နော်အုန်းလှ အပါအဝင်ငါးဦးကို အာမခံနဲ့လွှတ်ပေး

2019-04-23
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှ ကို တွေ့ရစဉ်
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှ ကို တွေ့ရစဉ်
Photo: Naw Ohn Hla's FB

ကရင်ပြည်နယ် မြဝတီမြို့မှာ မနေ့ညက ဖမ်းဆီးခံရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှ အပါအဝင် ငါးဦးကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉၊ ၂၀ တို့နဲ့တရားစွဲဆိုပြီး ဒီနေ့ မြဝတီမြို့မရဲစခန်းမှာ စစ်ဆေးကာ အာမခံပေး လိုက်ပါတယ်။

DKBA အဖဲ့ွ အကောင်အထည်ဖော်ထားတဲ့ မြဝတီမြို့က ရွှေမြစန္နီအိမ်ယာမှာ နေထိုင်သူတွေ ဖယ်ရှားခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မနေ့က မြဝတီမြို့မှာပြုလုပ်တဲ့ လမ်းလျှောက်ချီတက် ဆန္ဒပြပွဲမှာ နော်အုန်းလှတို့က ဦးဆောင်ခဲ့ကြတာပါ။

ဆန္ဒပြရာမှာ တရားဝင်ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် ခွင့်ပြုချက်တွေထက် ကျော်လွန်လုပ်ဆောင်ခဲ့တာကြောင့် အမှုဖွင့်ဖမ်းဆီးလိုက်တာလို့ ရဲအရာရှိက ဆိုပါတယ်။

အဲဒီအိမ်ယာဝင်းထဲက ခြံကွက်တွေကို ကရင်ပြည်နယ်အစိုးရက ဖျက်သိမ်းနေပြီး အဲဒီအိမ်ယာမှာ နေတဲ့သူတွေ ရွှေ့ပြောင်းပေးဖို့လည်း သစ်တောဦးစီးဌာနက ဧပြီ ၄ ရက်နေ့က ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

မြဝတီမြို့မရဲစခန်းက အာမခံပေးခဲ့တာနဲ့ ပတ်သက်လို့ နော်အုန်းလှ က အခုလိုပြောပါတယ်။

အန်တီကတော့ ကိုယ်ပိုင်ခံဝန်ယူတယ် အကုန်လုံးက အာမခံယူလိုက်တယ်၊ ငြိမ်းစုစည်းတင်ပြီးတော့မှ သူတို့က ဒေသန္တရအမိန့် လာဖတ်ပြသွားတာနဲ့ နောက်ဆုတ်ခိုင်းတာရှိတယ်၊ တကယ်တမ်းကျတော နောက်ဆုတ်ခိုင်းတဲ့ ၃ ရက်မှာ မလိုအပ်ဘူးလေ ဘာမှလည်းမရှိဘူး၊ ၂၂ ရက်နေ့ကဘာမှလည်းမရှိဘူး ဘယ်သူမှလည်းမလာဘူး၊ ဒါကတော့ မဖြစ်သင့်တဲ့ကိစ္စတခုဖြစ်တယ် ဥပဒေနဲ့အညီလုပ်တာတောင်မှာ ဒီလိုမျိုးမတရားလုပ်တယ်လို့ ခံစားရတယ်”

နော်အုန်းလှဟာ မနေ့ညက မြဝတီမြို့ကနေ ရန်ကုန်ကို အပြန်လမ်းခရီးမှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

DKBA က အကောင်အထည်ဖော်ထားတဲ့ မြစန္ဒီအိမ်ယာထဲက လူနေအိမ် ၄၀၀ နီးပါးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အစိုးရအဖဲ့ွက ဖြိုဖျက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်ရှိမှာလည်း သစ်တောဌာနက နေအိမ်တွေကို ၁၄ ရက်အတွင်း ဖျက်ပေးဖို့ စာထုတ်ထားတာကြောင့် အေးချမ်းစွာနေထိုင်ခွင့်ရရေးအတွက် မနေ့က ဆန္ဒပြခဲ့ကြတာလို့ မြစန္ဒီအိမ်ယာမှာနေထိုင်တဲ့ ဆန္ဒပြပွဲဦးဆောင်သူ ဦးမောင်ဦး က ပြောပါတယ်။

နိုင်ငံတော်အကြီးအကဲတွေ လက်ရှိအစိုးတွေ လာရောက်ကြည့်ပါ၊ အကုန်လုံး ကျနော်ပြောတာက လက်ရှိ ကျနော်တို့အိမ်တွေကို ထပ်မဖျက်တော့နဲ့ ဟိုဘက်က ဖျက်ပြီးသားအိမ်တွေကို လွတ်လပ်တဲ့မြေကွက်တွေ အများကြီးရှိပါတယ်၊ အဲထဲကို ၄၀ ၆၀ အပြည့် ပြန်ပေးလိုက်ရင် ကျနော်တို့မှာ ဘာမှပြောစရာမလိုပါဘူး၊ သူတို့လုပ်ရပ်ကို ကျနော်တို့က လုံးဝကန့်ကွက်နေတာလည်း မဟုတ်ပါဘူး အခုဟာကပြင်းပြပြီး နိုင်ထက် စီးနင်းဖြစ်လာလို့ မခံနိုင်လို့ အခုလိုမျိုး ကျနော်တို့ထလုပ်တာပါ

ဒီမြစန္ဒီအိမ်ယာကို ၂၀၁၃ ခုနှစ်က စတင်ကာ အစိုးရရဲ့ အိမ်ရာစီမံကိန်းဆိုပြီး ငြိမ်းချမ်းရေးယူထားတဲ့  DKBA အဖွဲ့က ဗိုလ်မှူးညီညီဆိုသူက မြေဧကပေါင်း ၃၀၀ ကျော်ကို သိမ်းဆည်းခံပြီး မြေကွက် ၃ထောင်ကျော်ရိုက်ကာ ရောင်းချခဲ့တယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတွေက ဗိုလ်မှုးညီညီဆီကနေ မြေကွက်တွေဝယ်ယူခဲ့ကြပြီး နေအိမ်ဆောက်နေသူတွေ၊ ဝယ်ယူသူတွေရှိခဲ့တာပါ။ ဒီလိုလုပ်တာတွေဟာ တရားမဝင်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်တွေက ပြောဆိုတားဆီးခဲ့တယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ထံက သိရပါတယ်။

မြစန္ဒီအိမ်ယာအတွက် မြေဧက ၃၀၀ ကျော် သိမ်းဆည်းခဲ့တယ်ဆိုတဲ့ DKBA က ဗိုလ်မှူးညီညီကတော့ လက်ရှိမှာ ကရင်ပြည်နယ်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

တကယ်နစ်နာသူတွေကို စာရင်းကောက်ကာ မြေကွက်တွေပြန်ချပေးနေတယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး က RFA ကို ပြောပါတယ်။

ကျနော်တို့အစိုးရအဖွဲ့က ပြည်သူတွေကို ငဲ့ညှာပြီး လုပ်ပေးနေတာတောင်မှ ပြည်သူတွေကမကျေနပ်လို့ ဒီဟာကိုပြန်လည်တောင်းဆိုနေတယ်ဆို ကျနော်တို့ကတော့ အစိုးရတရပ်အနေနဲ့ကတော့ ဥပဒေလုပ်ထုံး လုပ်နည်းနဲ့မညီပါဘူးလို့လည်း ရှင်းပြပြီးသားပဲ၊ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့  မညီဘူးဆိုတာလည်း ပြည်သူတွေ လည်း နာလည်ပြီးသားပဲ၊ ဒါကို ပြည်သူတွေကို သွေးထိုးလှုံဆော်နေတဲ့ တချို့သောသူတွေကြောင့် ဒါအစိုးရအဖွဲ့ နဲ့ ပြည်သူတွေကြားမှာ ဒါနည်းနည်းတော့ ပြဿနာရှိတယ်ပေါ့ ကျနော်တို့အစိုးရအဖွဲ့ကတော့ ဥပဒေလုပ်ထုံး လုပ်နည်းနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမှာပါ

လက်ရှိနေထိုင်သူတွေကတော့ အစိုးရအနေနဲ့ သူတို့ရဲ့အိမ်တွေကို မဖျက်သိမ်းဘဲ ပြေလည်အောင် ဖြေရှင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့