မေလ ၂၄ရက် မြန်မာနဲ့ ကမ္ဘာတစ်လွှား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှု

တင်အောင်ခိုင်
2020-05-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နှစ်ဦး တိုးလာတယ်လို့ မေလ၂၃ရက် စနေနေ့ မနက်၇နာရီက ကျန်မာရေးနဲ့အားကစား ဝန်ကြီးဌာနကသတင်း ထုတ်ပြန် ထားတာကြောင့် စုစုပေါင်း၂၀၁ဦးဖြစ်သွားပါပြီ။ ဝန်ကြီးဌာနရဲ့ စနေနေ့ ည၈နာရီ အချိန် ထုတ်ပြန်ချက်မှာတော့ စမ်းသပ်နမူနာ ၃၁၃ခုကို ထပ်မံစစ်ဆေးခဲ့ပေမယ့် ပိုးတွေ့လူနာ မတွေ့ရဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေမှာလည်း ရောဂါကူးစက်မှုတွေ များခဲ့ပါတယ်။ အာဆီယမ်နိုင်ငံတွေမှာ မေလ ၂၀ရက်နေ့ အထိ ရောဂါကူးစက်ခံရသူပေါင်း ခုနှစ်သောင်း ကျော်ခဲ့တာမို့ ဒီကပ်ရောဂါဘေးကို ညီညီညွတ်ညွတ်ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ လိုတယ်လို့ မေလ ၂၃ရက်နေ့ထုတ် ဘန်ကောက်ပိုစ် ဆောင်းပါးတစ်ဆောင်မှာ တိုက်တွန်းထားပါတယ်။

အာဆီယံနိုင်ငံတွေအနေနဲ့ သူ့ရဲ့ကုန်သွယ်ဘက်တွေဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်နိုင်ငံ တွေမှာပါ ရောဂါကြောင့် အထိနာခဲ့တာမို့ အချင်းချင်း ဖေးကူမဖို့ ပိုအရေးကြီးတယ်လို့ ဆောင်းပါးမှာ တိုက်တွန်းထားပါတယ်။

တဆက်တည်း အာဆီယံ နိုင်ငံတွေက ရောဂါကူးစက်မှုဟာ ရောဂါစတင်ရာ တရုတ်ပြည်နဲ့ နီးကပ်ပေမယ့် ဥရောပ နိုင်ငံတွေလောက်မများပါဘူး၊ ဒါဟာ ရောဂါရှိ မရှိစမ်းသတ်နိုင်တာ အကြောင်း တစ်ခုဖြစ်နိုင်သလို၊ ရောဂါရှိသူစာရင်းကို အမှန်မထုတ်ပြန်ဘဲ ကွယ်ဝှက်ထားတာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

အာဆီယံနိင်ငံတွေထဲမှာ လူတစ်သိန်းမှာ ၂၅၀၀လောက်ရောဂါ ရှိ မရှိ စစ်ဆေးနိုင်တဲ့ စင်္ကာပူဟာ ရောဂါပိုးတွေ့သူ အများဆုံးဖြစ်နေပြီး စနေနေ့က ရောဂါကူး စက်သူ သုံးသောင်းကျော်ခဲ့ပါတယ်။ဒါပေမဲ့ စင်္ကာပူမှာ သေဆုံးသူ ၂၃ဦးသာရှိပြီး အာဆီယံနိုင်ငံ တွေထဲမှာ ရောဂါကူးစက်မှု ဒုတိယအများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားမှာတော့ သေဆုံးသူ ၁၃၀၀ကျော်နဲ့ ရောဂါကူးသူ နှစ်သောင်းကျော်ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာတော့ စနေနေ့က နှစ်လကြာ တစ်နိုင်ငံလုံး အသွားအလာ ကန့်သတ်တာကို လျော့ပေးလိုက်တဲ့ နှစ်ရက်မြောက်နေ့မှာည ရောဂါကူးစက်သူ ၆၀၀၀ကျော်ရှိ လာတာ မိုးစိုးရိမ်စရာ အခြေအနေဖြစ်ပါတယ်။ ပြည်နယ်တချို့မှာ  ပြည်နယ်ပြင်ပက ပြန်လာသူတွေကို ရောဂါခြေချုပ် ၁၄ရက် နေထိုင်ဖို့ ပြဌန်းချက်အသစ် တွေထုတ်ပြန်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာတော့ ကျောင်းတွေကို ဖွင့်ပြီးမှ ဆိုလ်းမြို့နဲ့ အီချွန်းမြို့တွေမှာ  ခလေးတွေကို အိမ်ပြန်ခိုင်းသလို ဆိုလ်းမြို့မှာ ရှိတဲ့ ပြန်လည်ဖွင့်လစ်ခွင့်ရတဲ့ ထောင်နဲ့ ချီတဲ့ ညကလပ်တွေကို ပြန်ပိတ်လိုက်ပါတယ်။ ဒါဟာ ညကလပ်ကနေ ရောဂါကူးစက်ခံရသူ ၂၀၀ရှိ လို့ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါစဖြစ်တဲ့ တရုပ်ပြည်မှာတော့ သောကြာနေ့က ရောဂါကူးစက်သူ အသစ် မရှိသလို ရောဂါကြောင့်သေဆုံးသူလည်း မရှိဘူးပါဘူး။ ကမ္ဘာ့နိုင်ငံတွေက ကူးစက်မှုကို ကြည့်ရင် တောင်အမေရိကတိုက်မှာ စိုးရိမ်စရာတွေရှိနေပါတယ်။ ဘရာဇီးနိုင်ငံဟာ စနေနေ့က ရောဂါပိုးတွေ့သူ အသစ် ကိုးထောင်နီးပါးနဲ့  သောကြာနေ့က ကမ္ဘာ့ရောဂါ အဖြစ်ဆုံး ဒုတိယနေရာကို ရောက်လာတဲ့ ရုရှားကို ကျော်သွားပါတယ်။ ဘရာဇီးမှာ ရောဂါဖြစ်ပွားသူ စုစုပေါင်း သုံးသိန်း သုံးသောင်း ကိုးထောင်ဖြစ်ပြီး ရုရှားမှာ သုံးသိန်းသုံးသောင်း ငါးထောင်ဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံကတော့ တစ်နေ့ထဲ သေဆုံးသူ လေးရာ ခုနှစ်ဆယ်ကျော်ရှိတာမို့ စနေနေ့က သေဆုံးသူ အများဆုံး နိုင်ငံဖြစ်သွားပါတယ်။ ဥရောပတိုက်မှာ အတော်တင်းကြပ်တဲ့ ကန့်သတ်မှုတွေ လုပ်ထားတဲ့ စပိန်နိုင်ငံဟာ လာမယ့် ဇူလိုင်လမှာ ကမ္ဘာလှည့်ခရီးသွားတွေကို ပြန်ပြီးလက်ခံမှာ ဖြစ်သလို ဇွန်လတွင်းမှာ ဘောလုံးပွဲတွေကို ပြန်စမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

အမေရိကန်နိုင်ငံကတော့ ရောဂါဖြစ်ပွားသူ တစ်သန်းခြောက်သိန်းကျော်နဲ့ ကမ္ဘာမှာရောဂါ အများဆုံးဖြစ်တဲ့ နိုင်ငံဖြစ်နေပြီး သေဆုံးသူစုစုပေါင်းကတော့ ကိုးသောင်းခုနှစ်ထောင် ကျော်ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်တွင်းမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်စဖို့ ဆွေးနွေးငြင်းခုံနေသလို နိုင်ငံတွင်းရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း အများစုဟာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ အညီပြန်ဖွင့်နေကြပါတယ်။

တစ်ကမ္ဘာလုံး ရောဂါဖြစ်ပွားမှုကို ကြည့်မယ်ဆိုရင် မေလ ၂၄ရက် တနင်္ဂနွေနေ့ မနက် မြန်မာစံတော်ချိန် မနက် ၁နာရီအချိန် အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ်က ပြုစုထားတဲ့ မှတ်တမ်းအရ နိုင်ငံပေါင်း ၁၈၈နိင်ငံမှာ ရောဂါဖြစ်ပွားသူ ငါးသန်းသုံးသိန်းရှိပြီး သေဆုံးသူ သုံးသိန်းကျော်၊ ပြန်လည်ကောင်းမွန်လာသူ နှစ်သန်း ကျော်ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့