NRPC ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဗိုလ်ချုပ်မှူးကြီး ဝေဖန်

နေမျိုးထွန်း
2020-08-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်ခဲ့ဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝေဖန်လိုက်ပါတယ်။

ဒီဝေဖန်ချက်နဲ့ ပတ်သက်ပြီး သဘောတူတဲ့သူ ရှိသလို သဘောမတူတဲ့သူလည်း ရှိနေပါတယ်။

သြဂုတ်လ ၇ ရက်နေ့ထုတ် ရုရှားဖက်ဒရေးရှင်းနိုင်ငံက Politic မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သမိုင်းမှာ ပထမဆုံးအကြိမ် ၂၀၁၈ နှစ်ကုန်ပိုင်းကစတင်ပြီး တပ်မတော်က ၉ လကြာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပါတယ်။

အဲဒီကြေညာချက်မှာ တပ်မတော်နဲ့ တိုက်ရိုက်ဆွေးနွေးနိုင်ရေး အဖွဲ့ဝင် ရှစ်ဦးပါအဖွဲ့ကို ဖွဲ့စည်းပေးခဲ့တယ်၊ NRPC အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အင်တိုက်အားတိုက် လုပ်ကိုင်နိုင်ရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ရတာ နှောင့်နှေးတယ်ဆိုတာ မဖြစ်ရအောင် ဆောင်ရွက်ပေးခဲ့တယ်လို့ ကာကွယ် ရေးဦးစီးချုပ်က ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတာတွေ၊ ဆွေးနွေးညှိနှိုင်းနေတာတွေက အားမရ စရာဖြစ်ကြောင်း၊ NRPC အနေနဲ့ ဒါကိုအကောင်အထည် မဖော်နိုင်ခဲ့ဘူးလို့ ဆိုရမှာဖြစ်ပြီး လိုအပ်ရင် သုံးနိုင်ဖို့ တပ်က ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပေးခဲ့တာကိုလည်း ထိထိရောက်ရောက် မသုံးနိုင်ခဲ့ဘူးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဒီလိုပြောကြားချက်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရှားရှားပါးပါး  ဝေဖန်ချက်လည်း ဖြစ်ပါတယ်။

ရုရှား Politic မဂ္ဂဇင်းနဲ့ ဗိုလ်ချုပ်မှူးကြီး အင်တာဗျူးကို တပ်မတော်ရဲ့ မြဝတီနေ့စဉ်ထုတ် သတင်းစာမှာလည်း နေ့စဉ်အပိုင်းလိုက် ဖော်ပြနေတာ တွေ့ရပါတယ်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက လုပ်ငန်းအောင်မြင်မှု နည်းပါးရ ခြင်းဟာ အစိုးရ၊ တပ်မတော်နဲ့ EAO လို့ အတိုကောက် ခေါ်ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြောင့်  ဖြစ်တယ်လို့ ပြောပါတယ်။

“အထူးသဖြင့် အစိုးရနဲ့ တပ်မတော် ကွာဟမှုလေးတွေ ရှိသလို တပ်မတော်က ဖွဲ့ပေးလိုက်တဲ့ ညှိနှိုင်းရေး အဖွဲ့ကလည်း ဘယ် Issue တွေကို ကိုင်မယ် ဘယ် Issue တွေက ဘာဖြစ်လဲဆိုတာ မရှင်းတဲ့ အပေါ်မှာ လုပ်ငန်းအောင်မြင်မှု အားနည်းတာကို ကျွန်တော် တွေ့ရပါတယ်။ အစိုးရသစ် လက်ထက် ၂၀၁၅ ကနေ ၂၀၂၀ မှာတော့ ဘက်စုံပေါ့ဗျာ၊ ပါဝင်တဲ့သူတွေ EAO ဘက်ကလည်း တာဝန်ရှိတာတွေ ရှိပါတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ တိုးတက်သင့်သလောက် မတိုးတက်ဘဲ အချိန်ပုပ်တယ်လို့ ပြောရင်လည်း မမှားပါဘူး။ ရှိသမျှ အင်အားတွေ ရှိသမျှ အစုအဖွဲ့တွေကို တညီတညွတ်တည်း စုပေါင်းအသုံးမပြုနိုင်တာကလည်း ကျွန်တော်တို့ရဲ့ အားနည်းချက်လို့ ပြောရင်လည်း မမှားဘူးပေါ့ဗျာ”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NRPC မှာ လိုအပ်တဲ့ အထောက်အကူ အကြံဉာဏ်ပေးတဲ့အဖွဲ့တွေ တောင့်တောင့်တင်းတင်း မရှိတာကြောင့် ပါဝင်ဆုံးဖြတ်တဲ့သူတွေ ညီညီညွတ်ညွတ် တိုင်ပင်လုပ်နိုင်တာ အားနည်းသွားတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးကတော့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သုံးသပ်ချက် မှန်ကန်နေတယ်လို့ ယူဆပါတယ်။

“ကျွန်တော်တို့ လေ့လာနေတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အမြင်ဆိုရင်တော့ နိုင်ငံရေးအရ ပြတ်ပြတ်သားသား လုပ်ရမယ့် လမ်းကြောင်းတွေ၊ နိုင်ငံရေးအရ အာမခံချက်နိုင်တဲ့ အပိုင်းတွေမှာ အားနည်းချက်ရှိမယ်လို့ ထင်ပါတယ်။ အဲဒီတော့ တပ်အနေနဲ့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်ဖို့အတွက် အဖွဲ့အစည်းတွေ ဘယ်လိုပဲ ဖွဲ့ဖွဲ့၊ ဘယ်လိုပဲ သွားသွား၊ ဆိုလိုတာက အစိုးရကသွားတဲ့ မူဝါဒပိုင်းမှာ ပြတ်သားမှု မရှိဘူး၊ အဲဒါကို သေသေချာချာ အကောင်အထည်ဖော်နိုင်မှု မရှိဘူးဆိုရင်တော့ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေး လမ်းစဉ် ကလည်း အဲဒီလိုပဲ ဖြစ်နေမှာပဲ။ ဒါကတော့ ကာကွယ်ရေး ဦးစီးချုပ်ပြောသွားတဲ့အတိုင်း အတိအကျကို မှန်တယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်”

ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးလေ့လာသုံသပ်သူ ဦးမောင်မောင်စိုးကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ NLD အစိုးရမှာ အားနည်းချက်ရှိသလို တပ်မတော်မှာလည်း လုပ်ကိုင်နိုင်တဲ့ အခန်းကဏ္ဍတွေ ရှိနေတယ်လို့  သုံးသပ်ပါတယ်။

“တကယ်တမ်း ညှိနှိုင်းတဲ့အခါမှာ ဥပမာ ဆိုပါတော့ဗျာ NCA ထိုးပြီးသား RCSS တို့ KNU တို့နဲ့ ညှိနှိုင်းတဲ့ ကိစ္စတွေပဲဖြစ်ဖြစ် နောက် Bilateral ထိုးဖို့ ကြိုးစားနေတဲ့ မြောက်ပိုင်းလေးဖွဲ့နဲ့ ညှိနှိုင်းတာပဲဖြစ်ဖြစ် အဓိကဖြစ်နေတဲ့ ပြဿနာက တပ်နေရာချထားရေး ပြဿနာဗျ။ အဲဒီ တပ်နေရာချထားရေး ပြဿနာကို ဘယ်သူက ညှိမှာလဲဆိုရင် တကယ်တမ်းတော့ တပ်ကပဲ ညှိတာ။ NRPC နဲ့ ဆွေးနွေးတယ်၊ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ဆွေးနွေးတယ်ဆိုလည်း ဒီကိစ္စကို တကယ်တမ်း ဆွေးနွေးကြတာက တပ်မတော်က ပါဝင်တဲ့ အရာရှိတွေပါ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ NLD မှာ မရှိတာမျိုးတော့ မဟုတ်ပါဘူး။ အားနည်းချက်ရှိတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ တပ်ပိုင်းဆိုင်ရာကိစ္စ၊ အပစ်အခတ်ရပ်စဲရေးနဲ့ တပ်နေရာ ချထားရေး ကိစ္စတွေမှာတော့ တပ်မတော်ရဲ့ အခန်းက ပိုပြီးတော့ အရေးကြီးတယ်လို့ ဆိုလိုချင်တာပါ”

အပစ်ခတ်ရပ်စဲရေး ကြေညာချိန်မှာ တပ်မတော်က ညှိနှိုင်းရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့တာတွေ့ရပေမယ့် အဲဒီအဖွဲ့ဟာ တပ်မတော်ဘက်က သက်သက် ညှိနှိုင်းမှာလား၊ NRPC နဲ့ တွဲညှိနှိုင်းမှာလား ဒါမှမဟုတ် NRPC ရဲ့ လမ်းညွှန်မှု အောက်မှာ ရှင်းလင်းမှာလားဆိုတာ မရှင်းလင်းခဲ့သလို အပစ်ရပ်ကြေညာတာဟာ အစိုးရက ကြေညာတာမဟုတ် တာကြောင့်  တပ်မတော်က သက်သက်ကြေညာတယ်လို့ ယူဆတယ်လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ အစိုးရရဲ့ သဘောထားကို သိရဖို့ သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို အွန်လိုင်းကနေ မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

အာဏာရ NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က NLD အစိုးရဟာ ငြိမ်းချမ်းရေး လုပ်ငန်းမှာ ကြားကနေ စေ့စပ်ပေးရတဲ့ အနေအထားမှာပဲရှိတယ်လို့ ဇူလိုင် ၁၄ ရက်နေ့က RFA ကို ပြောပါတယ်။

“NLD အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းမှာ ကြားဝင်ပြီးတော့ ဖျန်ဖြေစေ့စပ်ရတဲ့ ကြားခံအဆင့်ပဲရှိတယ်။ တကယ်တမ်း အဆုံးအဖြတ်ပေးကြမှာက လက်နက်ကိုင် အင်အားစုတွေက ဆုံးဖြတ်ပေးမှာ။ တိုင်းရင်းသား လက်နက်ကိုင်ရှိတယ်၊ ဒီဘက် အစိုးရ လက်နက်ကိုင် တပ်မတော်ရှိတယ်။ ဒီနှစ်ခုကြားထဲမှာ ကျွန်တော်တို့ အစိုးရအနေနဲ့က ဝင်ပြီးတော့ စေ့စပ်ပေးတာ ဖျန်ဖြေပေးတဲ့ အဆင့်ပဲရှိတယ်။ အဓိက ပြဿနာက အဲဒီ လက်နက်အင်အားစု နှစ်ရပ်ရဲ့ ပြဿနာပဲ။ အဲဒီ ၂ ရပ်ရဲ့ အကျိုးစီးပွားပြဿနာပဲ။ အဲဒါကြောင့် ဒီဟာက အချိန်တော်တော်များများ ယူပြီးတော့ပဲ လုပ်ကြရမှာပါ။ အချိန်တိုတိုနဲ့တော့ ဘယ်တော့မှပြီးမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်”

စတုတ္ထကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို လာမယ့် သြဂုတ် ၁၉ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီမတိုင်ခင် ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်မယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM အစည်းအဝေးကို သြဂုတ် ၁၃ ရက်နေ့နဲ့ UPDJC အစည်းအဝေးကို သြဂုတ် ၁၇ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့