အစိုးရဖွဲ့နိုင်တဲ့အရေအတွက်ထက် NLD ကျော်လွန် မဲရရှိ

ခင်မောင်စိုး
2020-11-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နိုဝင်ဘာ ၁၀ ရက် ည ၈ နာရီ ၁၁ မိနစ်အထိ ထုတ်ပြန်ချက်တွေအရ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်မှာ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၃၇ နေရာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ၂ နေရာ၊ ရခိုင်ပါတီနှစ်ပါတီက တစ်နေရာစီနဲ့ အမျိုးသားလွှတ်တော်မှာ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၃ နေရာ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ၃ နေရာ အနိုင်ရရှိထားပါတယ်။

တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေအတွက် NLD ပါတီက ကယားပြည်နယ်မှာ ကိုယ်စားလှယ် ၄ နေရာ၊ ချင်းပြည်နယ် မှာ ၅ နေရာ၊ တနင်္သာရီတိုင်းမှာ ၃ နေရာ၊ ပဲခူးတိုင်းမှာ ၆ နေရာ၊ မန္တလေးတိုင်းမှာ ၂ နေရာ၊ ရန်ကုန်တိုင်းမှာ ၁၄ နေရာ၊ ဧရာဝတီတိုင်းမှာ ၄ နေရာ ၊ မကွေးတိုင်းမှာ ၄ နေရာ ရရှိထားပါတယ်။

မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း  ဒေါ်ဝင်းမြမြ အနိုင်ရရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။ အစ္စလာမ်ဘာသာဝင် ဒေါ်ဝင်းမြမြဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် စစ်အစိုးရလက်ထက် နှစ်ရှည် ထောင်ကျခံခဲ့ရပြီးနောက် ၂၀၁၂ ခုနှစ်မှာမှ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့  ပူတာအိုအကျဉ်းထောင်ကနေ လွတ်မြောက်လာသူလည်းဖြစ်ပါတယ်။ ဒေါ်ဝင်းမြမြကို NLD ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ကတည်းက ကန့်ကွက်မှုတွေလည်းရှိခဲ့တာပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်နှစ်ယောက်ပါရှိပြီး နှစ်ယောက်လုံး အနိုင်ရထားပါတယ်။

ရှမ်းပြည်မှာတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က လက်ရှိအချိန်အထိ ပြည်ထောင်စုလွှတ်တော်အတွက် ၄၂ နေရာ အနိုင်ရထားတယ်လို့ သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီက ပြည်သူ့ လွှတ်တော်၊ ပြည်နယ်မဲဆန္ဒနယ်(၁) နဲ့ (၂) နေရာတွေမှာ အနိုင်ရခဲ့ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက အမျိုးသားလွှတ်တော်နေရာမှာ အနိုင်ရခဲ့ပါတယ်။  အနိုင်ရတဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ယှဉ်ပြိုင်ဘက်ပါတီတွေ မဲရလဒ် ပုံစံ (၁၉) အတည်ပြု လက်မှတ်ရေးထိုးပွဲကို မနေ့က မြို့တော်ခန်းမမှာကျင်းပခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေက အတည်ပြုလက်မှတ်ရေးထိုးခဲ့ပေမဲ့  ဒီလက်မှတ်ရေးထိုးပွဲကို လားရှိုးမှာ ယှဉ်ပြိုင်တဲ့ပါတီ (၁၁) ပါတီထဲက ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညွှတ်ရေးပါတီ၊ ၀ အမျိုးသားပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသား နိုင်ငံရေးဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်လက်မှတ်ရေးထိုးခဲ့တာ မရှိပါဘူး။

ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက်တော့ အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်း ဒေါ်ဆူဆန်နာလှလှစိုးက အနိုင်ရသွားပြီး ရခိုင်တိုင်းရင်းသားဝန်ကြီးနေရာအတွက် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါ်ထုမေ အနိုင်ရသွားတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်မှာ NLD က ပြည်သူ့လွှတ်တော်နေရာ စုစုပေါင်း ရ နေရာမှာ ၆ နေရာ အနိုင်ရပြီး၊ အမျိုးသားလွှတ်တော် ၁၂ နေရာအတွက်လဲ ၁၁ နေရာ အနိုင်ရတယ်လို့
သိရပါတယ်။ ပြည်နယ်လွှတ်တော်မှာတော့ ကိုယ်စားလှယ် ၁၄ နေရာမှာ NLD က ၁၁ နေရာအနိုင်ရခဲ့သလို တိုင်းရင်းသားရေးရာဝန်ကြီး ၃ နေရာမှာလဲ ၂ နေရာ အနိုင်ရခဲ့ပါတယ်။ အရင်က အနိုင်ရခဲ့တဲ့ သံတောင်မြို့နယ်မှာတော့ အခုရွေးကောက်ပွဲမှာ NLD ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။ မွန်ပါတီတွေ ပေါင်းထားတဲ့ မွန်ညီညွတ်ရေးပါတီက မွန်ပြည်နယ်မှာ ၁၁ နေရာ နဲ့ ကရင်ပြည်နယ်မှာ မွန်တိုင်းရင်းသားရေးရာ ဝန်ကြီးတနေရာ စုစုပေါင်း ၁၂ နေရာ နိုင်ထားတယ်လို့ ပါတီတွဲဘက်အတွင်းရေးမှူး နိုင်လယိတမ ကပြောပါတယ်။

ကယားပြည်နယ်မှာတော့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP က ဒေသတွင်းမှာ ၈ နေရာ အနိုင်ရရှိထားပါတယ်။ ချင်းပြည်နယ်မှာတော့ ၃၆ နေရာ NLD က အနိုင်ရပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ( ZCD ) ပါတီက တွန်းဇံမြို့မှာ နှစ်နေရာနဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD က တစ်နေရာမှာပဲ အနိုင်ရခဲ့တာပါ။

NLD ပါတီရဲ့ ထုတ်ပြန်ချက်အရတော့ NLD ပါတီက ပြည်သူ့လွှတ်တော်မှာ ၂၄၂ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၁၁၉ နေရာ အနိုင်ရရှိပြီလို့ NLD 2020 Election Dashboard စာမျက်နှာမှာ ဖော်ပြထားပါတယ်။

----------------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့