ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ဖို့ တပ်မတော် သဘောတူလက်မှတ်ရေးထိုး

စောဖိုးခွား
2020-08-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ


၂၁ ရာစုပင်လုံညီလာခံ နောက်ဆုံးနေ့မှာ အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁ဝ ဖွဲ့အကြား  ဒီမိုကရေစီနဲ့ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးအတွက် သဘောတူညီချက်စာချုပ်ကို  လက်မှတ်ရေးထိုးနိုင်လိုက်တာဟာ အခြေခံအားဖြင့် နှစ်ပေါင်း ၇ဝ ကျော်ကြာ ငြင်းဆန်လာခဲ့တဲ့ ဖက်ဒရယ်စနစ်ကို တပ်မတော်က တရားဝင်လက်ခံလိုက်တာဖြစ်လို့ ထူးခြားတဲ့ ခြေလှမ်းတခုလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။  ဒါပေမယ့်  လက်တွေ့မှာ အကောင်ထည်ဖော်ဖို့ အချိန်ကာလနဲ့ အခက်အခဲတွေ ရှိနေဦးမယ်လို့လည်း  သုံးသပ်ကြပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာ နောက်ဆုံးအကြိမ် ကျင်းပတာဖြစ်တဲ့ ၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေး တတိယမြောက်နေ့ မှာ အစိုးရ၊ တပ်မတော်နဲ့ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေ၊ နိုငံရေးပါတီတွေက ကိုယ်စားလှယ်တွေက အပိုင်း ၃ ပိုင်းပါတဲ့ ပြည်ထောင်စု သဘောတူညီချက် စာချုပ် ကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ဒီစာချုပ်ထဲမှာ အနာဂတ်မှာ ဘယ်လို ဒီမိုကရေစီ စနစ်မျိုး၊ ဘယ်လိုဖက်ဒရယ်စနစ်မျိုးကို တည်ဆောက်မလဲဆိုတဲ့ အခြေခံမူလမ်းညွှန်ချက်တွေ ပါဝင်ပြီး နောက်ပိုင်းမှာ တိုင်းပြည်တာဝန်ယူရမယ့် အစိုးရအဆက်ဆက်က ဒီအခြေခံမူတွေအပေါ်မှာ မူတည်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို ဆက်လက်တည်ဆောက်သွားနိုင်ဖို့ တရားဝင် ခြေလှမ်းဖြစ်တယ်လို့ သိရပါတယ်။

ဖက်ဒရယ် နိုင်ငံတည်ဆောက်ရေးအတွက် သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးနိုင်လိုက်တာဟာ အခြေခံအားဖြင့် နှစ်ပေါင်း ၇ဝ ကျော်ကြာ ငြင်းဆန်လာခဲ့တဲ့ ဖက်ဒရယ်စနစ်ကို တပ်မတော်က တရားဝင်လက်ခံလိုက်တာဖြစ်လို့ ထူးခြားတဲ့ ခြေလှမ်းတခုလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ....

" ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကတည်းက ဒါတွေကိုလက်ခံခဲ့တာမဟုတ်ပါဘူး။ သို့ပေမယ့် သူတို့အုပ်ချုပ်စဉ်ကာလမှာ တိုင်းရင်းသားလက်နက်ကိုင်ဆိုတာကလည်း မရှိတဲ့နေရာ မရှိသလောက်ဖြစ်လာတယ်။ နှစ်ကလည်း တော်တော်ကြာလာတယ်။ တိုင်းရင်းသားတွေကလည်း သူတို့လိုလားချက်တွေကိုတောင်းဆိုလာတာများလာတယ်။ ဒါတွေကို လက်တွေ့မဖြေရှင်းလို့ မရတော့တဲ့အခါကြတော့ တပ်ကလည်း သဘောထားပြောင်းလာပုံရပါတယ်။ အရင်က ဖက်ဒရယ်ဆိုတဲ့စကားပြောလို့မှမရတာ၊ အခုကတော့ ဖက်ဒရယ်အခြေခံမူတွေလိုအပ်တယ်လို့ ယုံကြည်လာပုံရတယ်။ဒါပေမဲ့ ဒီမိုကရေစီဆိုတာကိုတော့ အကန့်အသတ်နဲ့ပဲ ပေးချင်တဲ့သဘောတော့ ဒီနေ့ထိရှိပါသေးတယ်။ သို့သော် ဦးသိန်းစိန်အစိုးရကစပြီး NLD လက်ထက်တွင်းမှာ အကြိမ်ကြိမ်ဆွေးနွေး တဖက်ကလည်း တိုက်ပွဲတွေဖြစ်၊ အဲ့ဒီအခြေအနေမှာသူတို့ကလည်း ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မှရမယ်။ စစ်ရေးပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းမှာ ဖြေရှင်းဖို့လိုပြီဆိုတာကို အနှစ် ၇၀ ကြာတော့မှသဘောပေါက်လာတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ အရှည်လျားဆုံးစစ်ပွဲပေါ့။ လူထုတွေရဲ့သဘောထားတွေ၊ နိုင်ငံရေးအင်အားစုတွေကလည်း ဒီကိစ္စတွေတောက်လျှောက်ပြောလာတဲ့အခါကြတော့ တပ်မတော်အနေနဲ့က ဒီကိစ္စကို မဖြေရှင်းရင် မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ပြဿနာမဖြေရှင်းနိုင်ဘူးဆိုတာ တပ်ကသဘောပေါက်ပုံရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဖြေရှင်းရေးတွေနဲ့ ပတ်သက်လို့တော့ တပ်က အခုအခံတွေ ရှိပါသေးတယ်။ အပြီးအပိုင် ဒါကြီးက ငြိမ်းချမ်းရေးအတွက် အာမခံချက်ရှိသွားတာတော့ မဟုတ်ပါဘူး။ ဆက်လက်ဆွေးနွေးဖို့ လမ်းစရသွားတာပေါ့။ ဒါဟာ ကျနော်တို့တိုင်းပြည်နဲ့ ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက်တော့ ကောင်းမွန်တဲ့အလားအလာမို့ ကျနော်တို့က ကြိုဆိုပါတယ်။

ညီလာခံနဲ့ပတ်သက်လို့ လေ့လာသူတွေရဲ့ အမြင်က မတူညီကြပါဘူး။  အကောင်ထည်ဖော်ရမယ့် လုပ်ငန်းတွေအတွက် ဆွေးနွေးစရာတွေရှိနေသလို လက်တွေ့ပိုင်းမှာ ထူးထူးခြားခြား တိုးတက်မှုမတွေ့ရဘူးလို့ နိုင်ငံရေးလေ့လာတချို့က သုံးသပ်ကြပါတယ်။

တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးက ...

"ကျနော့်အမြင်ကတော့ ဒီပင်လုံကို ထူးခြားတိုးတက်တာ ဘာမှမမြင်ပါဘူး။ဒီနေ့ညီလာခံမှာ နှစ်ဘက်စေ့စပ်ပြီး ကျော်လွှားလို့ရမယ့် ရေဘူယျသဘောတူညီချက်တွေလို့ပဲထင်ပါတယ်။ လက်တွေ့မှာက အများကြီးဆွေးနွေးပြီးတော့စေ့စပ်ညှိနှိုင်းဖြေရှင်းရဦးမယ်ထင်ပါတယ်။  ၂ဝ၂ဝ အလွန် ဖယ်ဒရယ်တည်ဆောက်ရေးအစီအစဉ်ဆိုတာကတော့ နှစ်ဘက်ရည်မှန်းချက်တွေကိုပြောတာဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့နှစ်ဖက်ရည်မှန်းချက်ဆိုတာကို အဓိပ္ပါယ်ဖွင့်မယ်ဆိုရင် တဖက်ချင်းစီကဖွင့်လို့ရတဲ့ အဓိပ္ပါယ်တွေ အများကြီးရှိတာမို့ တကယ်တမ်း ဆွေးနွေးကြဦးမယ်ဆိုရင်တော့ ဆွေးနွေးညှိနှိုင်းဖို့ ငြင်းခုန်ကြဖို့ အများကြီးလိုဦးမယ်လို့ ထင်ပါတယ်။ ဖက်ဒရယ်သွားမယ်ဆိုပေမယ့် ဒီနေ့ထိက ပြည်နယ်ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးသဘောတူညီချက်မရသေးဘူး။ နောက်တဖက်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအောက်ကဆိုပြီးပြောနေကြတာရှိတယ်။ တချို့ကလည်း ဖက်ဒရယ်ရေးဆွဲရေးမှာ ရှစ်ပြည်နယ်လိုအပ်တယ်ပြောတဲ့သူရှိတယ်။ မလိုအပ်ဘူးပြောတဲ့သူရှိတယ်။ ယေဘူယျမှာချောမွေ့တယ်လို့ ထင်ဖို့ကောင်းပေမယ့် လက်တွေ့မှာဖြေရှင်းရမယ့် ပြဿနာတွေကအများကြီးပဲ။ သူ့ (NLD) အနေနဲ့ကတော့ ဒီပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွက် အပြီးသတ်မဖြစ်မနေလုပ်သွားတယ်လို့ပြောရမယ်"

ဒီစာချုပ် လက်မှတ်ထိုးနိုင်တာမှန်ပေမယ့်  နောင်တက်လာမယ့်အစိုးရတွေ မဖြစ်မနေ လုပ်ရမယ်ဆိုတဲ့ သဘောမျိုး မပါတဲ့အတွက် အခြေအနေဟာ အမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်။ ဒါ့အပြင် သဘောတူထားတဲ့ မူတွေဟာလည်း အခြေခံမှုတွေဖြစ်လို့ အသေးစိတ်ဆွေးနွေးရာမှာ အုပ်စုအဖွဲ့တိုင်းက သဘောထားကြီးဖို့ လိုပါတယ်လို့ သုံးသပ်တာလည်း ရှိပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းကတော့ ….

" ဒီပင်လုံကနေသိပ်ပြီး မြင့်မြင့်တော့မျှော်လင့်လို့မရပါဘူး။ လက်ရှိ NLD အစိုးရရဲ့ ငါးနှစ်သက်တမ်းမှာ နောက်ဆုံးညီလာခံလို့ ပြောလို့ရမယ်။ နောက်တစ်ခုက တိုင်းရင်းသားတွေ လိုချင်တာကလည်း ၂၀၂၀အလွန်မှာ ဘယ်လိုနိုင်ငံရေးပါတီကပဲ အာဏာရရ ဆွေးနွေးပွဲလုပ်ချင်တယ်ဆိုတဲ့ သဘောတူညီချက်မျိုး လိုချင်တာပေါ့။ လက်ရှိ NLD ကလည်း ညီလာခံအဆုံးသတ်နိုင်တယ်ဆိုတာ နိုင်ငံရေးအရ အောင်မြင်မှုပေါ့။ ပြီးခဲ့တဲ့ပြည်ထောင်စုသဘောတူညီချက် ၁၊ ၂ မှာ သဘောတူညီချက် ၅၁ ချက်ရထားပြီပြီ။ ရထားတာကို ဘာအကောင်အထည်ဖော်လဲဆိုတာကတော့မရှိသလောက်ပဲ။ NCA သဘောတူညီချက်မှာကိုက ဆက်ပြီးတော့ အကောင်အထည်ဖော်ရမယ့်ကိစ္စတွေ အဲ့ဒါတွေအကောင်အထည်ဖော်ဖို့ကတော်တော်နှေးတယ် ကျနော်တို့ ဒီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးက ၂၀၁၂ ခုနှစ်မှာ စတယ်။ ခုတော့ ၂၀၂၀ ရောက်သွားပြီဆိုတော့သိပ်ကြာနေပြီ။ သိပ်ကြာနေတော့ အပစ်အခတ်ရပ်စဲရေးမှာ ဒီထက်ဖြေရှင်းစရာ တစုံတရာ၊ အစိုးရဘက်ကလည်း အရေးကြီးတဲ့စိတ်သဘောထားကြီးမှုတွေ ပြရတော့မယ်လို့ ထင်ပါတယ်"

အပိုင်း ၃ ပိုင်းမှာ အပိုင်း ၁ NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင်သဘောတူညီချက်ကို ခိုင်မာရေး၊ အပိုင်း ၂ မှာ  ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်တွေနဲ့ အဆင့်လိုက် အကောင်အထည်ဖော်ရေး၊ အပိုင်း ၃ မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်တို့ကို အခြေခံ တဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရေးတွေ ပါဝင်ပါတယ်။  ဒီအထဲက ပြည်နယ်ဖွဲ့စည်းပုံနဲ့ ပြည်နယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေဒလို့ဆိုတဲ့ စကားရပ် အသုံးအနှုန်းအပိုင်းမှာတော့ နှစ်ဖက်သဘောတူညီမှုမရခဲ့တဲ့အတွက် ချန်ထားခဲ့ရပါတယ်။

ဒါပေမယ့်  ပြည်ထောင်စုနဲ့ ပြည်နယ်ကြားမှာ ဘဏ္ဍာရေးနဲ့ သယံဇာတပိုင်းဆိုင်ရာ၊ အခွန်အခကောက်မယ့် အပိုင်း စတဲ့ အာဏာခွဲဝေမူ အခြေခံမူကို ရခဲ့တာက ကျေနပ်စရာရှိပြီး  အသေးစိတ်ကိုတော့  ဆက်လက် ဆွေးနွေးရဦးမှာဖြစ်တယ်လို့ RCSS/SSA အဖွဲ့က ပြောပါတယ်။  

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီစာချုပ်ဟာ အရင်နှစ်ကြိမ်က ရရှိခဲ့တဲ့ သဘောတူညီချက်တွေထက် ပိုမိုထူးခြားလေးနက်ပြီး အနှစ်သာရရှိတဲ့စာချုပ်ဖြစ်တယ်။ ခွဲမထွက်ရေးကိစ္စတွေကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်လို့ စည်းလုံး ညီညွတ်တဲ့ တစ်ခုထဲသော ပြည်ထောင်စုတည်ဆောက်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဒီစာချုပ်ဟာ NCA လက်မှတ်ထိုးအဖွဲ့တွေနဲ့ တပ်မတော်၊ အစိုးရအကြား သဘောတူစာချုပ်ဖြစ်ပြီး တဖက်မှာ NCA လက်မှတ်မထိုးရသေးတဲ့ အင်အားကြီး အဖွဲ့တွေဖြစ်တဲ့ UWSA "၀" အဖွဲ့ ၊ KIA စတဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဘယ်အတိုင်းအတာအထိ  ပါဝင်လာနိုင်မလဲ ဆိူတာကလည်း ရေရှည် ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်တည်ဆောက်ရေးမှာ အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်နေပါသေးတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့