သတင်းထောက်နှစ်ဦးကို တရားစွဲမယ့်ဆုံးဖြတ်ချက် အမေရိကန်စိတ်ပျက်

2018-07-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရိုက်တာသတင်းထောက် ကိုဝလုံးကို ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးတွင် ၂ဝ၁၈ ဇူလိုင်လ ၉ ရက်နေ့က တွေ့ရစဉ်။
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရိုက်တာသတင်းထောက် ကိုဝလုံးကို ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးတွင် ၂ဝ၁၈ ဇူလိုင်လ ၉ ရက်နေ့က တွေ့ရစဉ်။
REUTERS/Ann Wang

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှု စွပ်စွဲချက်နဲ့ ဆက်ပြီးတရားစွဲဖို့ တရားရုံးက ဆုံးဖြတ်လိုက်တဲ့အပေါ် များစွာ စိတ်ပျက်မိတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

ဒီနေ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအတွင်း သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ တရားဥပဒေ စိုးမိုးရေးအတွက် အနှောက်အယှက် တစ်ရပ် ဖြစ်ပါတယ်လို့လည်း သံရုံးရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ ရိုက်တာသတင်းထောက် နှစ်ဦးကို နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲဖို့ ဆုံးဖြတ်လိုက်တာဟာ မြန်မာနိုင်ငံမှာ အများပြည်သူ သတင်းအချက်အလက် လွတ်လွတ်လပ်လပ် ရပိုင်ခွင့်၊  လွတ်လပ်တဲ့ သတင်းမီဒီယာလောကနဲ့ အခြေခံ လူ့အခွင့်အရေးတွေအပေါ် ခြိမ်းခြောက်လိုက်တာ ဖြစ်တယ်လို့ EU ဥရောပသမဂ္ဂ နိုင်ငံများအဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ အယူအဆ အမြင်မျိုးစုံ ရပ်တည်ရှင်သန်ခွင့်တွေဟာ ဒီမိုကရေစီ နိုင်ငံတခုအတွက် မရှိမဖြစ် အရေးကြီးတဲ့ မဏ္ဍိုင်တွေ ဖြစ်ကြောင်း၊ သတင်းထောက်တွေ သတင်းမီဒီယာသမားတွေဟာ ခြိမ်းခြောက်မှု၊ ဖိနှိပ်နှောင့်ယှက်မှု၊ မတရား ဖမ်းဆီးချုပ်နှောင်မှုနဲ့ တရားစွဲခံရမှုတွေကို စိုးရိမ်စရာမလိုဘဲ လုပ်ကိုင်ခွင့် ရှိရမှာဖြစ်သလို၊ အဲဒီလို လုပ်ကိုင်ခွင့်ရဖို့အတွက် အကာအကွယ် အစောင့်အရှောက်လည်း လိုအပ်ကြောင်း၊ ဒါမှသာ လူ့အဖွဲ့အစည်းတိုင်းအတွက် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေ ပေါ်ပေါက်ဖွံ့ဖြိုးလာမှာ ဖြစ်ကြောင်း EU နိုင်ငံခြားရေးဌာန ပြောခွင့်ရသူရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီသတင်းထောက် ၂ ဦးအပေါ် စွဲဆိုထားတဲ့ ပြစ်မှုတွေ ရုတ်သိမ်းပြီး သတင်းလွတ်လပ်ခွင့်နဲ့အညီ သတင်းထောက်အလုပ်တွေ ပြန်လုပ်နိုင်အောင် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ EU အနေနဲ့ မျှော်လင့်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့