ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိသူတွေကို ကုသနိုင်ပေးနိုင်ရေးအတွက် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ထဲက ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်ကို ကျန်းမာရေးစင်တာအဖြစ် ပြောင်းလဲတည်ဆောက်ပြီးဖြစ်လို့ လာမယ့် ဧပြီလ ၂၁ ရက်နေ့မှာ စတင်လက်ခံကုသနိုင်မှာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကို ကုသနိုင်ဖို့ ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ ကျန်းမာရေးစင်တာအဖြစ် ပြောင်းလဲ ပြင်ဆင်ထားတာဖြစ်ပြီး ကုတင် ၅၀၀ နဲ့ စတင်အသုံးပြုနိုင်တော့မယ်လို့ ဦးဆောင်နေသူတွေက RFA ကို ပြောပါတယ်။
ဧပြီ ၂၁ အင်္ဂါနေ့မှာ လူနာတွေကို လက်ခံနိုင်အောင် ပြင်ဆင်ထားပြီးပြီလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။
“ကျွန်တော်တို့ နောက်ဆုံးအစည်းအဝေးလုပ်ထားတဲ့ အခြေအနေအရတော့ ၂၀၊ ၂၁ လောက်ဆို ထားလို့ရပါပြီ။ အဆင်သင့် ဖြစ်ပြီလို့ သိထားတယ်။ အဲဒါ လွန်ခဲ့တဲ့ ၄၊ ၅ ရက်လောက်က အစည်းအဝေး လုပ်ထားတာ။”
ဖောင်ကြီးကျန်းမာရေးစင်တာကို မတ်လ ၂၇ ရက်နေ့က စတင် ပြင်ဆင်ခဲ့တာပါ။
ပထမအဆင့်အနေနဲ့ ဆရာဝန်နဲ့ သူနာပြုအင်အား၂၀၀ ခန့် တာဝန်ယူကြမှာ ဖြစ်ပါတယ်။
ကုသမှုအတွက် ဆရာဝန်နဲ့ သူနာပြုတွေကို တပ်မတော်ဘက်က ၂၀ ရာခိုင်နှုန်း၊ ပုဂ္ဂလိကဆေးရုံဆေးခန်းတွေ ဘက်က ၂၀ ရာခိုင်နှုန်းနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ၆၀ ရာခိုင်နှုန်း တာဝန်ယူကြမှာ ဖြစ်ပါတယ်။
တပ်မတော်ဘက်က ပါမောက္ခ၊ ဆရာဝန်၊ သူနာပြု အယောက် ၄၀ ပါအဖွဲ့ နှစ်ဖွဲ့ စီစဉ်ထားပြီး အလှည့်ကျ စေလွှတ်သွားမယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
“ရန်ကုန်က လှည်းကူးဖောင်ကြီးဗဟိုဝန်ထမ်း တက္ကသိုလ်မှာ ဖွင့်မယ့် ကိုဗစ်-၁၉ ဆေးရုံယာယီကို လွှတ်ဖို့အတွက် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် ၄၀ ဦးပါ နှစ်ဖွဲ့ စီစဉ်ထားပါတယ်။ အဲ ၄၀ ဦးမှာလည်း ပါရဂူ ၁၂ ယောက်၊ ဆရာဝန်၊ ဆေးမှူး ၁၀ ယောက်၊ အထက်တန်း သူနာပြု ၁၄ ယောက်၊ ဓါတ်ခွဲကျွမ်းကျင် နှစ်ယောက်၊ ဓါတ်မှန် ကျွမ်းကျင် နှစ်ယောက်၊ စုစုပေါင်း ၄၀ ဖြစ်ပါတယ်။”
တပ်မတော်ဘက်က ဆရာဝန်၊ ဆရာမ၊ သူနာပြုအဖွဲ့ကို နှစ်ပတ် တစ်ကြိမ် လဲလှယ်သွားမှာပါ။
ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၉ ရက်နေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ ၁၀၀ ကျော် ရှိနေပါပြီ။ အဲဒီထဲမှာ သေဆုံးသွားသူက ငါးဦးနဲ့ ဆေးရုံဆင်းခွင့်ရသွားသူက နှစ်ဦး ရှိပါတယ်။
ကျန်လူနာတွေထဲက ၇၃ ဦးကို ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်က ဝေဘာဂီဆေးရုံမှာ ကုသမှု ပေးနေပါတယ်။
ဝေဘာဂီဆေးရုံ လူနာလက်ခံနိုင်တဲ့ အရေအတွက် ပြည့်သွားလို့ ရန်ကုန်မြို့က လူနာတွေကို တောင်ဥက္ကလာပ အထူးကု ဆေးရုံကြီးမှာ စတင်လက်ခံနေတာမှာလည်း ၁၄ ယောက်ခန့် ရှိလာနေပါပြီ။
ဝေဘာဂီဆေးရုံမှာ ကျန်းမာရေးဝန်ထမ်း မလုံလောက်တဲ့အပြင် ကာကွယ်ရေး ပစ္စည်းလိုအပ်မှုတွေကြောင့် ဝန်ထမ်းတွေဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနေကြပါတယ်။
ဒီအခက်အခဲတွေကိုဖြေရှင်းဖို့ လူနာတချို့ကို ဖောင်ကြီးကို ရွှေ့ပြောင်းဖို့ စီစဉ်ထားတယ်လို့ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
“သူတို့ပင်ပန်းမယ်၊ သူတို့အတွက် အရမ်းပြည့်ကြပ်ပြီး လူအင်အားကော၊ အချိန်ကော၊ ကုသရတာ ပင်ပန်းလာရင် ကျွန်တော်တို့ မျှဝေဖို့ စီစဉ်ထားပြီးသားပါ။ တချို့လူနာတွေကို ဖောင်ကြီးကိုရွှေ့ပြီး ကုသနိုင်မယ်ဆိုရင် သူတို့အတွက်လည်း လုပ်ရတဲ့ အနေအထားက သက်သာသွားမှာဖြစ်ပါတယ်။ အဲဒါအတွက်လည်း စီစဉ်ထားပြီး ဖြစ်ပါတယ်။”
ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးဟာ ရန်ကုန်တိုင်းအတွင်းက ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေ ကုသရေးအတွက် တာဝန်ပေးခံထားရသူပါ။
WHO ရဲ့ လမ်းညွှန်ချက်နဲ့ အညီ ဆေးရုံက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကို ပိုးသေအောင် မီးရှို့ဖျက်ဆီးဖို့ အတွက်လည်း ဖောင်ကြီး ကျန်းမာရေးစင်တာနဲ့ သုံံးမိုင် အကွာအဝေးမှာ မီးရှို့စက် တည်ဆောက်ထားတယ်လို့ သူက ပြောပါတယ်။
ဧပြီလ ၂၁ ရက်နေ့ စတင်လက်ခံမယ့် ဖောင်ကြီး ကျန်းမာရေးစင်တာမှာ ကုတင် ၂၄၀၊ အရေးပေါ်ကြပ်မတ် ကုသဆောင် အတွက် ကုတင် ၂၀ ၊ အောက်စီဂျင်ပေးဖို့လိုတဲ့ လူနာတွေအတွက် တစ်ဦးစီ ထားရှိနိုင်တဲ့ အခန်း ၂၄၀ ခန့် ပြင်ဆင်ထားပါတယ်။
နောက်ပိုင်းမှာ အရေးပေါ်ကြပ်မတ် ကုသဆောင် အတွက် ကုတင် ၄၀ နဲ့ လူနာ ၂၀၀၀ ခန့် အထိ ထားရှိနိုင်အောင် တိုးချဲ့သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။