ကြံ့ခိုင်ရေးပါတီရဲ့မူကြမ်းကို ပူးပေါင်းကော်မတီမှာ ထည့်ဆွေးနွေးမည်

2019-09-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ၂၀၁၉၊ စက်တင်ဘာ ၄ ရက်နေ့က ကျင်းပစဉ်
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ၂၀၁၉၊ စက်တင်ဘာ ၄ ရက်နေ့က ကျင်းပစဉ်
Photo: Pyidaungsu Hluttaw

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်း တင်သွင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို ၄၅ ဦးပါဝင်တဲ့ ပူးပေါင်းကော်မတီမှာ ထည့်သွင်းဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော် က ဒီနေ့ဆုံးဖြတ်လိုက်ပါတယ်။

ဒေါက်တာ မောင်မောင်သင်း အပါအဝင် လွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦးရဲ့ ထောက်ခံလက်မှတ်နဲ့ တင်သွင်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းကို သီးခြားဆွေးနွေးမလား ၄၅ ဦးပါဝင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ထည့်သွင်းဆွေးနွေးမလားဆိုတာကို ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်ချက်ရယူခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ထည့်သွင်းဆွေးနွေးဖို့ ထောက်ခံဆန္ဒမဲပေးသူ ၃၇၆ ဦးရှိပြီး ကန့်ကွက်သူ ၂၀၃ ဦးရှိခဲ့ပါတယ်။ ကြားနေမဲပေးသူက လေးဦးလည်းရှိပါတယ်။

ဒါကြောင့် ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းကို ၄၅ ဦးပါဝင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ထည့်သွင်းဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်လိုက် ပါတယ်။

ပြည်ထောင်စုလွှတ်တော်က ဒေါက်တာ မောင်သင်းတင်သွင်းတဲ့ မူကြမ်းကို ၄၅ ဦးကော်မတီမှာ ဆွေးနွေးဖို့ ပြောနေပေမယ့် အဲဒီကော်မတီကနေ လက်တလော နုတ်ထွက်စာတင်ထားသူ သုံးဦး ရှိနေပါတယ်။

NLD ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဖွဲ့စည်းပုံပြင်ဆင်ရေး အပေါ် သံသယတွေ၊ စိုးရိမ်ပူပန်မှုတွေ အများကြီးရှိပေမယ့် တိုင်းပြည်အကျိုအတွက် ကြည့်ပြီး အဆုံးတိုင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့