မင်းပြားမှာ ရွာအချို့ပစ်ခတ်ခံရလို့ လူ ၁၀၀၀ ကျော်ထွက်ပြေးရ

မင်းသိန်းအောင်၊ ဖြူဖြူခိုင်
2020-03-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖုံသာချောင်းဘက်မှာ တပ်မတော်စစ်ကြောင်းတစ်ခုက ကျေးရွာတွေထဲကို ပစ်ခတ်လို့ ဒီနေ့ နေ့လယ်က ဒေသခံ တစ်ထောင်ကျော်လောက်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေး သွားကြတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်က အဲဒီလိုပစ်ခတ်တာမရှိဘူးလို့ တုံ့ပြန်ပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖုံသာချောင်းအဝမှာရှိတဲ့ ကျောက်မော်၊ ခွဆုံ၊ ပုလဲတောင်၊ တောင်ပေါက်ကေ စတဲ့ကျေးရွာတွေအနီးနဲ့ ရွာတွေထဲကို ဒီနေ့ နေ့လယ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ခံရလို့ အဲဒီရွာတွေက ရွာသား တစ်ထောင်ကျော်လောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံ ရွာသားတွေကပြောပါတယ်။

ခွဆုံရွာကိုရောက်နေတဲ့ တပ်မတော်စစ်ကြောင်းကနေ အနီးအနားမှာရှိတဲ့ရွာတွေကို လှမ်းပစ်တာလို့ ထွက်ပြေးနေရတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်မော်ရွာသားတစ်ဦးက ပြောပါတယ်။

“ဒီအနီးအနားမှာဆိုရင် ဖုံသာခွဆုံရယ်၊ ကျောက်မော်ရယ်၊ နောက်ပြီးဟိုဘက် ဖုံသာပုလဲတောင်ရယ် အဲဒီရွာတွေကို ဖုံသာခွဆုံကနေ သေနတ်နဲ့လှမ်းပစ်တော့ ရွာသားတွေ အကုန်လုံး ထွက်ပြေးကြတယ်။"

တပ်မတော်စစ်ကြောင်း ဖုံသာခွဆုံရွာနားမှာရှိတာ။ လှမ်းပစ်တယ်ဆိုတော့ သူတို့ဘယ်ကိုလှမ်းပစ်မှန်းကို မသိတော့တာ။ ကျွန်တော်တို့ ကျောက်မော်ရွာက အိမ်ခေါင်မိုးတွေပေါ်ကိုလည်း လက်နက်ငယ်တွေကျတယ်။ သူတို့စစ်ကြောင်းလာတယ်လို့ သတင်းကြားရချိန်က ကျွန်တော်တို့ ထွက်မပြေးသေးဘူး။ ရွာမှာပဲနေကြတာ။ သေနတ်ပစ်သံတွေကြားရမှပဲ ထွက်ပြေးကြတာ”

အဲဒီရွာတွေဟာ ဖုံသာချောင်းရဲ့ထွက်ဝမှာ ဟိုဘက်ကမ်း ဒီဘက်ကမ်းရှိနေတဲ့ရွာဖြစ်ပြီး တပ်မတော်က ရွာနားက တောင်တွေကိုပါ အမြောက်ကြီးတွေနဲ့ လှမ်းပစ်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် အမည်မဖော်လိုတဲ့ ဒေသခံ ရွာသားတစ်ဦးကလည်း ဒီနေ့ထွက်ပြေးကြရတဲ့ရွာဟာ ငါးရွာလောက် ရှိတယ်လို့ပြောပါတယ်။

“ဖုံသာဝကျေးရွာအုပ်စုပေါ့။ ထွက်ပြေးတာက ကျောက်မော်၊ ဖုံသာပုလဲတောင်၊ ခွဆုံ၊ တောင်ပေါက်ကေ၊ စိတ္တရ အကုန်လုံး ငါးရွာပေါ့။ ထွက်ပြေးတာက အခု လက်နက်ထိမှန်တဲ့ရွာတွေကနေ လက်နက်မကျရောက်တဲ့ ရွာတွေကိုပြေးကြတာ။ ငါးတက်၊ ကျေးမ၊ ကိုင်းကြီး တို့ဘက် ပြေးတာရှိတယ်။ မင်းတင်မဘက်ကို ပြေးတာတွေရှိတယ်။ အခုလို ပြည်သူတွေကို ရွာတွေကိုခြောက်လှန့်ပစ်ခတ်တာတွေကို လုံးဝမလုပ်စေချင်ဘူး။ ရွာသားတွေ ကြောင့်ကြစိုးရိမ်ရတယ်။ ပြည်သူတွေဆိုတာက ဘာမှသိကြတာမဟုတ်ဘူး”

ဒီကျေးရွာတွေက သေခံတွေဟာ ပြီးခဲ့တဲ့နှစ် ဇွန်လလောက်က မင်းဖူးတောင်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဘက်တိုက်ပွဲတွေကြောင့် ပထမဆုံးအကြိမ် အများအပြားထွက်ပြေးခဲ့ကြရပြီး အခုထွက်ပြေးရတာကတော့ ဒုတိယအကြိမ်မြောက် လို့ဆိုကြပါတယ်။

ကျောက်တော်မြို့နယ်မှာ တပ်မတော်စစ်ကြောင်းတွေက ရွာတွေကိုမီးရှို့တာ၊ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ စတဲ့သတင်းတွေဟာ ဒေသတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေလို့ အခုလည်း အဲဒီလို ဖြစ်လာမလားဆိုပြီး ကြောက်လန့်ထွက်ပြေးကြတာလို့လည်း ပြောကြပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အဲဒီဖုံသာချောင်းဝနားက ရွာတွေမှာ တပ်မတော်က ပစ်ခတ်တာမရှိဘူးလို့ပြောပါတယ်။

“ဒေသခံပြည်သူလို့သုံးထားတဲ့ သူပုန်တွေပဲ ဖြစ်မှာပေါ့ဗျာ။ ရှင်းရှင်းလေးပါ။ အဲဒါမျိုးမရှိပါဘူး။ ဟိုဘက်မှာ ကျွန်တော်တို့ မီးဝနဲ့ပလက်ဝဘက် အခြမ်းမှာပဲ တိုက်ပွဲရှိပါတယ်”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလအထိ တစ်နှစ်တာအတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်း ဝန်းကျင်ရှိခဲ့ပါတယ်။

ဒီနေ့အထိဆိုရင်တော့ တစ်သိန်းငါးသောင်းကျော်အထိ ရှိလာနေတယ်လို့လည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)ကဆိုပါတယ်။

ဒီနှစ်ဆန်းပိုင်းမှာ တပ်မတော်က အင်အားသုံးနယ်မြေရှင်းလင်းမှုတွေကြောင့် အချိန် သုံးလလောက်အတွင်းမှာ လူငါးသောင်းကျော်အထိ တိုးလာတာလို့ REC ရဲ့အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကပြောပါတယ်။

“ကျောက်တော်ကနေ ပလက်ဝကိုသွားတဲ့ ရွာတွေ၊ မြစ်ကြောင်းတစ်လျှောက်ရွာတွေ၊ ရသေ့တောင်၊ ဘူးသီးတောင်အစပ်မှာရှိတဲ့ မေယုမြစ် အရှေ့ဘက်ကမ်းပေါ့နော် အဲဒီတစ်ကြောမှာရှိတဲ့ရွာတွေ၊ နောက်တစ်ခါ မြေပုံနဲ့ မင်းပြားအစပ်မှာရှိတဲ့ရွာတွေ၊ ဒီကားလမ်းဘေး ဒီဘက်ဟိုဘက်ပေါ့လေ အဲဒီနေရာတွေမှာ တိုက်ပွဲတွေ အတော်များများ ပြင်းထန်လာတာနဲ့အတူ နယ်မြေရှင်းလင်းရေးပုံစံတွေပေါ့နော် ကျေးရွာတွေအထိကို လေကြောင်းကသော်လည်းကောင်း၊ နောက် ရေထဲကသော်လည်းကောင်း၊ နောက် လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ပြီးတော့မှ ရွာသားတွေအလုံးအရင်းနဲ့ ထွက်ပြေးကြတဲ့အနေအထားမျိုး တွေ့ရပါတယ်။ ဒီလိုအခြေအနေတွေကြောင့်ပဲ အချိန်ကာလတိုတိုအတွင်းမှာ စစ်ဘေးဒုက္ခသည် ငါးသောင်းလောက်အထိ တိုးသွားတာဖြစ်ပါတယ်”

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စာရင်းတွေမှာတော့ ပြီးခဲ့တဲ့မတ်လ ၁၈ ရက်နေ့အထိ ရခိုင်မြောက်ပိုင်းက မြို့နယ် ၁၀ ခုမှာ စစ်ဘေးဒုက္ခသည် ခြောက်သောင်းနီးပါးရှိပြီး ယာယီကယ်ဆယ်ရေးစခန်းကတော့ ၁၃၁ ခုရှိပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးသူတွေဟာ အစိုးရကသတ်မှတ်ထားတဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေဆီကို ရောက်လာရင်တော့ တတ်နိုင်သမျှ အကူအညီတွေပေးနေတယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းကပြောပါတယ်။

"ကျွန်တော်တို့ဌာနအနေနဲ့ကတော့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေအများကြီးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝေးလံခေါင်ဖျားတဲ့နေရာတွေရှိတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေးအရ စိတ်မချရတာတွေ အဲလိုရှိပါတယ်။ ရှိသော်ငြားလည်းပဲ ကျွန်တော်တို့ ပြည်သူတွေဆီ လက်ဝယ်အရောက် အတတ်နိုင်ဆုံး ကျွန်တော်တို့ ဒီစုရပ်စခန်းတွေကို ရောက်ရှိအောင် ကျွန်တော်တို့ ထောက်ပံ့ဆောင်ရွက်ပေးပါတယ်။ အဲဒီမှာတင် ကျွန်တော်တို့ရဲ့ အားအင်တစ်ခုဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အားအင်တစ်ခုအနေနဲ့ ကျွန်တော်တို့ယူရပါတယ်။ အဲလိုမျိုးစုရပ်တွေကို ရောက်ရှိလာတဲ့ ပြည်သူလူထုတွေကို သူတို့ရဲ့လက်ဝယ်အရောက် ထောက်ပံ့နိုင်ဖို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအင်အားကို ကျွန်တော်တို့ယူပြီးတော့မှ ကျွန်တော်တို့ ထောက်ပံ့ပေးတာရှိပါတယ်”

အစိုးရရဲ့စာရင်းတွေထဲမှာတော့ စစ်ဘေးဒုက္ခသည်ဦးရေ အများဆုံးရှိတဲ့ မြို့နယ်တွေဟာ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မြောက်ဦးမြို့နယ်တွေဖြစ်ပြီး ဒီနေ့ဒေသခံ တစ်ထောင်ကျော်ထွက်ပြေးကြရတဲ့ မင်းပြားမြို့နယ်မှာတော့ ဒုက္ခသည်ဦးရေ လေးထောင်ကျော်ရှိပါတယ်။

RFA က ရရှိခဲ့တဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ကနေ မနေ့ကမတ်လ ၂၄ ရက်နေ့ အထိ အချိန် ၁ လနီးပါးကာလမှာ သေဆုံးတဲ့အရပ်သား ၅၀ ဦးထက်မနည်း ရှိနေသလို ထိခိုက် ဒဏ်ရာရသူဟာလည်း ၁၅၀ ကျော်အထိရှိနေပါတယ်။

AA အဖွဲ့ကို မတရားအသင်းအဖြစ်ရော အကြမ်းဖက်အဖွဲ့အဖြစ်ပါ သတ်မှတ်ကြောင်း မတ်လ ၂၃ ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့