ပလက်ဝ စစ်ဘေးဒုက္ခသည်တွေ မိုးတွင်းကာလ နေစရာလိုအပ်နေ

2020-05-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက၊ အိမ်ထောင်စု ၁၆၀၀ ကျော်၊ စစ်ဘေးဒုက္ခသည် ၉၀၀၀ ကျော်အတွက် မိုးမကျမီ နေစရာဆောက်လုပ်ဖို့ အစိုးရ၊ အရပ်ဖက်အဖွဲ့တွေက စီစဉ်နေရာမှာ ငွေကြေးလိုအပ်ချက်တွေရှိနေ ပါတယ်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကစတင်ပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ရွာတွေကနေ ပလက်ဝ၊ ဆမီးမြို့နဲ့ မီးဇာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံ ၉၀၀၀ နီးပါး ဟာ စာသင်ကျောင်းတွေ၊ ဘာသာရေးကျောင်းတွေနဲ့ နီးစပ်ရာဆွေမျိုးအိမ်တွေမှာ နေထိုင်နေကြရပါတယ်။

ဒီနေရာတွေမှာ ရေရှည်နေထိုင်ဖို့ အဆင်မပြေသလို စာသင်ကျောင်းတွေ ပြန်ဖွင့်တော့မယ်ဆိုရင်လည်း ဒုက္ခသည်တွေကို လက်ခံထားလို့ မရတော့တာကြောင့် လာမယ့်ဇွန်လမတိုင်ခင် စစ်ဘေးဒုက္ခသည်တွေကို နေစရာချထားပေးဖို့ လိုအပ်လာပါတယ်။

စာသင်ကျောင်းမှာ လူဦးရေအများအပြား စုဝေးနေထိုင်နေရပြီး လက်ရှိအခြေအနေအရလည်း ရွာကိုပြန်လို့မရ ဖြစ်နေတယ်လို့ နန်းချောင်းဝကျေးရွာကနေ ပလက်ဝမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာတာ တလနီးပါးရှိပြီ ဖြစ်တဲ့ ဦးဆင်ကိုး က ပြောပါတယ်။

“အထက ကျောင်းတစ်ကျောင်းမှာ နေတယ်။ လူပေါင်းက ၁၀၀ ကျော်လောက်ရှိတဲ့အခါကျတော့ သိပ်အဆင် မပြေဘူးဖြစ်နေတယ်။ လူပြည့်နှက်ဖြစ်နေတော့ သိပ်အဆင်မပြေဘူး။ ပလက်ဝနဲ့ နန်းချောင်းဝ ဆိုရင် ခြေလျင်နဲ့ဆို ၄ နာရီလောက်လျှောက်ရတယ်။ အခုကတော့ သွားလို့ အဆင်မပြေဘူး။”


မိုးတွင်းမတိုင်မီ ဒုက္ခသည်တွေကို ဝါးတွေနဲ့ နေအိမ်ဆောက်လုပ်ပေးဖို့ ချင်း စစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးကော်မတီ RRCCI က အလှူငွေ ကောက်ခံနေပါတယ်။

နေထိုင်သူတွေကိုယ်တိုင် အိမ်ဆောက်လုပ်မှာဖြစ်ပြီး ဝါးနဲ့ဆောက်လုပ်မယ့် ၁၀ ပေ၊ ၁၂ ပေ အကျယ်ရှိတဲ့ နေအိမ်တစ်လုံးအတွက် ကုန်ကျစားရိတ်၂ သိန်းခန့်ရှိနိုင်တယ်လို့ တွက်ချက်ထားပါတယ်။

အစိုးရဘက်က နေစရာဆောက်လုပ်ပေးဖို့ မူအားဖြင့်သဘောတူခဲ့တာရှိပေမယ့် အားလုံးကို ကူညီနိုင်မယ်လို့ ပြောလို့မရတာကြောင့် အရပ်ဖက်အဖွဲ့အစည်းတွေဘက်ကလည်း ကြိုးစားနေတာဖြစ်တယ်လို့ RRCCI ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေ ကပြောပါတယ်။

“မိုးတွင်းပိုင်းမှာ တော်တော်လေး အခက်အခဲရှိနိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုဗစ် ၁၉ ကြောင့်သာ တချို့ကျောင်းနေရာတွေမှာ နေခွင့်ရတာပေါ့။ လူကယ်ပြန်က ကူညီဆောင်ရွက်ပေးမယ်ဆိုပြီးတော့ မူအားဖြင့် သဘောတူပြီပေါ့နော်။ ကျန်တဲ့လုပ်ငန်းကိုတော့ ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ ဆက်ပြီးတော့ လုပ်သွားရမှာပေါ့။ တခါတလေကျရင် အစိုးရကိုပဲ အကုန်လုံးအားကိုးနေရင် အစိုးရဘက်ကလည်း ဝန်ပိနိုင်တဲ့ အပိုင်းတွေရှိတာပေါ့ ကျမတို့ဘက်ကလည်း အဲတော့ ကိုယ်ရသရွေ့ကိုလုပ်တဲ့သဘောပေါ့။”



စစ်ဘေးဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို RRCCI ရဲ့ တာဝန်ရှိသူတွေက ပြည်ထောင်စု အစိုးရအဖွဲ့၊ လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးစိုးထက် တို့ကို ထ အခုလ ၄ ရက်နေ့က  တင်ပြဆွေးနွေးခဲ့ပါတယ်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနဲ့ ပြည်နယ်အစိုးရ ရန်ပုံငွေတို့ကနေ ဒုက္ခသည် တွေကို နေစရာပေးဖို့ ကျပ်သိန်း ၂၄၀၀ ရဖို့ရှိတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးစိုးထက် ကပြောပါတယ်။

“အဲဒီကော်မတီကနေ သိန်း ၁၂၀၀ ရမယ်၊ ကျွန်တော်တို့ ပြည်နယ် သဘာဝဘေးဒဏ်ရနေရှိတဲ့ငွေကနေ သိန်း ၁၂၀၀ ကူညီဖို့ အဲလိုလေးသိရထားပါတယ်ခင်ဗျ။”

ရရှိငွေနဲ့ ပေ ၁၀၀ ပေ ၃၀ ရှိတဲ့ ရွက်ဖျင်တဲ ၄၈ လုံးကို ပလက်ဝမြို့၊ ဆမီးမြို့၊ မီးဇာနဲ့ စိမ်းစိမ်းကျေးရွာတွေမှာ ဆောက်လုပ်ပေးသွားဖို့ရှိတယ်လို့ပြောပါတယ်။

ပလက်ဝမြို့နယ်အတွင်းမှာ စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၁၆၀၀ လောက်ရှိပြီး ဘက်ဂျက်အရ နေရာချ ထားပေးနိုင်တဲ့ အိမ်ထောင်စု အရေအတွက်ဟာ ၉၆၀ သာရှိမှာဖြစ်လို့ လိုအပ်ချက်တွေရှိဦးမှာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

မိုးတွင်းမှာ နေထိုင်နိုင်အောင် ရွက်ဖျင်တဲတွေကို ပလက်ဝ၊ မြို့မရပ်ကွက်က ဘောလုံးကွင်း၊ မီးဇာ၊ စိမ်းစိမ်းနဲ့ ဆမီး ဘောလုံးကွင်းတွေမှာ လုပ်ဆောင်ပေးသွားမယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေက အလှူရှင်တွေဆီက ငွေကောက်ခံပြီး စစ်ဘေးဒုက္ခသည်တွေအတွက် မြို့ပေါ်က မြေကွက်လပ်တစ်ခုမှာ ယာယီတဲအိမ်တွေ ဆောက်လုပ်နေတာကို ပြည်နယ်အစိုးရက ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်တယ်ဆိုပြီး ဧပြီလ ၂၉ ရက်နေ့က တားမြစ်လို့ ရပ်နား ထားရပါတယ်။

ပလက်ဝမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် လေးထောင်နီးပါး၊ ဆမီးမြို့မှာ သုံးထောင်နီးပါး၊ မီးဇာကျေးရွာမှာ နှစ်ထောင်ကျော်နဲ့ ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ စစ်ဘေးဒုက္ခသည် နှစ်ရာနီးပါးရှိနေပြီ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့