ပလက်ဝဒုက္ခသည် တစ်ထောင်ဝန်းကျင် မြို့ပေါ်ထွက်ပြေးဖို့ အခက်ကြုံနေ

ဖြူဖြူခိုင်
2020-03-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက မီးချောင်းတလျှောက်မှာ နေထိုင်တဲ့ဒေသခံ တစ်ထောင်လောက်ဟာ မြို့ပေါ်ထွက်ပြေးဖို့ ကြိုးစားနေပေမယ့် ကူညီနိုင်မယ့်သူမရှိလို့ အခက်အခဲဖြစ်နေပါတယ်။

ပလက်ဝမြို့နဲ့ မိုင် ၃၀ လောက်ဝေးတဲ့ မီးချောင်းတစ်လျှောက်က ပြင်ဝ၊ အိုးဘိုဝ၊ ကြက်မအိုင် (၁) နဲ့ (၂)၊ အညှင်းဝနဲ့ ကျီးဝရွာသား တစ်ထောင်လောက်ဟာ ဆမီးမြို့ပေါ် ထွက်ပြေးဖို့ ကြိုးစားနေကြတာပါ။ အဲဒီရွာအနီးတဝိုက်မှာလည်း တခြားရွာတွေမှာ လူတွေ မရှိတော့ပါဘူး။

ဒါကြောင့် ရွာမှာမနေရဲတော့တာကြောင့် ထွက်ပြေးဖို့ ကြိုးစားကြတာလို့ ဆမီးမြို့က ပြည်သူ့မျှော်လင့်ချက် လူမှုအဖွဲ့အစည်း ညွှန်ကြားရေးမှူး ဦးဇော်လီအောင် က ပြောပါတယ်။

“အနီးအနားပတ်ဝန်းကျင်က ၉ ရွာ ၁၀ ရွာလောက်ကထွက်လာတော့ တခြားတိုက်ပွဲမရှိတဲ့ ရွာတွေကလည်းပဲ အလိုလို မလုံခြုံတော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ပတ်ဝန်းကျင်က ရွာတွေအားလုံးထွက်ပြေးတဲ့အခါမှာ ကျွန်တော်တို့လည်း ဒီမှာဆက်နေလို့ မဖြစ်ဘူး။ တိုက်ပွဲမဖြစ်တဲ့ရွာတွေလည်း လာဖို့အစီအစဉ်တွေ ရှိနေတယ်။”

သူတို့ရွာတွေကနေ မိုင် ၂၀ လောက်ဝေးတဲ့ ဆမီးမြို့ပေါ်ကို ထွက်ပြေးလာချင်ပေမယ့် စက်လှေအတွက်သုံးဖို့ ဒီဇယ်ပြတ်လပ်နေတာပါ။

ကျောက်တော်ကနေ ကုန်စည်သယ်ယူနေရတဲ့ ပလက်ဝမြို့ဟာ တိုက်ပွဲတွေကြောင့် မလုံခြုံတော့လို့ ကုန်စည်မစီးဆင်းနိုင်တာ နှစ်လကျော်နေပါပြီ။ ဆမီးမြို့ပေါ်မှာလည်း ဒီဇယ် ပြတ်လပ်နေတယ်လို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ဆိုပါတယ်။

လမ်းပန်းဆက်သွယ်ရေးလုံခြုံမှု မရှိတာကြောင့် ဒီဒုက္ခသည်တွေကို အစိုးရအနေနဲ့ သွားခေါ်ဖို့ မဖြစ်နိုင်ဘူးလို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက် က ပြောပါတယ်။

“မြို့ပြင်ထွက် သွားလာဖို့ကိုခက်နေကြတာ။ ဆမီးဆိုလဲ ဆမီးကနေအခြားနေရာ ဘယ်လို သွားလာကြမလဲဆိုတာ ခက်နေတယ်။ သူတို့ကိုကြိုပေးဖို့တော့ အဆင်မပြေဘူး။ သူတို့ဟာသူတို့ ရောက်အောင်လာရင် အုပ်ချုပ်တဲ့အဖွဲ့တွေ ကော်မတီတွေကနေပြီး သူတို့နေရေးစားရေးသောက်ရေး အဆင်ပြေအောင် ဝိုင်းကူပေးမယ်။ အဲဒီစနစ်ကိုပဲ လောလောဆယ်လုပ်လိို့ရတယ်။”

မြို့ပေါ်ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ဒုက္ခသည်တွေဟာ ကုန်းလမ်းကနေဆိုရင် ၃နာရီလောက် လမ်းလျှောက်ရမှာပါ။ ဒါပေမဲ့ လုံခြုံမှု မရှိလို့ ကုန်းလမ်းကနေ မသွားလာရဲကြဘူးလို့ ပြောပါတယ်။  

ပြီးခဲ့တဲ့ မတ် ၁၄ ရက်နဲ့ ၁၅ ရက်မှာ တပ်မတော်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ပလက်ဝမြို့နယ် ရွာငါးရွာက အရပ်သား စုစုပေါင်း ၂၁  ယောက်သေဆုံးပြီး ၂၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။    

ပုံမှန်အားဖြင့် ဒေသခံ လူဦးရေ ၃၀၀၀ ကျော်ရှိတဲ့ ဆမီးမြို့ပေါ်မှာ ဒုက္ခသည်က နှစ်ထောင်ကျော် ရှိနေပါပြီ။   

အခုဆိုရင် ဆမီးမြို့ပေါ်မှာ ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အခြေခံလူသုံးကုန် ပစ္စည်းတွေတောင် ပြတ်လပ်နေပြီလို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဆမီးမြို့ခံ ကိုပါမောင် က ပြောပါတယ်။

“ကျွန်တော်တို့က ကျောက်တော်ဘက်က အဆက်အသွယ်ပြတ်နေတာကြာပြီဆိုတော့ မတူပီဘက်က တစ်ခုပဲလမ်းကြောင်း ပွင့်တဲ့အခါကျတော့ အခု တာလပတ်တွေက ဝယ်ဖို့တောင် မရှိတော့ဘူး။ အိုးခွက်ပန်းကန်တောင် လောလောဆယ် ပိုက်ဆံရှိရင်တောင် ဝယ်လို့မရဘူး။ အခုရေခပ်ဖို့ ရေဗုံးတောင် မရှိတော့ဘူး။”

ဆမီးမြို့ပေါ်ရောက်နေတဲ့ ဒုက္ခသည်တွေ နေထိုင်ဖို့ မြို့ပေါ်မှာရှိတဲ့ ဘာသာရေးအဆောက်အုံတွေ၊ ရပ်ကွက်ရုံးတွေ၊ ကျောင်းတွေ အပါအဝင် နေရာ ရှစ်နေရာခွဲပြီး စီစဉ်ပေးထားရပါတယ်။ စားနပ်ရိက္ခာအတွက်ကိုတော့ ပလက်ဝကိုပို့ဖို့ စီစဉ်ထားတဲ့ ဆန်အိတ် ၆၀၀ နဲ့ ဖြေရှင်းပေးနေတယ်လို့ ဝန်ကြီးဦးစိုးထက်က ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို စနစ်တကျနဲ့ ထောက်ပံ့ပေးနိုင်ဖို့ ပလက်ဝနဲ့ ဆမီးမြို့မှာ စစ်ဘေးရှောင် ဒုက္ခသည်စခန်းဖွင့်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။

ဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဆမီးမြို့ပေါ်မှာ ဆရာဝန်တစ်ယောက်မှ မရှိလို့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ ဒဏ်ရာရထားတဲ့သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုလည်း အရေးတကြီးလိုအပ်နေပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့