ပြည်ပကပြန်လာသူ တစ်ရာကျော် နေပြည်တော်မှာ သီးသန့်စောင့်ကြည့်

သက်စုအောင်
2020-03-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကနေ နေပြည်တော်ကို  ပြန်လာကြသူတွေကို မနေ့ကစပြီး နေပြည်တော်က ဆေးရုံတွေ မှာ သီးသန့်ခွဲထားပြီး စောင့်ကြည့်နေပါတယ်။

ပြီးခဲ့တဲ့နှစ်ရက်အတွင်း  ပြည်ပနိုင်ငံတွေကနေ နေပြည်တော်ကို တိုက်ရိုက်ပြန်လာသူ အရေအတွက်က လူဦးရေ တစ်ရာကျော် ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတာ ရှိမရှိ စောင့်ကြည့်ဖို့အတွက် နေပြည်တော်က ဆေးရုံ လေးခုမှာ သီးသန့်ခွဲထားပြီး ဆောင်ရွက်နေတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးစုကြည်က RFA ကို ပြောပါတယ်။

ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊  ပုပ္ဗသီရိနဲ့ ဥတ္တရသီရိ မြို့နယ်ဆေးရုံတွေမှာ သီးသန့်စောင့်ကြည့်နေတာ ဖြစ်ပြီး လက်ရှိအချိန်ထိတော့ စောင့်ကြည့်နေသူအားလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ ဒေါက်တာမျိုးစုကြည်က ပြောပါတယ်။

"Quarantine အတွက်ကို လမ်းညွှန်ချက်တွေ ထုတ်တယ်ပေါ့နော်။ နိုင်ငံအားလုံးကပြန်လာသော မြန်မာနိုင်ငံ သားများအားလုံးကို Facility quarantine ထားဖို့အတွက် ၂၅ ရက်နေ့မှာ စအကျုံးဝင်တဲ့အတွက်ကြောင့် သုံးလပိုင်း၂၅ ရက်နေ့မှ ရောက်တဲ့သူတွေကိုသာ hospital quarantine/ Facility quarantine ထားရှိခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် မြဝတီဘက်က လာတဲ့သူများကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ချိတ်ဆက် ပြီးတော့ မြဝတီကနေ ကားတွေနဲ့ တင်ပေးလိုက်ကြတယ်။ ပြီးရင် နေပြည်တော်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကတဆင့် အမြန်လမ်းအထိ သွားကြိုပေးပြီး၊ အဲ့ဒီအုပ်စုတွေကို ကျမတို့က သတ်မှတ်ထားတဲ့ တစ်နေရာမှာ စုပြီး ကျန်းမာရေး အရင် စစ်ဆေးပေးပါတယ်။ ပြီးတော့မှ သက်ဆိုင်ရာမြို့နယ်တွေမှာ hospital quarantine ထားရှိမယ့် နေရာတွေကို ပြန်ပြီးတော့ ပို့ဆောင်ပေးပါတယ်။ အဲ့ဒါကြောင့် များသောအားဖြင့်တော့ ကျန်းမာရေးအခြေအနေ တစ်ခါတည်း စစ်ဆေးပြီးသား ဖြစ်ပါတယ်။ သက်ဆိုင်ရာ သတ်မှတ်ထားတဲ့ ဆေးရုံတွေ ရောက်ရင်လည်း နေ့စဉ်ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နေပါတယ်။ မနေ့က ဝင်တဲ့သူတွေက ဒီနေ့အခြေ အနေထိ ကျန်းမာရေး ကောင်းမွန်ပါတယ်"

ပြည်ပနိုင်ငံကနေ နေပြည်တော်ကို  ပြန်လာသူတွေထဲမှာ  ထိုင်းနိုင်ငံက ပြန်လာသူက အများဆုံးဖြစ်ပြီး၊ ဒုတိယအများဆုံးက တရုတ်နိုင်ငံကလို့ သိရပါတယ်။

ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနက မနေ့ညနေ ၆ နာရီအထိ ရရှိထားတဲ့စာရင်းအရ... ဆေးရုံတွေမှာ သီးသန့်ခွဲထားပြီး စောင့်ကြည့်သူ ၅၉ ဦး ရှိပါတယ်။ နေပြည်တော် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်ရေး လူမှုဝန်ထမ်းအဖွဲ့ (NCVT) က အတွင်းရေးမှူး ဦးသက်ထွေးကတော့ ၂၅ ရက်- မနေ့ကနဲ့ ဒီနေ့မနက်ပိုင်းထိ စောင့်ကြည့်လူဦးရေ ၁၀၂ ယောက် ရှိတယ်လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုကနေ ကြိုတင်ကာကွယ်ဖို့၊ အသိပညာပေးနိုင်ဖို့အတွက် နေပြည်တော်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ နေပြည်တော်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ လူမှုကူညီရေးအသင်းတွေ ပေါင်းပြီး (NCVT) ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။  မနေ့ကစပြီး နေပြည်တော် မြို့နယ်ရှစ်ခုမှာ အဲ့ဒီအဖွဲ့က အသိပညာပေးတာတွေ ဆောင်ရွက်နေတယ်လို့ အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းထွန်းက ပြောပါတယ်။

"ပညာပေး စလုပ်နေတယ်။ ပြီးတဲ့အခါကျတော့ စောင့်ကြည့်ပြီးတော့ သတင်းအချက်အလက် စုဆောင်းတာပေါ့။ စောင့်ကြည့်တယ် ဆိုတာက... ပြန်လာတဲ့သူတွေ ဘယ်သူတွေ ပြန်လာတယ်  စောင့်ကြည့်ပြီး အချက်အလက် ယူတာပေါ့။ နောက်တစ်ခုက လက်ရှိ ဆေးရုံတွေကို ရောက်နေကြတဲ့ စောင့်ကြည့်လူတွေရဲ့ နေမှုထိုင်မှုတွေ လုပ်ပေးနေတယ်။ နောက်ဆုံးတစ်ခုကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးတွေ ကြိုးစားနေပါတယ်"

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက် သတင်းတွေအရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သုံးဦးရှိပြီး သံသယနဲ့  စောင့်ကြည့်လူနာ ၂၇၆ ဦး ၊ ရောဂါပိုးမတွေ့သူ ၂၅၃ ဦး ၊ ဓာတ်ခွဲအဖြေ စောင့်နေသူ ၂၀ ဦး ရှိပါတယ်။

မတ်လ ၂၅ ရက် မနေ့ကအထိ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ရှိတဲ့ ဆေးရုံနဲ့ ဟိုတယ် အဆောက်အဦးတွေမှာ အသွားအလာကန့်သတ်တာ၊ တားမြစ်ပိတ်ပင်တာတွေ ဆောင်ရွက်ထားသူ  ၅၀၄ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့