ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ဒီလအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာတွေ သိသိသာသာ တိုးလာနေပါတယ်။
အင်တာနက်လိုင်းလည်း ဖြတ်တောက်ခံထားရတာကြောင့် သတင်းအချက်အလက်တွေကို ဒေသခံတွေ သိခွင့်မရတဲ့အတွက် ပိုးတွေ့လူနာတွေ ပိုတိုးလာနိုင်တယ်လို့ ဆရာဝန်နဲ့အရပ်ဘက်အဖွဲ့အစည်းတွေကို ပြောကြပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ကနေ ဒီနေ့အထိ ကိုရိုနာ ဗိုင်းရပ်စ်ပိုးတွေ့ လူနာသစ် ၁၁၇ ဦးထပ်တိုးတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အရင်တုန်းကဆိုရင် အဲဒီရသေ့တောင်ပြီးနယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ၂၄ ဦးသာရှိခဲ့ဖြစ်ပြီး ဒီလအတွင်းမှာပဲ သိသိသာသာတိုးလာနေတာပါ။
အင်တာနက်လိုင်းမရတော့ လိုက်နာဆောင်ရွက်ရမယ့်နည်းတွေကိုမသိဘဲ ပိုးကူးစက်မှုတွေ ပိုများလာတာလို့ ရသေ့တောင်မြို့နယ်က ဆရာဝန် ဒေါက်တာတင်မြင့်ဦးက RFA ကို အခုလို ပြောပါတယ်။
“အင်တာနက်လိုင်း မရတာကတော့ အကြီးမားဆုံး အခက်အခဲထဲမှာပါတာပေါ့။ ဘယ်နှစ်ယောက်ဖြစ်လို့ ဖြစ်မှန်းမသိ။ တစ်ယောက်ယောက်ကို ဆင်းပြီးထွက်မေးကြည့်လိုက်ရင် ဘယ်နှစ်ယောက်နေပြီလဲ သိလားဆိုတာ မေးကြည့်လိုက်ရင် မသိတဲ့သူတွေ အများကြီးပဲ။ မသိလေလေပိုပြီးတော့ အမှားတွေ လုပ်လေလေပဲလေ။ အင်တာနက်လိုင်း ရှိရင်တော့ လူတွေက သတင်းအချက်အလက်တွေသိပြီး ကိုယ့်ဟာကို ကာကွယ်နိုင်မယ့်နည်းလမ်းတွေကို လက်တွေ့ကျကျ လိုက်နာဖို့ ရာခိုင်နှုန်းတော်တော်များများကတော့ လိုက်နာလာကြမှာပဲလေ။ သတင်းအချက်အလက် ကောင်းကောင်းမရတော့လည်း လိုက်နာဖို့ ပျက်ကွက်တယ်ပေါ့။ ဒါကြောင့် ပေါ့ဆမှုက ပိုပြီးပိုးပျံ့ဖို့ အခွင့်အလမ်းရှိတာပေါ့”
ရသေ့တောင်မြို့နယ်က ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင် ကိုဘက္ကာကလည်း ဒေသခံတွေဟာ ကိုဗစ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုမသိကြရဘဲ ပေါ့ပါ့တန်တန်သွားလာနေကြတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီဆိုပြီးတော့ ဖွဲ့ထားကြတယ်။ ကျွန်တော်တို့လည်း လိုက်နာရမယ့် စည်းကမ်းချက်တွေကို ပြောပြတယ်။ အပြင်သွားတိုင်း နှာခေါင်းစည်းတပ်ပါ။ လက်ဆေးပါပေါ့။ အဲဒါတွေကို သူတို့က လိုက်နာမှုအားနည်းလို့ ပိုးတွေ့လူနာတွေ အများကြီး ဖြစ်သွားတာပေါ့။ လိုက်နာမှုအားနည်းနေတယ်ဆိုတာကလည်း အင်တာနက်လိုင်း မရတော့ သတင်း အချက်အလက်တွေကို သူတို့ မသိရဘူး။ မကြားရဘူး။ မမြင်ရဘူးပေါ့ဗျာ။ အဲဒီသတင်းအချက်အလက်တွေကို မသိရတော့ အဲဒီရောဂါပိုးကို ပေါ့ပေါ့တန်တန် သဘောထားပြီးတော့ ရောဂါပိုးတွေ့ လူနာအများကြီး ဖြစ်သွားတာပါ”
ရသေ့တောင်လိုပါပဲ ရခိုင်ပြည်နယ်အတွင်းက အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ မြို့နယ်တွေဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံစတဲ့မြို့နယ်တွေမှာလည်း ပိုးတွေ့လူနာတွေ တိုးလာနေပါတယ်။
အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့လိုအပ်တယ်လို့ ရခိုင်လူသားချင်းစာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ရဲ့အတွင်းရေးမှူး ဦးခိုင်ကောင်းစံက RFA ကို ပြောပါတယ်။
“အဓိကတော့ ဒီကိုဗစ်အပေါ်မှာ အစောပိုင်းမှာ ယုံကြည်မှုမရှိကြဘူးဆိုတာ တွေ့တယ်။ နောက်တစ်ခုက သတင်းအချက်အလက် ရယူမှုအားနည်းတာပေါ့။ အားနည်းတယ်ဆိုတာကတော့ အင်တာနက်လိုင်း ပိတ်ထားတဲ့အတွက် လူမှုစာမျက်နှာမှာ သုံးစွဲခွင့်မရဘူး။ မရတော့ ကိုဗစ်ဆိုင်ရာ သတင်း အချက်အလက်တွေကို စောလျင်စွာ မရဘူးပေါ့လေ။ နောက်မှပဲရတယ်။ ပြောချင်တာက ကိုဗစ်ကိုကာကွယ်ဖို့ အင်တာနက်လိုင်းဟာ အဓိကအက္ခရာ ကျတယ်လို့မြင်တယ်။ အင်တာနက်ဖွင့်ပေးဖို့ လိုအပ်တာပေါ့။ အဲဒါမှာ ကျန်းမာရေးစည်းကို လူတိုင်းလက်လှမ်းမီ နိုင်မယ်လို့ပြောချင်ပါတယ်”
အင်တာနက်လိုင်း မရတဲ့မြို့နယ်တွေက ဒေသခံတွေအတွက် အသိပေး ဆိုင်းဘုတ်ထောင်တာ၊ လက်ကမ်း စာစောင်ဝေတာ၊ လော်စပီကာနဲ့ လှည့်လှည်အော်တာစရာတွေကို လုပ်ပေးထားတယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင် က ပြောပါတယ်။
“ကျွန်တော်တို့ကတော့လေ အင်တာနက်ပြတ်တောက်နေတဲ့ ပြည်သူတွေ ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်း အချက်အလက်တွေ မရဘူးဆိုတာကို ကျွန်တော်တို့လည်း ပြည်ထောင်စုနဲ့ အစည်းအဝေးတွေမှာလည်း တင်ပြတယ်။ ဒါပေမဲ့ ဒါက ကျွန်တော်တို့ လုပ်နိုင်တဲ့အပိုင်းတော့ မဟုတ်ဘူးပေါ့နော်။ ကျွန်တော်တို့က တင်ပြရုံပဲတင်ပြလို့ ရတာပေါ့နော်။ ဆရာတို့ဘက်ကတော့ လုပ်ပေးနိုင်စရာဆိုလို့ လမ်းသွား လမ်းလာတွေ ဖတ်လို့ရအောင်ဆိုပြီးတော့ ဆိုင်းဘုတ်တွေ ထောင်တယ်ပေါ့။ လက်ကိုင်လော်စပီကာလေးတွေနဲ့ ကြေငြာခိုင်းထားတယ်”
ကိုရိုနာဗိုင်းရပ်စ်ပိုး ဒုတိယလှိုင်းကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က စတွေ့ခဲ့တာပါ။
အခုဆိုရင် ရခိုင်ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၃၅၂၀ ဦးနဲ့ သေဆုံး ၂၈ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။