ရိက္ခာလိုနေတဲ့ ပလက်ဝဒေသကို ဆန်တင်ပို့ရေး AA ဟန့်တားခဲ့

2020-03-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ပေးပို့တဲ့ ဆန်ရိက္ခာတွေကို ရက္ခိုင့်တပ်တော် AA က ကြားဖြတ်ယူလိုက်တဲ့ အတွက် ပို့ဆောင်ရေးအခက်အခဲတွေဖြစ်နေပြီး ဒေသမှာ ဆန်ဈေးက နှစ်ဆ မြင့်တက်သွားတယ်လို့ သိရပါတယ်။

ပလက်ဝမြို့နယ်ကိုပို့တဲ့ ဆန်အိတ် ၁၂၀ တင်ဆောင်လာတဲ့ကားကို ရက္ခိုင့်တပ်တော်အဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပြီး ဆန်ရိက္ခာတွေကို သိမ်းယူခဲ့တယ်လို့ ဒေသခံ လူမှုရေးအဖွဲ့အစည်းတွေက ပြောပါတယ်။

ဒါပေမဲ့ သတင်းမီဒီယာတွေကနေ ဝေဖန်ရှုတ်ချမှုတွေ ထွက်ပေါ်လာအပြီး ညနေပိုင်းမှာ ဆန်အိတ်အများစုကို ပြန်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိတ် ၂၀ ကို တစ်အိတ် သုံးသောင်းခွဲနှုန်းနဲ့ ငွေချေလိုက်ပြီး ကျန်တဲ့ ဆန်အိတ် ၁၀၀ ကို ပြန်ပေးတယ်လို့ ခူမီးချင်းမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက  ပြောပါတယ်။

“ဆမီးကနေပို့တယ် အရင်ဖြစ်တဲ့ နေရာ ၁၁၉ မိုင် ၁၂၀ ကြားမှာ ဆန်အိတ်အားလုံးယူသွားတယ်၊ ချက်ချင်း သိတော့ မီဒီယာတွေကိုပြောတော့ အိတ် ၁၀၀ ပြန်ပေးတယ်၊ ၂၀ သူတို့ ယူသွားတယ်၊ တစ်အိတ်ကို သုံးသောင်းငါးထောင်နှုန်းနဲ့ ပေးတယ်”

ဆမီးမြို့ကနေ ပလက်ဝမြို့ကို ဆန်သယ်ယူနိုင်ရေးအတွက် ချင်းပြည်နယ်က အရပ်ဖက်အဖွဲ့တွေ အားလုံးပူးပေါင်း ပြီး ဆောင်ရွက်နေကြတာဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် ဆန်အိတ် ၁၂၀ တင်ပို့ရာမှာ အခုလို ကြားဖြတ်သိမ်းယူ ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

ပလက်ဝကို ဆန်အိတ်တွေ အလုံးအရင်နဲ့တင်ပို့ရင် AA အဖွဲ့ကို၊ တပ်ကို ထောက်ပံ့တဲ့ရိက္ခာဆိုပြီး ကြားဖြတ်သိမ်း ယူတာလို့ ဒေသခံတွေက ပြောပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခကတော့ ဆန်အိတ်တွေကို စစ်ဆေးခဲ့တာပဲရှိတယ်လို့ ငြင်းဆိုပါတယ်။

“မနေ့က ရက္ခိုင့်တပ်တော်ကဘက်က ဆန်သယ်လာတဲ့ကားကို စစ်ဆေးတာပဲရှိတယ်၊ အဲဒါကို မီဒီယာကနေ လျှောက်ဖွတယ်၊ AA ကသိမ်းသွားတယ် ဓါးပြတိုက်သွားတယ်ဆိုပြီး ဒီလုပ်ရပ်မျိုးဟာ ဘယ်သူ့ဘယ်သူမှ အကျိုးမပြုဘူး၊ အဲဒီလုပ်ရပ်တွေ ရပ်တန်းက ရပ်ဖို့လိုတယ်”

ဒီလိုဆန်အိတ်တွေ သိမ်းယူသွားပြီးတဲ့နောက် ပလက်ဝမြို့မှာ ဆန်တွေ ဝယ်မရလောက်အောင် ဈေးတက်သွား တယ်လို့ ခူမီးချင်းမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဦးကျော်ငြိမ်းက ပြောပါတယ်။

ပလက်ဝကို ဆန်သယ်ယူရတဲ့လမ်းကြောင်း ခက်ခဲနေတဲ့အတွက် ဒေသမှာ ဆန်ကြမ်းတစ်အိတ်ကို ခုနှစ်သောင်း ပေါက်ဈေးရှိနေတာတောင် လိုသလောက် ဝယ်မရဘူးလို့ ပလက်ဝမြို့နယ် မီးဇာကျေးရွာ အုပ်ချုပ်ရေးမှုး ဦးမိုဘိုင်းက ပြောပါတယ်။

“ဆန်တစ်အိတ်ကို ၇ သောင်း ရှင်းလက်ဝမှာ ၆ သောင်း တစ်ခါတစ်လေ သတင်းကြားမှသွားဝယ်ရတယ်။ အုပ်ချုပ်ရေးမှုးက ထောက်ခံပေးမှ သွားဝယ်ရတယ်”

အစိုးရနဲ့ ပရဟိတလူမှုကူညီရေးအသင်းတွေက ပေးပို့လှူဒါန်းတဲ့ ဆန်အိတ် ၃၀၀၀ လောက်ဟာ ဆမီးမြို့ကို ရောက်ရှိနေပါတယ်။ ပလက်ဝမြို့ကို ဆန်ပို့ဖို့ ကားနဲ့ သယ်လို့မရတဲ့အတွက် ဆမီးကနေ ပလက်ဝကို  ဆိုင်ကယ်တစ်စီး နှစ်အိတ်နှုန်းနဲ့ သယ်နေကြတယ်လို့ ချင်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲက ပြောပါတယ်။

“AA တို့က အလုံးလိုက်ကားနဲ့သယ်ရင် တပ်ကိုထောက်ပံ့တာ အားလုံးဖမ်းတယ်လို့ ပြောထားတယ်။ ဆမီးမှာ ဆန်အိတ် ထောင်နဲ့ချီရောက်နေပြီ။ ပလက်ဝကို ဆိုင်ကယ်တဲ့ နှစ်အိတ် အဲလိုသယ်နေကြတယ်။ ဆမီးကနေ ပလက်ဝကို မိုင် ၃၀ လောက်ဝေးတယ်၊ အဲဒါကို ဆန်တစ်အိတ် တစ်သောင်းခွဲနဲ့ နှစ်အိတ်သယ်ရင် သုံးသောင်းခွဲ အဲလို ကယ်ရီနဲ့ ပို့ကြတာ”

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန် မြစ်ကြောင်း တလျှောက်မှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ်မှာ ဆန်ရိက္ခာပြတ်လပ်နေတာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဖြစ်ပါတယ်။

ပလက်ဝမြို့ပေါ်ရပ်ကွက်တွေမှာ လူဦးရေ ၈၀၀၀ ဝန်းကျင် နေထိုင်ပါတယ်။ တစ်မြို့နယ်လုံးမှာဆိုရင် လူဦးရေ တစ်သိန်းလောက်ရှိတာပါ။ တိုက်ပွဲတွေနဲ့ ဆန်ရိက္ခာပြတ်လပ်မှုတွေကြောင့် ဒေသခံတွေဟာ နီးစပ်ရာ ဆမီးမြို့ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

ခိုင်သုခ ပြောသလို ဆန်တွေကို ယူစစ်တာဆိုရင်။ ဘာလို့ ဆန်အိတ်(၁၀၀)ကို ပြန်ပေးတယ်ဆိုပြီး ပြောကြမလဲနော်။ ပြီးတော့ အများစုကို အပြင်ပေါက်ဈေး တစ်အိတ်သုံးသောင်းခွဲဈေးနဲ့ပေးတယ် ဆိုတာလဲ အေအေ က ပြည်သူကိုသက်သက်အနိုင်ကျင့်တာပါ။ ပလက်ဝမြို့ပေါ်မှာ ပေးတဲ့ဈေး အတိုင်း ခုနှစ်သောင်းခွဲ၊ ရှစ်သောင်းခွဲ ပေးသင့်တယ်။ ခုတော့ အေအေ ကလမ်းကဖြတ်တားပြီး ဆန်ကို ဈေးချိုချိုနဲ့ဝယ်၊ ပြီးရင် သူတို့အောက်ခြေတပ်သားတွေစားလို့ပိုတဲ့ဆန်ကို ပလက်ဝ မြို့ပေါ် တက်ရောင်းပြီး ဈေးခေါက်ချိုးနဲ့ တင်ရောင်းနေတာ နားလည်တဲ့သူဆိုရင် သိတယ်။
ခုလိုသတင်းတွေကို အသံဖိုင်နဲ့ပါတင်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် RFA ခင်ဗျာ။ နောက်များကြုံရင်လဲ အေအေ က ဦးခိုင်သုခ ကိုပြောလိုက်ပါ။ ပလက်ဝ မြို့ပေါ်ရောက်ဈေးနဲ့ဘဲ ဆန်အိတ် တွေကို ဝယ်ပါလို့။ သယ်လာရတဲ့ သူတွေ၊ ကြိုတင်မှာစားရတဲ့လူတွေရဲ့ စီးပွားရေးကို ဒုက္ခ မပေးပါနဲ့လို့။

Mar 30, 2020 11:35 PM

အမည်မဖော်လိုသူ

အမှန်အတိုင်းပြောရင် AA ရဲ့လုပ်ရပ်ဟာ အကြမ်းဖက် နဲ့ ဓါးပြလမ်းစဉ်ပါ Actually In fact , AA was act like Robbery and Terrorists. ရှင်းလင်းပါတယ် လယ်ပြင်မှာဆင်သွားသလိုပါ Look at their actions

Mar 30, 2020 09:39 PM

ဆိုက်တခုလုံးသို့