ကာလုံအစည်းအဝေး မခေါ်မှု အန္တရာယ်ကြီးကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

နေမျိုးထွန်း
2020-08-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ-ကာလုံဟာ နိုင်ငံတော်ရဲ့ အသက်ဝိဉာဉ်ဖြစ်ပြီး အစည်းအဝေး မခေါ်ဘဲ တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်နေတာက အန္တရာယ်ကြီးတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ၊ ညှိနှိုင်းသုံးသပ်တာတွေ မလုပ်ဘဲ တစ်ဦးတည်းက ဆုံးဖြတ်နေတာဟာ အန္တရာယ်သိပ်ကြီးသလို မှန်ကန်တဲ့ ဆုံဖြတ်ချက် လုပ်ဆောင်ချက်တွေဖြစ်ဖို့ အလှမ်းဝေးတယ်လို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Politic မဂ္ဂဇင်းရဲ့ မေးမြန်းမှုကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည်ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကိစ္စတွေဟာ နိုင်ငံတော်ရဲ့ အသက်ဝိဉာဉ်ဖြစ်ပြီး ဒီကိစ္စတွေမှာ Sorry ဆိုရင် နိုင်ငံရဲ့ အချုပ်အခြာ အာဏာဆုံးရှုံးပြီးဖြစ်နေလိမ့်မယ်လို့ ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံအားလုံးနီးပါးက ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ နာမည်နဲ့ပဲဖြစ်ဖြစ် တခြားနာမည်နဲ့ပဲဖြစ်ဖြစ် ဖွဲ့စည်းလုပ်ကိုင်ဆောင်ရွက်နေသလို ဒီအစည်းအဝေး ခေါ်ယူတာ မခေါ်ယူတာဟာ ခေါ်ယူဖို့ တာဝန်ရှိသူတွေရဲ့ အပိုင်းသာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ-ကာလုံ ဖွဲ့စည်းဖို့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ထည့်သွင်းရေးဆွဲထားပါတယ်။

အရင် ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း ကာလုံဖွဲ့စည်းခဲ့ပြီး အစည်းအဝေးတွေ ခေါ်ယူတာတွေ ရှိခဲ့ပါတယ်။ လက်ရှိ NLD အစိုးရလက်ထက်မှာတော့ ဖွဲစည်းခဲ့ပေမယ့် အစည်းအဝေးတစ်ကြိမ်မှ ခေါ်ယူတာ မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံအနေအထားအရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခတွေရှိနေသလို ရခိုင်ပြည် နယ်မှာလည်း ARSA လို အကြမ်းဖက်အဖွဲ့တွေ အန္တရာယ်တွေရှိနေဆဲဖြစ်တာကြောင့် ကာလုံအစည်းအဝေးကို ကျင်းပဖို့ လိုအပ်တယ်လို့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက ပြောပါတယ်။

“ကာကွယ်ရေး လုံခြုံရေးကောင်စီလို အဖွဲ့အစည်းတွေက လိုအပ်ပါတယ်။ လိုအပ်တဲ့အပြင် ပုံမှန်အစည်း အဝေးတွေလည်း လုပ်သင့်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံလို နိုင်ငံမျိုးတွေမှာ ပိုပြီးလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာ ပဋိပက္ခတွေက လက်ရှိကြုံတွေ့နေဆဲဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခဖြစ်တယ်။ နောက်ပြီးတော့ ရခိုင်ဒေသမှာဆိုရင်လည်း ARSA လိုမျိုး အကြမ်းဖက်သမားတွေ အဖွဲ့အစည်းတွေနဲ့လည်း လက်ရှိအချိန်မှာ အန္တရာယ်တွေက ရှိနေဆဲဖြစ်ပါတယ်။ နိုင်ငံကို အုပ်ချုပ်သူ အကြီးအကဲတွေအနေနဲ့ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေ အချိန်နဲ့ တပြေးညီ သိရှိနေဖို့ လိုအပ်ပါတယ်။ ဒီအတွက်လည်း ကာလုံအစည်းအဝေးကျင်းပဖို့ လိုအပ်တယ်လို့ မြင်ပါတယ်”

လက်ရှိမြန်မာနိုင်ငံဟာ ဒီမိုကရေစီကူးပြောင်းရေးကို သွားနေတာဖြစ်လို့ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးက အရေးကြီးတာကြောင့် ကာလုံအစည်းအဝေးတွေ မခေါ်ဘဲနေရင် အရပ်ဘက်နဲ့ စစ်ဘက်ခေါင်းဆောင်တွေ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုတည်ဆောက်တဲ့ အပိုင်းမှာ အားနည်းနိုင်တယ်လို့လည်း ဒေါက်တာနိုင်ဆွေဦးက သုံးသပ်ပါတယ်။

ဥပဒေကြောင်းဆိုင်ရာ လေ့လာသူတချို့ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်တွေအရ ကာလုံခေါ်ဖို့ မလိုသေးတာကြောင့် မခေါ်သေးတာဖြစ်ကြောင်း ပြောကြပါတယ်။

လက်ရှိအခြေအနေမှာ ကာလုံအစည်းအဝေး မခေါ်တာကြောင့် နိုင်ငံအတွက် အန္တရာယ်ဖြစ်စရာလည်း မရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က သုံးသပ်ပါတယ်။

“ကာလုံခေါ်ခြင်း မခေါ်ခြင်းပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းချက်ကိုလည်း ကျွန်တော်တို့က ပြန်လေ့လာရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကာလုံခေါ်ဆိုခြင်းနဲ့ ပတ်သက်တဲ့ အခြေခံအချက်အလက်တွေ ပေါ်ပေါက်မှုမရှိသေးတဲ့အတွက် ကာလုံမခေါ်ခြင်းသာဖြစ်တယ်။ အဲလို ကာလုံမခေါ်ခြင်းကြောင့် တိုင်းပြည် ချောက်ထဲ ကျစရာမရှိဘူး။ လက်ရှိ ပကတိအခြေအနေရ လိုအပ်ပြီလားဆိုတာကို ပြန်စဉ်းစားရင်တော့ ကျွန်တော်အပါအဝင် အများဆန္ဒက မလိုအပ်ဘူးလို့ပဲ ပြောချင်ပါတယ်။ ဒါပဲပြောချင်ပါတယ်”

ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဘယ်အချိန်မှာ ခေါ်ရမယ်ဆိုတဲ့ သီခြားပြဌာန်းထားတဲ့ ဥပဒေရှိသင့်တယ်လို့ ပြောဆိုသူတွေလည်းရှိပါတယ်။

ကာလုံ အစည်းအဝေးခေါ်ယူဖို့နဲ့ ပတ်သက်ပြီး ပြဌာန်းထားတာမရှိတာကြောင့် တစ်ဦးတစ်ယောက်တည်းက ဆုံးဖြတ်လို့ ရနိုင်တဲ့အနေအထားမျိုး ဖြစ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက ထောက်ပြပါတယ်။

“နိုင်ငံတော်ရဲ့ ကာကွယ်ရေးကိစ္စတွေ၊ လုံခြုံရေးကိစ္စတွေမှာဆိုရင် တစ်ယောက်တည်း ဆုံးဖြတ်တာထက်စာရင် အဖွဲ့အစည်းနဲ့ ဆုံးဖြတ်တာ ပိုကောင်းတာပေါ့လေ။ ဒါပေမဲ့လည်း နိုင်ငံတော်မှာ ကာကွယ်ရေးနဲ့ လုံခြုံရေး အတွက် ဆုံးဖြတ်စရာတွေရှိနေပြီလား ဆိုတာကတော့ မသေချာတဲ့ အခြေအနေဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အားနည်းချက်ဖြစ်တယ်။ လွှတ်တော်အနေနဲ့က ဥပဒေပြဌာန်းသင့်တာပေါ့။ ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို ဘယ်အချိန်မှာ ဘယ်လိုခေါ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ သီးခြားသတ်မှတ်ထားတဲ့ ဥပဒေ တွေ ဘာတွေရှိရင်တော့ ပိုကောင်းတာပေါ့။ ဥပဒေမရှိတဲ့ အခါကျတော့ တပ်မတော်ဘက်က ပြောသလိုမျိုး တစ်ဦးတစ်ယောက်တည်းက ဆုံးဖြတ်ရင်လည်း ရတဲ့အနေအထားမျိုး ဖြစ်နေတယ်လေ”

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ အစိုးရရဲ့ သဘောထားရယူဖို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို အွန်လိုင်းကနေ မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားမှု မရှိသေးပါဘူး။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောကြားချက်ပေါ် NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ဆက်သွယ်ခဲ့ပေမယ့် ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင်မောင်ကို မေးမြန်းဖို့ ပြောကြားခဲ့တာကြောင့် ဒေါက်တာဇော်မြင့်မောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပြည်ထောင်စု လွှတ်တော်မှာ ကြိုးစာရာမှာ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို ဖြည့်စွက်ပြင်ဆင်ဖို့တင်ပြချက်ကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံခဲ့ပေမယ့် ကောင်စီဝင်သတ်မှတ်ချက် ပြင်ဆင်တာကို ကန့်ကွက်ခဲ့ပါတယ်။

တပ်မတော်က ထောက်ခံတဲ့ အချက်တွေထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တင်သွင်းတဲ့ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သမ္မတကိုအကြံပေးတာ၊ တိုင်းပြည် အခြေအနေအရ လွှတ်တော်ကိုဖျက်သိမ်းဖို့ သင့်၊ မသင့် သမ္မတကို အကြံပေးတာ၊ ကောင်စီအစည်းအဝေးတွေကို ၂ လ ၁ ကြိမ်ကျင်းပဖို့နဲ့ ကောင်စီအစည်းအဝေး ဆုံးဖြတ်ချက်ချရာမှာ ပါဝင်သူအားလုံးရဲ့ဆန္ဒသဘောထားကို အလေးထားဖို့ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။

အဲဒီအချက်တွေကို NLD လွှတ်တော်အမတ် ဒေါက်တာ ‌ပြည့်ဖြိုး‌က လွှတ်တော်မှာ ဆွေးနွေးခဲ့ရာမှာတော့ လက်ရှိ ကာလုံရဲ့ဖွဲ့စည်းပုံမှာ တပ်မတော်ဘက်က ခြောက်ဦး၊ NLD အရပ်သား အစိုးရဘက်က ငါးဦးသာ ပါတဲ့အတွက်၊ တပ်မတော်က နိုင်ငံရေးဘောင်ချဲ့တာဖြစ်တယ်လို့ ထောက်ပြဝေဖန်ခဲ့ပါတယ်။

"ပုဒ်မခွဲ(စ)မှာ အနည်းဆုံးကောင်စီဝင် ငါးဦးက တောင်းဆိုရင် အစည်းအဝေး ခေါ်ယူကျင်းပရမယ်ဆိုတဲ့ အချက်က ကာလုံမှာ တပ်မတော်က ခြောက်ဦးထိ ပါဝင်နေတဲ့အနေအထားကို အားလုံးသိကြမှာ ဖြစ်ပါတယ်။ ဒီအချက်က တပ်မတော်က နိုင်ငံရေးအခန်းကဏ္ဍမှာ ပိုဘောင်ချဲ့လာမယ့် အနေအထားဖြစ်စေပါတယ်။ အပိုဒ်ခွဲ (ဂ) ဥပဒေပြု ရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းမှုများ ယိုယွင်းလာသည့်အခါ လွှတ်တော်များကို ဖျက်သိမ်းရန် သင့်၊ မသင့် နိုင်ငံတော်သမ္မတကို အကြံပေးရမယ်ဆိုတဲ့ အချက်နဲ့ ပုဒ်မခွဲ (ဃ) ပြည်သူနဲ့ အမျိုးသား လွှတ်တော်မှာ ကိုယ်စားလှယ် သုံးပုံတစ်ပုံအထက် လစ်လပ်သွားရင် လွှတ်တော်ကို ဖျက်သိမ်းဖို့ သင့်၊ မသင့် သမ္မတကို အကြံပေးရမယ်ဆိုတဲ့ အချက်တွေဟာ မူလ နဂိုထဲက ၂၅ ရာခိုင်နှုန်း ရထားပြီးတဲ့အပြင် ပိုမိုသွယ်ဝိုက်ပြီး ဥပဒေပြုလွှတ်တာ်ကို အာဏာလွှမ်းမိုးတာဖြစ်ပါတယ်"

NLD ပါတီက တင်သွင်းတဲ့ ကာလုံမှာပါဝင်တဲ့ နယ်စပ်ရေးရာဝန်ကြီးကို အပြီးထုတ်ပယ်ပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌတွေကို အသစ်ထည့်သွင်းဖို့ဆိုတဲ့ အချက်တွေကိုတော့ တပ်မတော်က ကန့်ကွက်ခဲ့ တာဖြစ်ပါတယ်။

ကာလုံနဲ့ဆက်စပ်တဲ့ ပုဒ်မ ၂၁၃ မှာ “နိုင်ငံတော် ကျူးကျော်တိုက်ခိုက်ခံရရင် ဖွဲ့စည်းပုံနဲ့အညီ ပြဌာန်းထားတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိုနှိုင်းပြီး၊ စစ်ရေးအရ လိုအပ်သလို ဆောင်ရွက်ခွင့်ရှိတယ်” လို့ ပြဌာန်းထားပါတယ်။

ကာလုံလို့ခေါ်ဆိုတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ တပ်ချုပ် ဒုတပ်ချုပ်၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး စုစုပေါင်း ၁၁ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

"အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ-ကာလုံဟာ နိုင်ငံတော်ရဲ့ အသက်ဝိဉာဉ်ဖြစ်ပြီး အစည်းအဝေး မခေါ်ဘဲ တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်နေတာက အန္တရာယ်ကြီးတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။"

Who usually makes decision single-handedly to go to war? Isn't that you who makes all the decision, not DASSK even when she's the head of state?

Aug 09, 2020 10:53 PM

ဆိုက်တခုလုံးသို့