ပုဏ္ဏားကျွန်းမှာ ဖမ်းဆီးခံရတဲ့ လူငယ်တွေ မိသားစုနဲ့ တွေ့ခွင့်ရ

2019-08-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမှာ ၂၀၁၉ ဇူလိုင် ၂၇ ရက်နေ့က ဖမ်းဆီးခံရတဲ့ လူငယ်တွေကို တွေ့ရစဉ်
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမှာ ၂၀၁၉ ဇူလိုင် ၂၇ ရက်နေ့က ဖမ်းဆီးခံရတဲ့ လူငယ်တွေကို တွေ့ရစဉ်
Photo: cincds.gov.mm

ရခိုင့်တပ်တော် AA နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ ဇူလိုင် ၂၇ ရက်နေ့ ဖမ်းဆီးခံထားရတဲ့ လူငယ် ၁၀ ဦးဟာ ဒီနေ့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှာ မိသားစုနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် အထက်မြက်လှဲကျေးရွာ စက်လှေဆိပ်အနီးကနေ ပုဏ္ဏားကျွန်းမြို့ထဲ ဦးတည်မောင်းနှင်သွားတဲ့ ကားတစ်စီးကို မသင်္ကာလို့ဆိုပြီး မြို့မရဲစခန်းက စစ်ဆေးရာမှာ အသက် ၁၅ နှစ်ကနေ ၂၃ နှစ်အတွင်း လူငယ် ၁၀ ဦးကို တွေ့ရှိခဲ့ရကြောင်း၊ စစ်ဆေးချက်တွေအရ အဲဒီ ၁၀ ဦးထဲက ရှစ်ဦးဟာ AA အဖွဲ့ထဲ ၀င်ရောက်ဖို့ စည်းရုံးခံရလို့ ကျောက်တော်မြို့နယ် ပေါက်တော(ပလောင်) ကျေးရွာကတဆင့် လိုက်လာကြသူတွေဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇူလိုင် ၂၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

အဲဒီ ရှစ်ဦးကို ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းမှာ ဒီနေ့ မိသားစုနဲ့ တွေ့ခွင့်ပေးခဲ့ရာမှာ လူငယ် လေးဦးရဲ့ မိသားစုဝင်တွေက လာရောက်တွေ့ဆုံခဲ့ပေမယ့် ကျန်တဲ့ ခြောက်ဦးရဲ့ မိသားစုဝင်တွေကိုတော့ မတွေ့ရဘူးလို့ ဒီနေ့ မြို့မရဲစခန်းကို သွားခဲ့တဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

တပ်မတော်က ထုတ်ပြန်ကြေညာထားတဲ့အထဲမှာ အသက် ၁၅ နှစ်အရွယ် ဆယ်တန်းကျောင်းသား ကိုအောင်ဘိုဘို လည်းပါဝင်ပြီး ဖခင်ဖြစ်သူ ဦးအောင်သိန်းက ဒီနေ့ သားဖြစ်သူနဲ့ တွေ့ဆုံခဲ့ရာမှာ - ကျန်းမာရေးကောင်းမွန် တာတွေ့ရကြောင်း၊ ရိုက်နှက်ခံရတာတွေရှိတယ်လို့ ပြောဆိုကြောင်း၊ AA ကို သင်တန်းတက်ဖို့ သွားတယ်လို့ ပြောမှ ရိုက်နှက်ခံရတာ သက်သာကြောင်း ပြောဆိုတယ်လို့ RFA ကို ပြောပါတယ်။

နောက်နှစ်ပတ်နေမှ ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှူးက ပြန်လည်ဆက်သွယ်မယ်လို့ ပြောကြောင်း၊ ဘာပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်ဆိုတာ မသိရခဲ့ကြောင်းလည်း ဦးအောင်သိန်း က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဖမ်းဆီးခံထားရသူတွေဟာ အသက်မပြည့်သေးသူ ၆ယောက်လောက် ပါဝင်တယ်လို့သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့