KBC ဥက္ကဋ္ဌကို တရားမစွဲရန် အမေရိကန် တိုက်တွန်း

2019-09-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဒေါက်တာ ခလမ်ဆမ်ဆွန် ၂၀၁၉ ဇူလိုင် ၁၇ ရက်နေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့စဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဒေါက်တာ ခလမ်ဆမ်ဆွန် ၂၀၁၉ ဇူလိုင် ၁၇ ရက်နေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့စဉ်
Photo: The White House

မြန်မာနိုင်ငံအတွင်း ဘာသာရေးလွတ်လပ်ခွင့်၊ ဘာသာရေးနဲ့ တိုင်းရင်းသား လူနည်းစုတို့အကြောင်းကို  သမ္မတဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့သူ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်  မြစ်ကြီးနားမြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့အတွက် များစွာစိုးရိမ်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက မနေ့က ပြောလိုက်ပါတယ်။

အိမ်ဖြူတော်ကို ရောက်ရှိစဉ်မှာ  ဒေါက်တာ ခလမ်ဆမ်ဆွန်က  မြန်မာနိုင်ငံမှာ တပ်မတော်က ဘာသာရေး ဖိနှိပ်မှုတွေ ကျူးလွန်နေတယ်လို့ ပြောဆိုခဲ့တဲ့အတွက်   အရေးယူပေးဖို့ တပ်မတော်က မြစ်ကြီးနားမြို့နယ်တရားရုံး မှာ သြဂုတ်လ ၂၈ ရက်နေ့က လျှောက်ထားခဲ့တာပါ။

မြန်မာအပါအဝင် နိုင်ငံ ၁၇ နိုင်ငံက ဘာသာရေးဖိနှိပ်မှု ကြုံခဲ့ရသူတွေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံပွဲမှာ ဒေါက်တာ ခလမ်ဆမ်ဆွန် တက်ရောက်ခွင့်ရခဲ့ပြီး မြန်မာနိုင်ငံ အခြေအနေတွေကို ပြောပြခဲ့ပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေတွေ ပြဋ္ဌာန်းချက်တွေက အကာအကွယ်ပေးထားတဲ့  လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတာ၊ လူ့အခွင့်အရေးအတွက် ပြောဆိုတာတွေကို   ရာဇဝတ်မှုအဖြစ် မသတ်မှတ်သင့်ဘူးလို့  အမေရိကန်နိုင်ငံခြားရေးဌာနက  စက်တင်ဘာ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်က ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ ပြည်သူတွေအရေး တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သူဖြစ်တယ်၊  သူ့ကို အရေးယူဖို့ တပ်မတော်က မြစ်ကြီးနား တရားရုံးမှာ လျှောက်ထားခဲ့ခြင်းဟာ သူ့ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ရာရောက်ရုံသာမက ထောင်သောင်းချီတဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေအရေး ဆောင်ရွက်နေတဲ့ သူ့ရဲ့လုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ ကြေညာချက်က ဆိုပါတယ်။

အရေးယူပေးဖို့ တပ်မတော်ရဲ့ လျှောက်ထားမှုကို တရားရုံးက လက်ခံရေး၊ လက်မခံရေး စစ်ဆေးကြားနာမယ့်နေ့က  စက်တင်ဘာ ၉ ရက်နေ့ပါ။ ရုံးချိန်းရက်နီးလာချိန်မှာ နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန် ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး  တိုင်ကြားထားချက်ကို လက်ခံဖို့၊  ဖမ်းဆီးဖို့ ဆုံးဖြတ်မယ် ဆိုရင်တော့ အလွန်တရာ စိတ်ပျက်စရာဖြစ်မယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

ကချင်ပြည်နယ်က နိုင်ငံရေးသမားတွေ၊  တက်ကြွလှုပ်ရှားသူတွေကလည်း  ဒေါက်တာ ခလမ်ဆမ်ဆွန် တရားရုံးမှာ ဦးတိုက်လျှောက်ထားခံရတာကို ကန့်ကွက်ထားကြပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဆန်းဝင်း ကို RFA က မေးမြန်းရာမှာတော့ အမှုဖြစ်စဉ်အကြောင်းကို သေချာမသိရသေးတဲ့အတွက် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ အာဏာရ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကလည်း အလားတူ ပြောဆိုပါတယ်။ တရားရုံးမှာ သက်သေခိုင်ခိုင်မာမာနဲ့ ပြန်လည်ဖြေရှင်းခွင့်ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

တရားရုံးကို စတင် ဦးတိုက်လျှောက်ထားစဉ်က အမှုနဲ့ပတ်သက်ပြီး RFA က တပ်မတော်ကို မေးမြန်းခဲ့ရာမှာ  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ထွန်းနေလင်းက  ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး၊  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့  သူ့အနေနဲ့ အမှုအကြောင်း  အသေအချာမသိဘူးလို့ ပြောပါတယ်။

ဆိုက်တခုလုံးသို့