ဖားကန့်မှာ သစ်ပင် ငါးသောင်းစိုက်မယ်

2016-06-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းနေတာကို ပြန်လည် ကုစားတဲ့အနေနဲ့ Green Land ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ကျောက်မျက် ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး သစ်ပင် ငါးသောင်း စတင်စိုက်ပျိုးနေပါတယ်။

ဥရုချောင်းအထက်ပိုင်း လုံးခင်းကျေးရွာတစ်ဝိုက်မှာ အပင်နှစ်ထောင်လောက်စိုက်ပျိုးပြီးဖြစ်တယ်လို့ Green Land သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးနောင်လတ် က ပြောပါတယ်။

"ဒီဖားကန့်ဒေသမှာ စမ်းချောင်းရေတွေ၊ သဘာဝတောတောင်တွေက အလုံး ၅၀ ပျောက်ဆုံးသွားပြီပေါ့၊ သစ်တောတွေကလည်း ပြုန်းတီးလာတယ်၊ သဘာဝဘေး အန္တရာယ်မရှိဘဲနဲ့ မြေစာပုံဖြစ်သွားတဲ့အခါကျတော့ ခဏ ခဏပြိုတယ်၊ နောက်တစ်ခုက သဘာဝကပြောင်းလဲလာတော့ ကျနော်တို့တတ်နိုင်သလောက် အဖတ်ဆယ်တဲ့သဘောပေါ့ဗျာ၊ အပင် ၅ သောင်းစိုက်မယ်၊ အပင်ကတော့ အမျိုးစုံတာပေါ့နော်"

အဲ့ဒီအဖွဲ့မှာ ဖားကန့်ဒေသခံ တိုင်းရင်းသားပေါင်းစုံပါဝင်ပြီး မြန်မာတကောင်း၊ တောက်ပကြယ်၊ မြဥယျာဉ်၊ မဟာအစပထမ၊ ရွှေဗျိုင်းဖြူ စတဲ့ ကျောက်မျက် တူးဖော်ရေးကုမ္ပဏီတွေက ငွေကြေးထောက်ပံ့ပေးထားတာဖြစ် ပါတယ်။

လတ်တလော လုံးခင်းကျေးရွာအုပ်စု မှော်ပုံ၊ ဆန်ခါ၊ ကုဋေမှော် စတဲ့ကျေးရွာပတ်ဝန်းကျင်တစ် ဝိုက်မှာရှိတဲ့ ကုမ္ပဏီတွေက မစွန့်ပစ်တော့တဲ့ မြေစာပုံ အဟောင်းတွေမှာ သစ်ပင်တွေစိုက်ပျိုးနေတာဖြစ်ပါတယ်။

အလားတူ ဆိပ်မူ ရွာဘက်မှာလည်း ဒေသခံတွေစုပေါင်းပြီး ဥရုချောင်းရှင်းလင်းရေးတွေ ဆောင်ရွက်နေ သလို ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး ကုမ္ပဏီတွေရဲ့ စက်ယန္တရားအကူအညီနဲ့ ဥရုချောင်း ရှင်းလင်းရေး နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေကို လုပ်ဆောင်နေပါတယ်။

ဖားကန့်ဒေသမှာ စက်ယန္တရားတွေနဲ့ ကျောက်စိမ်းတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်း လာပြီး မြေပြိုလို့ မကြာခဏထိခိုက်သေဆုံး မှုတွေရှိနေသလို မိုးတွင်းကာလမှာ နှစ်စဉ် ရေကြီးမှုတွေဖြစ်ပွားနေ တာဖြစ်ပါတယ်။

ဆိုက်တခုလုံးသို့