Victoria ကို တရားရုံးမှာ ဗီဒီယိုစနစ်သုံးပြီး သီးသန့်စစ်ဆေး

2019-09-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တရားခံလို့ စွပ်စွဲခံထားရတဲ့ ကိုအောင်ကြီးရဲ့ ရှေ့နေတွေ ၂၀၁၉ စက်တင်ဘာ ၁၁ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
တရားခံလို့ စွပ်စွဲခံထားရတဲ့ ကိုအောင်ကြီးရဲ့ ရှေ့နေတွေ ၂၀၁၉ စက်တင်ဘာ ၁၁ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Thiha Tun/RFA

လိင်အကြမ်းဖက်ခံခဲ့ရတဲ့ Victoria ကလေးငယ်ကို တရားရုံးမှာ ဗီဒီယိုစနစ်သုံးပြီး သီးသန့်စစ်ဆေးရာမှာ ကျူးလွန်သူတွေဟာ ကိုကိုအငယ်နဲ့ ကိုကိုအကြီး ဖြစ်တယ်လို့ သက်သေထွက်ဆိုခဲ့ကြောင်း တရားလိုရှေ့နေ ဒေါ်ရွက်နုအောင် က ပြောလိုက်ပါတယ်။

မေလ ၁၆ ရက်နေ့က လိင်အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့အမှုမှာ အဓိကသက်သေတစ်ဦးဖြစ်တဲ့ အသက်သုံးနှစ်အရွယ် Victoria ကလေးငယ်ကို နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ ဒီနေ့ပထမဆုံးအကြိမ် စစ်မေးခဲ့ပါတယ်။    

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF  က ထောက်ပံံ့တဲ့ နည်းပညာ အကူအညီတွေသုံးပြီး Victoria ကလေးငယ်ကို သီးသန့်အခန်းထဲမှာထားပြီး ဗွီဒီယိုနဲ့ စစ်ဆေးခဲ့တာပါ။

အဲဒီအခန်းထဲမှာ ကလေးရဲ့အဒေါ်ဖြစ်သူအပါအဝင် မေးမြန်းတဲ့ ဥပဒေအရာရှိ စသူတို့ သာရှိနေပြီး တစ်ဖက် အခန်းကနေ ဗွီဒီယိုကိုကြည့်ပြီး ရှေ့နေတွေက မေးမြန်းခဲ့ပါတယ်။

တရားလိုဘက်က ရှေ့နေဖြစ်သူ ဒေါ်ရွက်နုအောင်က Victoria ကလေးငယ်ဟာ သူ့ကို ရွေးခိုင်းတဲ့ပုံတွေကို ကြည့်ပြီး ကိုကိုအငယ်နဲ့ ကိုကိုအကြီးတို့ ဖြစ်ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တယ်လို့ ပြောပါတယ်။

ဒီနေ့ စစ်မေးတဲ့အထဲမှာ ပါဝင်တဲ့ ဥပဒေအရာရှိ ဦးကျော်မင်းအောင်ကလည်း တရားမျှတဖို့အရေးကြီးတယ်၊ အမှန်တရားပေါ်ပေါက်ဖို့ အရေးကြီးတယ်လို့ တရားရုံးမှာပြောခဲ့တယ်လို့ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

ကလေးရဲ့ဖခင်နဲ့ မိခင်တို့ကတော့ သီးသန့်အခန်းထဲကို ဝင်ခွင့်မရဘဲ တစ်ဖက်အခန်းထဲမှာပဲ တရားသူကြီးတွေ၊ ရှေ့နေတွေနဲ့အတူ ရှိနေတာဖြစ်ပါတယ်။

တရားခံလို့ စွပ်စွဲခံထားရတဲ့ ကိုအောင်ကြီးပုံကို ပြသရာမှာ Victoria က မသိဘူးလို့ ဖြေကြားခဲ့ကြောင်း ဒေါ်ရွက်နုအောင်က ပြောပါတယ်။    

ဒီအမှုအတွက် Wisdom Hill မူကြိုကျောင်းက ယာဉ်မောင်း အောင်ကြီးကို ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိတဲ့အတွက် မုဒိမ်းမှု ပုဒ်မနဲ့ ဖမ်းဆီးထားခဲ့ပါတယ်။

အောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်ကလည်း သူ့ရဲ့အမှုသည် အောင်ကြီးကို မသိကြောင်း Victoria က တရားရုံးမှာ ဖြေကြားခဲ့တယ်လို့  ရှင်းပြပါတယ်။

အောင်ကြီးဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကို သတင်းမီဒီယာတွေကို ပြောကြားခဲ့တဲ့ အချက်တချို့အတွက် Wisdom Hill မူကြိုကျောင်းဘက်က တရားစွဲထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် မေးမြန်းရာမှာ ဖိအားတွေ ရှိနေတာ အမှန်ပဲဖြစ်ကြောင်းနဲ့ တရားစွဲဆိုထားတဲ့အပေါ်တော့ အတည်ပြုဖြေကြား ဖို့ မရှိသေးကြောင်း ဦးခင်မောင်ဇော်က ပြောပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့