတ်တပိုင်းသြဇာလွှမ်းမိုးလာတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ တရုတ်အပေါ်ပြန်ပြီး မှီခိုလာရပြန်တယ်လို့ Nikkei Asian သတင်းစာက ထောက်ပြပါတယ်။

ဒါကြောင့် မြန်မာအနေနဲ့ တရုတ်နဲ့ ဆက်ဆံရေးကောင်းအောင် ဆက်နေရမယ့်အခြေအနေကလွဲလို့ တခြားနည်းလမ်းမရှိဘဲဖြစ်နေတယ်လို့ ဂျပန်နိုင်ငံက မူဝါဒရေးရာလေ့လာရေးအမျိုးသားတက္ကသိုလ်က ပါမောက္ခ တိုရှီဟီရို ကူဒိုက သုံးသပ်ပါတယ်။

တဖက်မှာလည်း မြန်မာနိုင်ငံမှာ တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ရိုဟင်ဂျာတွေကို မောင်းထုတ်လိုက်တာတွေနဲ့ပတ်သက်လို့ နိုင်ငံတကာ၊ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့ကြီးတွေက ဝိုင်းဝေဖန်ပြီး ICJ မှာ တရားမျှတရေးအတွက် အရေးယူဖို့ကြိုးစားနေတဲ့ကာလမှာ တရုတ်က မြန်မာအစိုးရဘက်က ရပ်တည်တဲ့အကြောင်း ကမ္ဘာကို ထင်ထင်ရှားရှားပြလိုက်တာလို့ သုံးသပ်နေကြတာလဲရှိပါတယ်။ တရုတ်သမ္မတရောက်နေတဲ့ကာလမှာပဲ မြစ်ဆုံစီမံကိန်းအပြီးရပ်ပေးဖို့နဲ့ စီမံကိန်းတွေဟာ ပြည်သူအတွက်အကျိုးရှိဖို့ ရန်ကုန်မြို့မှာ တောင်းဆိုကြတာလညတွ့ရပါတယ်။

အချုပ်အားဖြင့်ဆိုရင် မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နဲ့ လက်နက်ကိုင်တိုင်းရင်းသားတချို့က တရုတ်သမ္မတရဲ့ခရီးစဉ်ကို ကြိုဆိုထောက်ခံချီးကျူးခဲ့ကြပြီး  ပြည်တွင်းအရပ်ဘက်အဖွဲ့နဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အောက်ခြေပြည်သူတွေ၊ လူ့အခွင့်အရေးစံနှုန်းတွေကို လေးစားတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတချို့က လက်မခံကြတာတွေ့ရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့