ဘူးသီးတောင်နဲ့ ရသေ့တောင် တိုက်ပွဲတွေကြောင့် ဒုက္ခသည် တစ်ထောင်ကျော် တိုးလာ

ဝေယံမိုးမြင့်
2020-02-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ မြန်မာ့တပ်မတော်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာ ၂၀ ကျော်က ဒေသခံ တစ်ထောင်ကျော်ဟာ ဘေးလွှတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဘူးသီးတောင်မြို့နယ် သေကံခွဆုံ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီညီက ပြောပါတယ်။

"အခုရောက်တာ တစ်ထောင်တစ်ရာကျော်ရှိတယ်။ ရောက်တာ ၅ ရက်နေ့ထဲက ရောက်တာ၊ မနေ့က ၉ ရက်နေ့အထိပေါ့။ လူမှုဝန်ထမ်းက လူ ၆၀၀ စာပေးတယ် နောက်ထပ်တင်ထားတာရှိတယ်၊ ၆၀၀ စာက ရထားပြီးသွားပြီ။ သူတို့ကို ဘုန်းကြီးကျောင်းမှာ ထားတယ်၊ ရွာထဲမှာထားတယ်။ ဘုန်းကြီးကျောင်းမှာ မဆံ့တာကို အဆောင်တွေ ဆောက်ပြီး တန်းလျားထိုးထားတယ်။"

စစ်ဘေးဒုက္ခသည်တွေအတွက် တစ်ဦးကို တစ်လမှာ ဆန် သုံးပြည်ခွဲနှုန်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပေးနေပါတယ်။

ဘူးသီးတောင်မြို့ကို ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ယာယီနေထိုင်ဖို့ဒေသခံတွေက စီစဉ်ပေးနေပြီး တစ်သိန်း နှစ်သောင်းလောက်တန်ဖိုးရှိတဲ့ ယာယီတဲတွေ ဆောက်လုပ်ဖို့ အလှူခံနေပါတယ်။

ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ ရသေ့တောင်မြို့နယ်က ကုန်းတန်း၊ ကုလားချောင်း၊ ဇေယျာမြိုင်၊ အိုးဖောက်၊ သမီးလှ ရွာသစ်၊ သမီးလှ ရွာဟောင်း၊ အုန်းချောင်းစတဲ့ရွာတွေဖြစ်ပြီး ဘူးသီးတောင်မြို့နယ်က ကျောက်ပြင်ဆိပ်၊ ဆိတ်ခူစတဲ့ကျေးရွာတွေက ဖြစ်ပါတယ်။

လေကြောင်းရော၊ ရေကြောင်းတွေနဲ့ပါ တပ်မတော်က ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေက ကြောက်ပြီး ထွက်ပြေးလာကြတာလို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက  ပြောပါတယ်။

"မနှစ်ထဲက ထွက်ပြေးနေတာ အဲဒီဘက်မှာ ၁၀ ရွာလောက်ရှိတယ်၊ စေတီတောင်မှာရှိတယ်၊ ဘူးသီးတောင်မှာရှိတယ်။ တချို့က နီးစပ်ရာ ဆင်ခုံးတိုင်ကိုသွားတာလည်း ရှိတယ်။ နယ်မြေရှင်းလင်းရေး လုပ်တယ်၊ လက်နက်ကြီးကျရင် ထွက်ပြေးလာကြတယ်။ နောက် အေးချမ်းပြီ၊ လက်နက်ကြီးနဲ့ မပစ်တော့ဘူးဆိုရင် ပြန်သွားကြတယ် အဲ့လိုပါ။ အခုကတော့ အင်တာနက်တွေ ဖြတ်လိုက်ပြီးနောက် လေကြောင်းရော ရေကြောင်းရော အကုန်ပစ်လို့ ကြောက်ပြီး ထွက်ပြေးလာကြတာ။"

ဖေဖော်ဝါရီ ၃ ရက်နေ့က အင်တာနက် ဖြတ်တောက်လိုက်ပြီးနောက်ပိုင်း ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ နယ်မြေရှင်းလင်းရေးဆိုပြီး ပစ်ခတ်မှုတွေ နေ့စဉ် ရှိနေတာလို့ ဒေသခံတွေ က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတယ်ဆိုတာထက် မယူမြစ်ကမ်းဘေးက ကျေးရွာတွေကို AA တွေရှိနေနိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ AA ပြောခွင့်ရ ခိုင်သုခ က ပြောပါတယ်။

"မယူမြစ် တစ်လျှောက်မှာရှိတဲ့ ဘူးသီးတောင်နဲ့ ရသေ့တောင်က ရွာတွေကို လိုက်ဖျက်ဆီးနေတာ။ အဓိက ဖျက်လေးဖျက် စစ်ဆင်ရေးပေါ့။ ရွာသားတွေမရှိရင် AA တွေမနေနိုင်ဘူးပေါ့၊ ရိက္ခာတွေ မရတော့ဘူးပေါ့။ မညှင်းတောင်ဘက်မှာဆိုရင် စပါးပုံတွေကို ရိတ်ပြီးသား ချွေလှေ့ပြီးသား စပါးပုံတွေကို မီးရှို့တာတွေရှိတယ်။ ရဟတ်ယာဉ်တွေပေါ်က ပစ်လို့ မီးလောင်တာတွေလည်း ရှိတယ်။ စစ်သားတွေက စပါးပုံတွေကို မီးလိုက်ရှို့တာတွေလည်း ရှိတယ်။"

အဲဒီကျေးရွာတွေမှာ AA တွေ ရှိနေတဲ့အတွက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာလို့ အမှန်ပဲလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကိုပြောပါတယ်။

"AA ကိုလက်ခံထားရင်တော့ တိုက်ပွဲကဖြစ်မှာပဲ၊ ဒီနေ့မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်အစပ်ပေါ့။ AA က အဲ့ဒီမှာ ကျင်လည် ကျက်စားပြီးတော့ မယုမြစ်ကမ်းမှာသွားနေတဲ့ ရေယာဉ်တွေကို ဟိုဟာလုပ် ဒီဟာလုပ် လုပ်နေလို့ နယ်မြေရှင်းနေတာ။"

ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့စပြီး အစိုးရက အင်တာနက်လိုင်းတွေကို နောက်တစ်ကြိမ် ဖြတ်တောက်ခဲ့ပါတယ်။

အဲဒီလို အင်တာနက်လိုင်း ဖြတ်တောက်လိုက်ပြီး နောက်တစ်ရက် ဖေဖော်ဝါရီ ၄ ရက်နေ့က စတင်ပြီး  တပ်မတော်ဘက်က ကြည်း၊ ရေ၊ လေ တပ်တွေနဲ့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတာလို့ ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်တဲ့ တပ်မတော်နဲ့ AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တစ်သိန်း ခြောက်ထောင်ကျော်ရှိနေပြီလို့  ရခိုင်ပြည်နယ် အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC က ပြီးခဲ့တဲ့ ဇန်နဝါရီလက ထုတ်ပြန်ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့