မြစ်ကြီးနားမြို့က ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ

အဲလိဇဘက်ဂျန်မာ
2019-12-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ICJ မှာသွားရောက်ရင်ဆိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည်ကြောင်း မြစ်ကြီးနားမြို့ ဒေသခံတွေ ၂ဝ၁၉ ဒီဇင်ဘာ ၉ ရက်နေ့က ထောက်ခံဆန္ဒပြစဉ်
ICJ မှာသွားရောက်ရင်ဆိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည်ကြောင်း မြစ်ကြီးနားမြို့ ဒေသခံတွေ ၂ဝ၁၉ ဒီဇင်ဘာ ၉ ရက်နေ့က ထောက်ခံဆန္ဒပြစဉ်
Photo: Elizabeth/ RFA

နိုင်ငံတော်ရဲ့အကျိုးစီးပွားကိုကာကွယ်ရန်အတွက်ဆိုပြီး ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ရင်ဆိုင်ဖြေရှင်းမယ့် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ဒီမနက်က မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမွတ်စလင်တွေကို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အမှုဖွင့်ထားတာကို မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ် မြို့မှာ ရှိတဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ကြားနာပွဲ စတင်မှာပါ။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် နယ်သာလန်နိုင်ငံကို ရောက်ရှိနေပါပြီ။  

ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့်ထောက်ခံကြသလဲဆိုတာ တက်ရောက်လာသူတွေကို RFA က လိုက်လံ မေးမြန်းခဲ့ပါတယ်။

ဦးယုတ

"နယ်သလန်မှာ ကုလသမဂ္ဂနဲ့တရားစွဲထားတယ်ဆိုပြီးမှ ကျနော်တို့နိုင်ငံမှာ စီးပွားအကျိုးကို ထိခိုက်မှာစိုးလို့၊ တိုင်ပြည် ပြည်သူလူထုနဲ့ ညီညီညွတ်ညွတ်ဖြစ်ဖို့ အမေစုကိုယုံကြည်လို့ အမေစုကိုထောက်ခံတယ်။ အမေစုကိုတရားစွဲတာ အမေစုတော့ အမှားမရှိဘူး အမေစုကိုရပ်တည်ပေးဖို့ ဒီမှာလာတာဖြစ်တယ်။ သူများပြောတာကျတော့ ကုလသမဂ္ဂတရားရုံးကနေ တရားစွဲတယ်ပဲကြားတယ်။ ရခိုင်ပြည်မှာ ရခိုင်လူမျိုးကို လူမျိုးပျက် အစုအပြုံလိုက်သတ်ဖြတ်ပစ်လို့ နိုင်ငံတော်ကနေ တရားစွဲတယ်တဲ့။ အခုက တို့အစိုးရနိုင်ငံတော်မှာ အတိုင်ပင်ခံဖြစ်နေတဲ့အတွက် သူတို့တွေအပါစွဲထားတယ်တဲ့ အဲလိုကြားတယ်။"

ဒေါ်ဒူးလီမီ

"ဒီပွဲကို ဘယ်လိုဖြစ်လို့ပါဝင်ရလဲဆိုတော့ ကျမရဲ့ခံစားချက်ပေါ့နော၊ အခုအမေစု တက်လာတဲ့အချိန်မှာ ကချင်ပြည်နယ်ရဲ့လမ်းတွေကလည်း ပြီးတော့ရေမြောင်းတွေလည်း အကုန်လုံး ကောင်းကောင်းမွန်မွန် လုပ်ပေးပါတယ်။ ဒါကြောင့်မို့ အမေစုကို ကျေးဇူးတင်တဲ့အနေနဲ့ ချီတက်လာတာပါ။ ICJ နိုင်ငံကနေ တရားစွဲထားတယ်ဆိုတာ မနေ့ကအသင်းတော်က ကြေညာလို့ သိရှိပါတယ်။ အန်တီတို့က တိုင်းရင်းသားတွေဆိုတော့ အဲလောက်ထိတော့နားမလည်ဘူး။ ဒါပေမဲ့ ဘုရားကျောင်းက အမေစုကို ကျေးဇူးတင်တဲ့တွက်ကြောင့်မို့ ပြည်သူလူထုတစ်ယောက်အနေနဲ့ အားပေးဖို့ပြောလို့ ချီတက်တာဖြစ်ပါတယ်။"

ဒေါ်ညီလောဆီ

"အသင်းတော်က အမေစုကို ICJ က တရားစွဲထားလို့ အဲဒါကိုထောက်ခံတဲ့အနေနဲ့ ပါဝင်သွားရအောင်ဆိုပြီးမှ လာခဲ့ခြင်းဖြစ်ပါတယ်။ ICJ နိုင်ငံက တရားစွဲထားလို့ အခုဒေါ်အောင်ဆန်းစုကြည်က တရားရင်ဆိုင်ဖို့ သွားခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးမရှိလို့ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြစ်အောင် တိုင်ပင်ခြင်းဖြစ်ပါတယ်။"


မအေးခိုင်

"ဂမ်ဘီယာနိုင်ငံက။ မသိဘူး။ လူကြီးတွေကခေါ်လာလို့ သမီးတို့လည်းပါဝင်တယ်။"

ဒေါ်ခိုင်မာလာဦး

"မသိဘူး။ ဒါတွေမသိဘူး။ အမေနဲ့အတူ လိုက်ဖို့ပဲသိတယ်။"


ထောက်ခံပွဲမှာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ ပါဝင်ခဲ့ပါတယ်။

ဖားကန့်၊ မိုးညှင်း၊ ဗန်းမော်တွေမှာလည်း အလားတူထောက်ခံပွဲ ကျင်းပသလို မြို့ကြီးတချို့မှာလည်း ကျင်းပနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နယ်သာလန်အထိသွားရောက်ပြီး ရင်ဆိုင်မယ့် ICJ အမှုကို ကချင်လူထုကြားထဲ ထောက်ခံကြသူ၊ ဝေဖန်သူစသဖြင့် ကွဲလွဲမှုတွေရှိနေပါတယ်။

ICJ ကသာ တရားမျှတမှုကိုဆောင်ကြဉ်းပေးနိုင်မှာဖြစ်တယ်လို့ သုံးသပ်ကြတဲ့အတွက်   ICJ တရားရုံးမှာအမှုဖွင့်စွဲဆိုတာကို ကချင်နိုင်ငံရေးပါတီ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူအချို့က ထောက်ခံကြပါတယ်။

ဒီထောက်ခံပွဲတွေပြုလုပ်ပေမယ့် တရားသူကြီးတွေဟာ မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေ၊ ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်တွေကို ကြည့်ပြီး ဆုံးဖြတ်မှာဖြစ်တာကြောင့် ဘာမှထူးခြားမှာမဟုတ်ဘူးလို့ ဝေဖန်သူတွေလည်းရှိပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့