တနိုင်ငံလုံးအပစ်ရပ်ရေး ဖိအားပေးဖို့ အမေရိကန်ကို အရပ်ဘက်အဖွဲ့တွေ တိုက်တွန်း

နေရိန်ကျော်
2020-05-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ခုခံကာကွယ်နေရတဲ့အချိန်မှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည် နယ်မှာတော့ စစ်ပွဲတွေပြင်းထန်နေပြီး လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ ပိုများနေတဲ့အတွက် မြန်မာအစိုးရနဲ့တပ်မတော်ကို သံတမန်နည်းတွေသုံးပြီး ဖိအားပေးတိုက်တွန်းပေးပါဆိုပြီး  အမေရိကန်ပြည်ထောင်စုအခြေစိုက် ဂျူးအဖွဲ့တွေ၊ မြန်မာနိုင်ငံသားဟောင်းတွေရဲ့ အဖွဲ့တွေက နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေးယိုကို မနေ့က မေလ ၁၃ ရက်နေ့မှာ စာရေးသားတောင်းဆိုလိုက်ပါတယ်။ သူတို့ ၆၄ ဖွဲ့ တိုက်တွန်းတဲ့အချက်လေးချက်ကတော့ ဒီလိုပါ။

တစ်က - တကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ရင်ဆိုင်နေရတဲ့အတွက် ပစ်ခတ်တိုက်ခိုက်နေတာတွေ ရပ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်အတိုင်း မြန်မာအစိုးရကလဲ တနိုင်ငံလုံးမှာ အပစ်ရပ်ကြောင်းကြေညာဖို့နဲ့ တပ်မတော်ကလဲ သဘောတူဖို့၊ နှစ်-အချက်က ရခိုင်နဲ့ ချင်းပြည်နယ်မှာ ဖြတ်ထားတဲ့ အင်တာနက်လိုင်းတွေကို ချက်ချင်းပြန်ဖွင့်ပေးဖို့ နံပါတ်သုံးကတော့ သတင်းမီဒီယာတချို့ ရဲ့ အင်တာနက်ဝက်ဘ်ဆိုဒ် ပိတ်လိုက်တာတွေ ပြန်ဖွင့်ပေးပြီး၊ သတင်းထောက်တွေကို တရားစွဲတာရပ်ဖို့နဲ့ နံပါတ်လေးက- ကျန်းမာရေးစစ်ဆေးခွင့်ကို လူတိုင်းတန်းတူရပြီး၊ လူသားချင်းစာနာမှုအကူအညီတွေ အချိန်မှီရအောင် ဆောင်ရွက်ပေးဖို့ ဆိုတဲ့အချက်တွေဖြစ်ပါတယ်။

ဒီလိုတောင်းဆိုရတာနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုကို ဦးဆောင်တဲ့ American Jewish World Service အဖွဲ့က အစီအစဉ်ရေးရာမှူး Jeffery Stein က -

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ရင်ဆိုင်နေရတဲ့အချိန်မှာ ရခိုင်နဲ့ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံသား အားလုံးအတွက် အထူးရိမ်ပါတယ်။ စစ်ရေးပဋိပက္ခတွေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းရယူခွင့်နဲ့ အရပ်အဖွဲ့တွေရဲ့ လွတ်လပ်တဲ့ လုပ်ပိုင်ခွင့်တွေကို ထိခိုက်စေပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေကို အမေရိကန်အစိုးရအနေနဲ့ တတ်နိုင် သမျှ အစွမ်းကုန်ကူညီပေးဖို့ တိုက်တွန်းတာပါ။ ကိုဗစ်-၁၉ ဟာ လူ့လောကကြီးတခုလုံးကို ခြိမ်းခြောက်နေတဲ့အတွက် ဒီကာလမှာ အပစ်အခတ်မရပ်စဲရင်၊ သတင်းတွေ လွတ်လွတ်လပ်လပ်မရရင်၊ လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုခွင့်မရရင်၊ အင်တာနက်ဆက်သွယ်ရေးမရရင်၊ လူသားချင်း ကူညီမှုအထောက်အပံ့တွေမရရင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက မြန်မာနိုင်ငံသားတွေကို အကြီး အကျယ်ဒုက္ခရောက်စေပါလိမ့်မယ်-လို့ပြောပါတယ်။

တိုက်တွန်းတဲ့အဖွဲ့တွေထဲမှာ Kachin Alliance ဆိုတဲ့ ကချင်မဟာမိတ်အဖွဲ့၊ Karen Organization of America ဆိုတဲ့ အမေရိကန်ရောက်ကရင်အဖွဲ့၊ Nationalities Alliance of Burma ဆိုတဲ့ မြန်မာ အမျိုးသားများမဟာမိတ်အဖွဲ့တို့လဲ ပါဝင်ပါတယ်။

Kachin Alliance အဖွဲ့ဥက္ကဌ ဂမ်ဆမ်က - တကမ္ဘာလုံးမှာကိုဗစ်-၁၉ ဖြစ်နေတဲ့အချိန်မှာ ပြည်တွင်းနိုင်ငံရေးက ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်တာ တကြောင်းပေါ့။ နောက်တခုက ဒီလို ပိတ်ဆို့မှုဆိုတာ ကျနော်တို့ မြန်မာ့သမိုင်းမှာ အရမ်းကြာလာပြီ။ ဒီလိုတိုင်းရင်းသားအချင်းချင်း ညီညွတ် မှုကို အင်မတန်ထိခိုက်နစ်နာစေတယ်။ နောက်စစ်ရာဇဝတ်မှုတွေကို မုန်းတီးမှုကို ပိုပွားစေတာပေါ့။ အဲဒါကြောင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုနေတာပါ လို့ပြောပါတယ်။

ဒါ့အပြင် AJWS အဖွဲ့က Jeffery ကလဲ သူတို့အနေနဲ့ အပစ်အခတ်ရပ်စဲရေး ဘာကြောင့် တောင်းဆိုတာလဲဆိုတာနဲ့ ပတ်သက်လို့ - ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့မှာ တပ်မတော်က ကြေညာခဲ့တဲ့ သုံးလကျော် အပစ်ရပ်မယ်ဆိုတဲ့အထဲမှာ AA ရက္ခိုင့်တပ်တော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ ရခိုင်နဲ့ ချင်းဒေသတချို့ မပါတဲ့အတွက် ဖြစ်တယ်လို့ Jeffery ကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဒေသတွင်းအားကြီးတဲ့ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ အကျိုးစီးပွားစီမံကိန်းတွေ ရှိနေသလို မြန်မာအစိုးရအတွက် ဝင်ငွေအကြီးအကျယ်ရနေတဲ့ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးတွေလဲ ရှိနေပါတယ်။

ရဒါပေမယ့် ဒေသခံပြည်သူတွေကတော့ ဆင်းရဲမွဲတေနေတဲ့အတွက် လက်နက်ကိုင်တိုက်ပွဲတွေဖြစ်လာပြီး ဒီအခြေအနေရောက်နေတာမို့လို့ ပဋိပက္ခရဲ့ ပြေလည်ရာလမ်းကို ဘယ်လို အကြံပြုနိုင်မလဲဆိုတော့ Jeffery က “ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းရယူခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်တွေ ထိခိုက်နေ တဲ့ ပြည်သူတွေအနေနဲ့ ဒီပြဿနာဖြစ်နေတဲ့အထဲမှာ ပါဝင်ဆွေးနွေးခွင့် ပြောဆိုခွင့် မရကြပါဘူး။ ဘယ်သူမဆို ဒီပြဿနာဖြေရှင်းရေးမှာ ပါဝင်ခွင့်ရသင့်ပါတယ်။ကျနော်တို့အဖွဲ့က ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတာပါ။ အရပ်ဘက်အဖွဲ့တွေ၊ သတင်းမီဒီယာတွေအပါအဝင် မြန်မာပြည်သူတွေအနေနဲ့လဲ ငြိမ်းချမ်းရေးမှာ ပါဝင်ဆောင်ရွက်ခွင့်ရသင့်ပါတယ်။ ဒါကြောင့် ပထမဆုံးလုပ်ရမှာက စားပွဲဝိုင်းဆွေးနွေးပွဲပါ။ အဲဒီထဲမှာ ရခိုင်နဲ့ချင်းပြည်နယ်က လူ့အသိုင်းအဝိုင်းတွေ ပါဝင်သင့်ပါတယ်လို့ အကြံပြုလိုက်ပါတယ်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့