ဘူးသီးတောင်မှာ ကျောင်းဆရာတစ်ဦး ဖမ်းဆီးခံရ

2019-08-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘူးသီးတောင်မြို့အဝင် ဆိုင်းဘုတ်ကို တွေ့ရစဉ်
ဘူးသီးတောင်မြို့အဝင် ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ ကျောင်းဆရာတစ်ဦးကို မသင်္ကာလို့ဆိုပြီး တပ်မတော်က မနေ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ် ဦးနေဇော်လင်းဟာ မူလတန်းပြကျောင်းဆရာတစ်ဦးဖြစ်ပြီး မနေ့ မနက်ပိုင်းက ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာကနေ ကြာညိုပြင်ရွာကို ပြန်လာစဉ်မှာ တပ်မတော်ရဲ့ ဖမ်းဆီးခံရတာဖြစ်ပါ တယ်။ ရခိုင့်တပ်တော် AA နဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ကာလအတွင်း သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေရှိပေမယ့် အစိုးရဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရတာ ဒါပထမဆုံးဖြစ်တယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် လက်ထောက်မြို့နယ် ပညာရေးမှူး ဦးသိန်းထွန်းဝင်းဟာ ဦးနေဇော်လင်း ကို ဖမ်းဆီးထားတဲ့ ၅၅၁ တပ်ရင်းကို မနေ့က သွားရောက်ခဲ့ပေမယ့် တွေ့ခွင့်မရဘူးလို့လည်း သိရပါတယ်။

ဦးနေဇော်လင်း ဖမ်းဆီးခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လက်ထောက်မြို့နယ် ပညာရေးမှူး ဦးသိန်းထွန်းဝင်း က အခုလိုပြောပါတယ်။

"ကျွန်တော် သွားတွေ့တဲ့အခါကျတော့ ဖမ်းသွားတဲ့ အရာရှိနဲ့တေ့ွတယ်၊ မသင်္ကာစရာ သူ့ရဲ့ဖုန်းမှာတွေ့တယ်တဲ့။ အဲဒီကိစ္စနဲ့ ဖမ်းပြီးတော့မှ စစ်တယ်ပေါ့။ တကယ်လို့ အပြစ်မရှိဘူး ဘာညာဆို ကျွန်တော်တို့ ပြန်လွှတ်ပေးမှာ ပါတဲ့။ ကျွန်တော်တို့ဌာနအနေနဲ့ကတော့ ထွေအုပ်တို့၊ ခရိုင်ပညာရေးရုံးတို့၊ ပြည်နယ်ပညာရေးမှူးတို့ဆီ ထူးခြားဖြစ်စဉ်အနေနဲ့ တင်ထားတာရှိပါတယ်။"

မသင်္ကာတဲ့အကြောင်းအရင်း အသေးစိတ်ကိုတော့ မသိရဘူးလို့ ဦးသိန်းထွန်းဝင်း က ပြောပါတယ်။ ဒါ့အပြင် ဒီနေ့မှာတော့ ၅၅၁ တပ်ရင်းကနေ ရဲတပ်ဖွဲ့ကို လွဲှပြောင်းပေးလိုက်သလို သတင်းတွေထွက်နေတယ်လို့လည်း ဆက်ပြောပါတယ်။ ဘူးသီးတောင်မြို့နယ်ရဲတပ်ဖွဲ့ကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဖမ်းဆီးခံရတဲ့ ဦးနေဇော်လင်းဟာ ရသေ့တောင်ဇာတိဖြစ်ပြီး ဘူးသီးတောင်မှာ မူလတန်းပြဆရာအဖြစ် လုပ်ကိုင်နေတာ ၃နှစ်ရှိပြီဖြစ်ပါတယ်။ သူဟာ ပြင်ချောင်းရွာမူလွန်ကျောင်းက ကျောင်းဆရာဖြစ်ပြီး အဲဒီရွာမှာ တိုက်ပွဲတွေကြောင့် ကြာညိုပြင်ကျေးရွာဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ကျောင်းသား ကျောင်းသူတွေကို စာသင်ပေးနေသူလည်း ဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှ က ဖမ်းဆီးခံရတဲ့ ကျောင်းဆရာနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

"ကျွန်တော်တို့ဆီ အစီရင်ခံစာတက်လာမှ ဆောင်ရွက်လို့ရမှာ။ အခုတော့ ဘာမှပြောလို့မရသေးဘူး။"

ရခိုင့်တပ်တော် AA နဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ကာလအတွင်း သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေရှိပေမယ့် အစိုးရဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရတာ ဒါပထမဆုံးဖြစ်တယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

နယ်မြေမတည်ငြိမ်တဲ့ ဒီလိုဒေသတွေမှာ တာဝန်ထမ်းဆောင်ရတဲ့ ပညာရေးဝန်ထမ်းအနေနဲ့ သွားလာရေးမှာ အခက်အခဲတွေရှိပြီး သတိထားရမယ့် အချက်တွေကို ဘူးသီးတောင်မြို့နယ် ဒုမြို့နယ် ပညာရေးမှူး ဦးမောင်ဝင်းလှိုင် က အခုလိုပြောပါတယ်။

"သီးခြားညွှန်ကြားချက်တွေတော့ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဝန်ထမ်းတွေကိုတော့ သွားတဲ့လာတဲ့အခါမှာ သက်ဆိုင်ရာယူနီဖောင်းတွေ၊ ဝန်ထမ်းကဒ်တွေ ဆောင်ပြီးသွားဖို့ သတိတွေပေးထားပါတယ်။ အခုချိန်မှာ ဝန်ထမ်းတွေအနေနဲ့ကတော့ အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်ဖို့ ခက်ခဲနေပါတယ်။ သွားရေးလာရေး အခြေအနေ၊ မြေပြင်လုံခြုံရေး အခြေအနေတွေကြောင့် ကျွန်တော်တို့ တာဝန်ထမ်းဆောင်ရာမှာ အခက် အခဲတွေရှိပါတယ်။ မြို့ထဲမှာပဲနေပြီး အခြေအနေကြည့်ပြီး သွားလာနေရတာပဲ။"

ကျောင်းဆရာ ဦးနေဇော်လင်း ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ

"အဲဒါတော့ ကျွန်တော် မကြားမိသေးဘူး။ စစ်ဆင်ရေးနယ်မြေထဲဆိုတော့ လိုအပ်ချက်အရ မေးမယ်ဆိုရင် မေးမှာပေါ့။"

ပညာရေးဝန်ထမ်းတစ်ဦး အခုလို ဖမ်းဆီးခံရတာနဲ့တပ်သက်ပြီး ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ အခုလဆန်းပိုင်းအထိ နှစ်ဘက်တိုက်ပွဲတွေအတွင်း တပ်မတော်က AA အဖွဲ့ဝင်လို့ သံသယရှိသူ ၉ဝ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တာရှိပြီး၊ လက်ရှိစစ်ဆေးနေဆဲ ၃၆ ဦး၊ ပြန်လွှတ်ပေးခဲ့သူက ရှစ်ဦး၊ အမှုဖွင့်ထားသူ ၄၅ ဦး၊ ပြစ်ဒဏ်ချမှတ်ပြီးသူ သုံးဦးရှိတယ်လို့ တပ်မတော်က ဇွန်လအတွင်း သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ထားပါတယ်။
ဆိုက်တခုလုံးသို့