ကျောက်တော်မှာ တိုက်ပွဲတွေကြောင့် ဒေသခံ လေးထောင်ကျော် ထွက်ပြေးနေရ

2020-03-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကျောက်တော်မြို့အဝင် တစ်နေရာကို တွေ့ရစဉ်
ကျောက်တော်မြို့အဝင် တစ်နေရာကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော် တို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေလို့ ရွာပေါင်း ၂၀ ကျော်က ဒေသခံ လေးထောင်ကျော်  ကျောက်တော်မြို့ပေါ်မှာ ခိုလှုံနေရပါတယ်။

လက်ရှိမှာ သူတို့ရဲ့စားသောက်နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေကြရပါတယ်။

ကျောက်တော်နဲ့ ပလက်ဝမြို့နယ်ကြားက ကျေးရွာတွေထဲမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေတာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်ကတည်းက ဖြစ်ပါတယ်။

ကျောက်တော်မြို့နယ်ထဲက မီးဝ၊ မုန့်သန်းပြင်၊ လောင်းရှည်၊ ပြိုင်းတိုင်း၊ အောင်သာယာ၊ ကျော်ရှီပြင် တင်းမ စတဲ့ ကုလားတန်မြစ်ကြောင်းဘေးက ကျေးရွာပေါင်း ၂၀ ကျော်တို့က ဒေသခံတွေဟာ ကျောက်တော်မြို့ပေါ်ကို ထွက်ပြေးလာကြတာဖြစ်ပါတယ်။

သူတို့ကို ကျောက်တော်မြို့ပေါ်က ဒုက္ခသည်စခန်း ရှစ်ခုဖွင့်ထားပြီး နေရာချထားပေးရတယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်ပေးနေတဲ့ ကျောက်တော်မြို့က ဦးထွန်းခင်က ပြောပါတယ်။

အဲဒီထဲက မုန့်သန်းပြင်၊ ပြိုင်းတိုင်းနဲ့ တင်းမ ကျေးရွာတွေကတော့ ရွာလုံးကျွတ်မီးရှို့ခံလိုက်ရသလို ရွာသားတွေ အကုန်လုံးလည်း ထွက်ပြေးနေကြရတယ်လို့ ကျောက်တော်မြို့ပေါ်ကိုရောက်လာတဲ့ ဒေသခံတွေက ပြောကြ ပါတယ်။

မုန့်သန်းပြင်ရွာမှာ အိမ်ခြေ ၆၆ လုံး၊ ပြိုင်းတိုင်းရွာမှာ အိမ်ခြေ ၂၃၀ ကျော်နဲ့ တင်းမရွာမှာ အိမ်ခြေ ၆၀၀ ကျော်ရှိပြီး အဲဒီရွာ သုံးရွာ စုစုပေါင်းလူဦးရေကတော့ နှစ်ထောင်နီးပါးလောက်ရှိတယ်လို့ ဦးထွန်းခင် က ပြောပါတယ်။

ဒီကနေ့ မနက် ၁၁ နာရီလောက်က တင်းမရွာမီးရှို့ခံရလို့ ရွာထဲမှာလူတွေအကုန်လုံး မနေရဲကြတော့ဘဲ ထွက်ပြေးလာရတယ်လို့ တင်းမရွာသားတစ်ဦးက ပြောပါတယ်။

ပြည်နယ်အစိုးရက ဒုက္ခသည်တွေကို ၆၃ သိန်းလှူဒါန်းပေမယ့် ၁၀ ရက်စာ အတွက်သာဖြစ်လို့ နောက်ထပ် လူဦးရေထပ်တိုးလာတာတွေကြောင့် မလောက်ငတဲ့အခက်အခဲ ရှိနေတယ်လို့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှကျော်က ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ကျောက်တော်နဲ့ ပလက်ဝမြို့နယ်တွေဘက်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခ က ပြောပါတယ်။

တပ်မတော်အနေနဲ့ စစ်ဘေးဒုက္ခသည်တွေအပေါ် နားလည်မှုရှိပြီး ဒေသတည်ငြိမ်အေးချမ်းဖို့အတွက် ဦးစားပေးလုပ်နေရတာဖြစ်တာလို့ မတ်လ ၂၂ ရက်နေ့က ကျင်းပတဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေတာ တစ်နှစ်ခွဲလောက်ရှိနေပြီး စစ်ဘေးဒုက္ခသည်ဦးရေဟာလည်း တစ်သိန်းနှစ်သောင်းကျော်အထိ ရှိနေပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအဖွဲ့ REC က ထုတ်ပြန်ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့