ကျောက်ဖြူက အမျိုးသမီး သုံးဦး အကြမ်းဖက်ဥပဒေတွေနဲ့ အမှုဖွင့်ခံရ

2020-07-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က အမျိုးသမီး သုံးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ တပ်မတော် က အမှုဖွင့်လိုက်ပါတယ်။ AA ကို ပံ့ပိုးကူညီတာကြောင့်လို့ တပ်မတော်ရဲ့ စွပ်စွဲချက်ကို မိသားစုဝင်တွေက ငြင်းဆို ခဲ့ပြီး၊ သက်သေခိုင်မာဖို့လိုတယ်လို့ ထောက်ပြသူတွေလည်းရှိပါတယ်။

ကျောက်ဖြူမြို့နယ် ရေနံဒွိန်ရွာက ဒေါ်မင်းမင်း (ခေါ်) ဒေါ်ခင်မျိုးဆွေ အသက် (၃၇)နှစ်၊ ဒေါ်လှသန်းခင် အသက် (၄၉)နှစ်နဲ့ ဒေါ်ဗြားမ အသက်(၅၁)နှစ်တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ နှစ်ခုနဲ့ ဇူလိုင် ၂၄ ရက်နေ့ မှာ တပ်မတော်က အမှုဖွင့်ခဲ့တယ်လို့ ကျောက်ဖြူရဲစခန်းမှူး ဒုရဲမှူး ကျော်ဇောက RFA ကို ပြောပါတယ်။

“ပ ၂၂၈/၂၀၂၀ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ နဲ့ ဒေါ်မင်းမင်း(ခေါ်) ဒေါ်ခင်မျိုးဆွေ၊ ဒေါ်လှသန်းခင် နောက် ဒေါ်ဗြားမတို့က AA အကြမ်းဖက် သောင်းကြမ်းသူတွေကို ဆက်ကြေးကောက် ပေးတယ်၊ တပ်မတော်စစ်ကြောင်း လှုပ်ရှားသွားလာမှုတွေကို စောင့်ကြည့်ပေးတယ်၊ နောက် ရွာသားတွေကို စည်းရုံးပေးတယ်။ ရဲစခန်းမှာတော့ စစ်ဆေးပဲပေါ့ဗျာ”

ရက္ခိုင့်တပ်တော် AA ကို ထောက်ပံ့ကူညီနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူတို့ကို ဇူလိုင်လ ၂၂ ရက်နေ့မှာ မြန်မာ စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူတို့ထဲက ဒေါ်လှသန်းခင်ဟာ တောင်ယာလုပ်ကိုင်သူဖြစ်ပါတယ်။ ဒေါ်မင်းမင်းကတော့ ရတနာအောင်ဇာတ်အဖွဲ့ တည်ထောင်ထားသူဖြစ်ပြီး၊ ဒေါ်ဗြားမ ကတော့ ကုန်ဈေးရောင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာမန်အရပ်သားတွေဖြစ်ပြီး၊ တပ်မတော်က စွပ်စွဲသလို မဟုတ်ဘူးလို့ ဖမ်းဆီးခံထားရသူ ဒေါ်လှသန်းခင်ရဲ့ အမ ဒေါ်လှခင် က RFA ကို ပြောပါတယ်။

“ကျွန်မတို့ရွာမှာ ဆန်နှစ်ခါကောက်တယ်။ ပထမအကြိမ်က ဘုရားထီးတင်ပွဲအတွက် လာသမျှဧည့်သည်တွေကို ကျွေးမယ်ဆိုပြီးကောက်တာ။ နောက်တစ်ခေါက်က ဇာတ်သမားက ဇာတ်လည်းမကရတော့ဘူး နောက်ရွာတွေ ကိုလည်း မကူးရတော့ ဒီမှာပဲအခြေချလိုက်ရတော့ စားစရာမရှိ ဒုက္ခရောက်နေရတယ်ဆိုလို့ သူတို့ကို ရွာကနေ ဆန်ကောက်ခံပေးခဲ့တယ်။ ရွာကလူတွေက AA ကို ထောက်ပံ့ပေးဖို့ဆိုပြီး အစိုးရဆီကို တိုင်ထားတယ်။ သူတို့ စွပ်စွဲသလိုတော့ မဟုတ်ဘူး။”

တပ်မတော်က တိုင်ထားတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မ ၅ဝ (ည)ဟာ အနည်းဆုံး ထောင်ဒဏ် ၁၀နှစ်ကနေ ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်သလို၊ ငွေဒဏ်လည်း ချမှတ်နိုင်ပြီး၊ ပုဒ်မ ၅၂ (က) ကတော့ ထောင်ဒဏ် သုံးနှစ်ကနေ ခုနှစ်နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။

လောလောဆယ် သူတို့ကို ကျောက်ဖြူရဲစခန်းမှာ ဖမ်းဆီးထားပြီး၊ ဒေါ်လှသန်းခင်ရဲ့ ခင်ပွန်းက တွေ့ခွင့် တောင်းပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ ဒေါ်လှခင်က ပြောပါတယ်။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကတော့ သာမန်အရပ်သားတွေကို ပြစ်ဒဏ် ကြီးလေးတဲ့ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မတွေနဲ့ ဖမ်းဆီး အမှုဖွင့်မယ်ဆိုရင် သက်သေ အခိုင်အမာချပြဖို့ လိုတယ်လို့ ထောက်ပြခဲ့ပါတယ်။

“သူတို့က AA ကို ရိက္ခာထောက်ပံ့တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ စွဲတာ။ သူတို့ဆီက အထောက်အထား တစ်ခုခုရလို့ စွဲတဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး။ ဒါပေမဲ့ တပ်မတော်က လုပ်တဲ့ပုံစံက ဘယ်လိုလဲဆိုတော့ တစ်ယောက်က ဒီလူတွေက ဒီလိုထောက်ပံ့နေတယ်ဆိုတဲ့ အပြောစကားကို သူတို့က အကောင်အထည် ဖော်သလိုဖြစ်နေတယ်။ ဘာ သက်သေ အထောက်အထားမှလဲ အဲဒီလိုပေးတယ်ဆိုတဲ့ အထောက်အထားမျိုးလည်း တပ်မတော်က ချပြတာလည်း မရှိဘူး။ မရှိဘဲနဲ့ သူတို့ကို ခေါ်သွားတာ။”

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ ဒီအမှုအသေးစိတ်ကို သူ မသိသေးကြောင်း မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ရဲအရေးပိုင်တဲ့ အမှုတွေမှာ ဥပဒေနဲ့ အညီ တရားစွဲတင်နိုင်ဖို့အတွက် ခိုင်လုံတဲ့သက်သေမရှိရင် အစိုးရရှေ့နေပဲဖြစ်ဖြစ်၊ အမှုလက်ခံတဲ့ ရဲအရာရှိပဲ ဖြစ်ဖြစ် သိက္ခာအကျခံပြီး တရားစွဲမှာ မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကတော့ အခု အမှုဖွင့်ရတဲ့ အမျိုးသမီးသုံးဦးကို သူ လုံးဝ မသိဘူးလို့ ငြင်းပါတယ်။ ရခိုင်အရပ်သားတွေအပေါ်  အမှုဆင်ပြီး မတရားဖမ်းဆီးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

AA နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး အမှုဖွင့် တရားစွဲဆိုတာတွေဟာ ရခိုင်ပြည်နယ်အပြင် ရန်ကုန်နဲ့ မန္တလေးမှာလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၉ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂ဝ၂ဝ မတ်လ ၂ဝ ရက်နေ့ အထိ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားတဲ့ အမှုပေါင်း ၁ဝ၉ မှု ရှိခဲ့တယ်လို့ ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းက ပြည်နယ်လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့