ကပ်ရောဂါကာလ တစ်ခါသုံး ပလတ်စတစ်အမှိုက် ရန်ကုန်မှာ ပိုများလာ

နန္ဒာချမ်း
2020-05-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်တဲ့အနေနဲ့ မတ်လကုန်လောက်ကစပြီး ရန်ကုန်တိုင်း အတွင်းက စျေးဆိုင်တွေကို ထုတ်ပိုးသယ်ယူတဲ့ ပါဆယ်စနစ်နဲ့ ရောင်းချဖို့ တိုင်းအစိုးရက အမိန့်ထုတ် လိုက်ပါတယ်။ အဲ့ဒီအချိန်ကစလို့ ၁ လကျော်ကာလအတွင်း ရန်ကုန်မှာ ပလက်စတစ်နဲ့ တခါသုံး စွန့်ပစ်ဗူးခွံ အမှိုက်တွေဟာ အရင်ကထက် ပိုများလာတယ်လို့ Clean Yangon အဖွဲ့ တာဝန်ခံ မသဥ္ဇာအေးက ပြောပါတယ်။

“ဒီကာလမှာ ပိုများနိုင်တယ် လို့ ပြောရခြင်းသည် ညီမတို့ ဒီမှာဆိုရင် ဆေးရုံ၊ ဆေးခန်းက ထွက်တဲ့အမှိုက်တွေကလည်း ပုံမှန်အချိန်ထက် ပိုများတယ်။ ဘာဖြစ်လို့လဲဆိုတော့ - ညီမတို့က PPE တွေဝတ်ရတယ်။ မျက်နှာအကာတွေတပ်ရတယ်။ နှာခေါင်းစည်း၊ လက်အိတ် ဒါတွေကိုသုံးရတယ်ပေါ့ နော်။ နောက်တခုက စောင့်ကြည့်ရေးစင်တာတွေပေါ့နော် အဲဒီကထွက်တဲ့ အမှိုက်တွေဆိုရင်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သီးသန့် သေချာသိမ်းဆည်းပြီး မြေမြှုပ်တာတို့၊ မီးရှိှု့တာတို့ သူတို့လုပ်ရတယ်ပေါ့နော်။ ပုံမှန်အချိန်ထက် ပိုပြီးတော့ အမှိုက်ထွက်ရှိမှု များနိုင် တယ်ဆိုတာ စောင့်ကြည့်စင်တာတွေ၊ ဆေးရုံ-ဆေးခန်းက အမှိုက်တွေရှိတယ်။ ပြီးတော့ ခုနက ပြောတဲ့ ဆိုင်မှာ မစားရတဲ့အခါမျိုးကျတော့ ပါဆယ်ဝယ်ကြတဲ့အတွက် ပုံမှန်ထက်တော့ ပိုပြီးတော့ အမှိုက်ထွက်ရှိမှုက ပိုများပါတယ်။”

နေ့စဉ် အမှိုက်တန်ချိန် ၂၅၀၀ ထွက်တဲ့ ရန်ကုန်မှာ ကပ်ရောဂါကာလ ပိုများလာတဲ့ အမှိုက်ပမာဏကို အတိအကျပြောဖို့တော့ ခက်တယ်လို့ မသဥ္ဖာအေးက ပြောပါတယ်။ ရောဂါပိုးမကူးစက်အောင် ကာကွယ်ရင်း ဒီကာလမှာ Clean Yangon အဖွဲ့ စေတနာ့ဝန်ထမ်းတွေ လုပ်ကိုင်ရတဲ့ အနေအထားကို လည်း သူက ရှင်းပြပါတယ်။

“ညီမတို့ Clean Yangon အနေနဲ့ ပုံမှန်ဆိုရင် စုပေါင်းအမှိုက်ကောက်တယ်။ ပြည်သူတွေကို အသိပညာပေးတာ ဖြစ်တဲ့အတွက် လူအင်အားအများကြီး သုံးရတယ်ပေါ့နော်။ ဒီလို Covid-19 ဖြစ်တဲ့အချိန်ကျတော့ Clean Yangon အနေနဲ့က ပထမဦးဆုံး စေတနာ့ဝန်ထမ်း အယောက် ၂ဝ ပဲ ခေါ်ထားတယ်။ ဒီ Covid-19 ကာလမှာ ပေါ့ အယောက် ၂ဝ ပဲ ခေါ်ထားပြီးတော့ ညီမတို့ဆီ ရောက်ပြီဆိုတာနဲ့ အဖျားတိုင်းတာတို့၊ သူတို့ကို လက်ဆေး ခိုင်းတာတို့၊ ပြီးရင် နှာခေါင်းစည်းတွေ ပါလားပေါ့နော်။ အပြင်ထွက်ပြီဆိုတာနဲ့ ညီမတို့က မျက်နှာအကာတွေ ယူနီဖောင်းအပြည့်အစုံနဲ့ စေတနာ့ဝန်ထမ်း ဒီ ၁ဝ ယောက် ၁၅ ယောက်လောက်ကိုပဲ ညီမတို့က အဖွဲ့ခွဲလိုက်ပြီး ဒီ ၅ ယောက်ဆိုရင် ရွာသာကြီးဘက်သွားကူ၊ ဒီ ၅ ယောက်ဆိုရင် လှိုင်သာယာဘက်သွားကူ အဲ့လိုမျိုးနဲ့ပဲ ညီမတို့က ဒီလူ ၂ဝ လောက်ကိုပဲ ညီမတို့က Covid-19 အချိန်မှာ စေတနာ့ဝန်ထမ်းအင်အားကို အနည်းဆုံးနဲ့ ညီမတို့ လုပ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စေတနာ့ဝန်ထမ်းအများကြီး ထွက်ကူလို့ ရှိရင်လည်း ညီမတို့ကိုယ်တိုင်က ရောဂါပိုးသယ်ဆောင်သူတွေဖြစ်နေနိုင်တဲ့အခါကျတော့ ကိုယ့်ကြောင့် တခြားသူ ဒုက္ခမရောက်စေချင်ဘူး။ ပြီးရင် ကိုယ့်မိသားစုတွေ ဒုက္ခမရောက်စေဖို့ ညီမတို့က သေသေချာချာလေးတော့ ဒါလေးကို စီစဉ်ရပါတယ်။ စီစဉ်ရတော့ ညီမတို့ ဘယ်လို အခက်အခဲမျိုး တွေ့ရလဲဆိုရင် စေတနာ့ဝန်ထမ်းတွေက ကြာလာတဲ့အခါမှာ နည်းနည်းလေး ပင်ပန်းလာတာမျိုးတွေ ရှိတဲ့အခါမျိုးတွေ ကြုံရတယ်။ ဒါပေမဲ့ အကုန်လုံးက ဘယ်လိုဖြစ်နေလဲဆိုတော့ ဒီအချိန်မှာ ပင်ပန်းပေ မဲ့လည်း သူတို့ ဒီလိုမျိုး ကူညီပေးရတဲ့ဟာလေးတွေကို ပီတိဖြစ်တဲ့ အခါကျတော့ ဒီဟာလေးတွေနဲ့ပဲ ပြန်အားယူပြီးတော့ ညီမတို့ ဒီ ၁၅ ယောက်၊ ၂ဝ လောက်နဲ့ပဲ အခုချိန်ထိကို အလှည့်ကျ လုပ်နေပါတယ်”


ကမ္ဘာ့နိုင်ငံ တော်တော်များများမှာလည်း ကပ်ရောဂါကာလအတွင်း အမှိုက်ပြဿနာ ကြုံရပေမဲ့ - နှာခေါင်းစည်း၊ လက်အိတ်နဲ့ တခြား ဆေးရုံသုံးပစ္စည်းတွေလို အမှိုက်တွေ စွန့်ပစ်မှု ပိုများတယ်လို့ အဓိက ညည်းတွားကြတာပါ။ မြန်မာနိုင်ငံမှာတော့ - အဝတ်ပိတ်နှာခေါင်းစည်းတွေကိုသာ အဓိက သုံးကြတဲ့အတွက် အဲ့ဒီပြဿနာသိပ်မရှိပေမဲ့ - ပလက်စတစ်နဲ့ တခါသုံးဗူးခွံ စွန့်ပစ်မှုက ပိုများတယ်လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်တဲ့ကာလအတွင်း ပိုများလာတဲ့အမှိုက်ပြဿနာကို ရေတိုနည်းနဲ့ ဖြေရှင်းနိုင်ဖို့ဆိုရင် ပြည်သူတွေအနေနဲ့ စျေးဝယ်တဲ့အခါ ဆွဲခြင်းတွေ၊ ပြန်သုံးနိုင်တဲ့ အိတ်တွေနဲ့ လက်ဆွဲချိုင့်တွေကို အဓိက သုံးရင်း ၀ိုင်းဝန်းကူညီကြဖို့ကိုလည်း အစိုးရနဲ့ ပရဟိတအဖွဲ့တွေက တိုက်တွန်းခဲ့ကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့