တပ်ကအမှုပြန်ရုပ်သိမ်းလိုက်တဲ့ KBC ဥက္ကဋ္ဌကို ကာကွယ်ရေးဦးစီးချုပ်တွေ့ဆုံ

2019-09-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ KBC ကချင်နှစ်ခြင်းအသင်းတော်ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်တို့ စက်တင်ဘာ ၁၂ ရက်နေ့က မန္တလေးမြို့တွင် တွေ့ဆုံစဉ်။
ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ KBC ကချင်နှစ်ခြင်းအသင်းတော်ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်တို့ စက်တင်ဘာ ၁၂ ရက်နေ့က မန္တလေးမြို့တွင် တွေ့ဆုံစဉ်။
Photo: Zahkung Brang Nu

ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က KBC ကချင်နှစ်ခြင်းအသင်းတော် ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန် အပါအဝင်၊ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေနဲ့ မနေ့က မန္တလေးမြို့မှာ တွေ့ဆုံခဲ့ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ၊ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့  ဇူလိုင်လ ၁၇ ရက်နေ့ အိမ်ဖြူ တော်မှာတွေ့ချိန်က မြန်မာနိုင်ငံမှာ စစ်တပ်က ဘာသာရေးဖိနှိပ်မှုတွေရှိတယ်လို့ ပြောဆိုခဲ့တဲ့အတွက်  တပ်မတော်က တရားစွဲတာခံခဲ့ရပါတယ်။ အဲဒီလိုတရားစွဲတာကို ပြန်ရုပ်သိမ်းပေးဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း စက်တင်ဘာလ (၅) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီနောက် စက်တင်ဘာလ (၉) ရက်နေ့မှာတော့ တပ်မတော်ဘက်က တရားစွဲတာကို ပြန်ရုပ်သိမ်းပေးလိုက်ပြီး၊ မနေ့ကတော့ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ဒေါက်တာခလမ်ဆမ်ဆွန်နဲ့ တွေ့ဆုံခဲ့တာပါ။

တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက…

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်တို့ ဒီနေ့နေ့လယ်ပိုင်းမှာ မန္တလေးနန်းတွင်းမှာရှိတဲ့ ရန်ကြီးအောင်ရိပ်သာခန်းမမှာ တွေ့ခဲ့ပါတယ်။ အဓိကကတော့ သူတို့တွေ့တဲ့ အခါမှာ KBC ဥက္ကဋ္ဌရယ်၊ အဲဒီကဆရာတော်နှစ်ပါးရယ်၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ KCG က နှစ်ဦးရယ် တက်ရောက်ပါတယ်။ အဲဒီမှာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျနော်တို့ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေ၊ ဥပဒေနဲ့ ပတ်သက်ပြီးတော့ ခွဲခြားထားခြင်းမရှိပဲနဲ့ တိုင်းရင်းသား အားလုံးကို တပြေးညီသတ်မှတ်ထားတဲ့အတွက် ဒေသဖွံ့ဖြိုးရေးအတွက် မိမိကိုယ်တိုင် ကြိုးစားအားထုတ်ရမယ့်ကိစ္စတွေ၊ ဘာသာရေးနဲ့ ပတ်သက်ပြီး ကိုးကွယ်ရာဘာသာအားလုံးကို မြန်မာနိုင်ငံမှာ လွတ်လပ်စွာကိုးကွယ်ခွင့် ပေးထားပြီးဖြစ်တဲ့အတွက် ဘာသာရေးအကြောင်းပြပြီး မလိုလားအပ်တဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ ပဋိပက္ခတွေ မဖြစ်စေလိုတဲ့အကြောင်းတွေ၊ ပြီးတဲ့အခါကျတော့ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းဖို့ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းဖို့ လိုအပ်တဲ့အကြောင်းပေ့ါ။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားအားလုံးက စည်းလုံးညွီညွတ်စွာ ဝိုင်းဝန်းဆောင်ရွက်သွားကြဖို့ တာဝန်ရှိတဲ့အကြောင်းတေ ပြောခဲ့ပါတယ်” လို့ RFA ကို ပြောပါတယ်။

တွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အချက် ၇ ချက်ပြောဆိုပြီး ဒေါက်တာခလမ်ဆမ်ဆွန်က အချက် ၇ ချက် ပြောခဲ့တယ်လို့ ကချင်အဖွဲ့တွေဘက်က သိရပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့ ၈ ချက်ကတော့ ဒေါက်တာခလမ်ဆမ်ဆွန်ကိုတပ်မတော်က တရားစွဲ ထားတာကို ရုပ်သိမ်းလိုက်တဲ့အကြောင်း၊ ငြိမ်းချမ်းရေး အမြန်ဆုံးရအောင် လက်တွဲဆောင်ရွက်ကြဖို့ လိုတဲ့အကြောင်း၊ ဘာသာရေးအရ ခွဲခြားဆက်ဆံတာ ဖိနှိပ်တာမရှိတဲ့အကြောင်း၊ စစ်ပြေးဒုက္ခသည်တွေ အမြန်ဆုံး နေရပ်ပြန်နိုင်ရေးကိစ္စ၊ ပြည်ထောင်စုကနေ ခွဲမထွက်သင့်တဲ့ကိစ္စ၊ သူဟာအစွန်းရောက်တဦး မဟုတ်တဲ့ကိစ္စ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တပ်မတော်က ချမှတ်ထားတဲ့ မူ ၆ ချက်ကို နောက်ပိုင်းမှာ ဆွေးနွေးနိုင်တယ်ဆိုတဲ့ကိစ္စနဲ့ နောက်တကြိမ်ပြန်တွေ့ဆုံဖို့ မျှော်လင့်တဲ့အကြောင်း ပြောတယ်လို့ဆိုပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဘက်က ပြောတဲ့ ၇ ချက်ကတော့၊ သူ့ကိုတရားစွဲထားတာ ပြန်ရုပ်သိမ်းပေးလို့ ကျေးဇူးတင်တဲ့အကြောင်း၊ တပ်မတော်ရဲ့ဒီလုပ်ရပ်ကို ပြည်တွင်းပြည်ပက ကြိုဆိုကြတဲ့အကြောင်း၊ ဒီလိုဆောင်ရွက်တာဟာ တပ်မတော်ဘက်ကပြောင်းလဲတဲ့လက္ခဏာတခုအဖြစ်နဲ့ကမ္ဘာက ပါရှုမြင်မှာ ဖြစ်တဲ့အကြောင်း၊ တပ်မတော်အနေနဲ့ စိတ်ရှည်သည်းခံပြီး ပြည်သူတွေရဲ့ထောက်ခံမှုရဖို့ကြိုးစားသင့် တဲ့အကြောင်း၊ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အမြန်ဆုံးရမှ ငြိမ်းချမ်းရေးရမှာ ဖြစ်သလို စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်ရေးလည်း ဖြစ်လာမယ့်အကြောင်း၊ မတူကွဲပြားတဲ့ကိုးကွယ်ယုံကြည် မှုတွေကြားမှာ ခြားနားတဲ့အမြင်တွေလည်း ရှိနေမှာဖြစ်တဲ့အကြောင်း၊ ရှမ်းပြည်နယ်နမ့်ခမ်းမြို့မှာရှိတဲ့ ခရစ်ယာန်ဘာသာရေးအကျိုးဆောင် ဒေါက်တာအိုလာဟန်ဆန်ရဲ့ အိမ်ကိုပြန်ရမယ်ဆိုရင် ကချင်တွေအတွက် အလွန်ဝမ်းမြောက်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီလိုတွေ့ဆုံတာကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် Kachin Alliance အဖွဲ့က ကြိုဆိုတယ်လို့ အဖွဲ့ရဲ့ဥက္ကဋ္ဌ ကိုဂွမ်ဆန်က RFA ကိုပြောပါတယ်။

“ World Kachin Congress အနေနဲ့ နောက်ပြီး Kachin Alliance အနေနဲ့ကတော့ ကြိုဆိုပါတယ်။ အပြုသဘောဆောင်တယ်လို့ပဲ မှတ်ချက်ပေးလိုပါတယ်။ ပြည်ထောင်စုမှာပေါ့နော် ပြဿနာတွေဖြစ် လာပြီဆိုရင် dialogue ကနေ ဖြေရှင်းတဲ့ဟာကိုပဲ ကျနော်တို့က ပုံမှန်တိုက်တွန်းတယ်။ ကြိုဆိုတယ်။ ပြဿနာရှိတဲ့ဟာတွေကို မျက်နှာချင်းဆိုင်ပြောပြီးမှ ဖြေရှင်းတာက အကောင်းဆုံးနည်းလမ်းပဲလို့ ဒီလိုပဲ မှတ်ချက်ချပါတယ်”

KBC အဖွဲ့နဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့တို့ဟာ ကချင်ပြည်သူတွေကြားမှာ တစုံတရာသြဇာရှိတဲ့ အဖွဲ့တွေဖြစ်လို့ အကောင်းဖက်ကို ဦးတည်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သုံးသပ်ပါတယ်။

“ တွေ့တဲ့အခါမှာ KBC အနေနဲ့ရော ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့အနေနဲ့ရော ကချင်ပြည်နယ်တွင်း မှာပြောနိုင်ဆိုနိုင်တဲ့ အဖွဲ့တွေဖြစ်ပါတယ်။ ပြောနိုင်ဆိုနိုင်တဲ့အဖွဲ့တွေ ဖြစ်တော့ကျ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျနော်တို့က အကောင်းဖက်ကို မျှော်လင့်လို့ရတယ်လို့ပဲ သုံးသပ်ပါတယ်”

ကချင်ပြည်နယ်လုံးဆိုင်ရာ လူငယ်များသမဂ္ဂဥက္ကဋ္ဌ ကိုလွန်းဇောင်းကလည်း အခုလိုတွေ့ဆုံတာကို ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာရဲ့ဖိအား၊ တရုတ်ရဲ့တိုက်တွန်းမှုတွေကြောင့် အခုလို လုပ်နေတာလားဆိုတာကိုတော့ သံသယဖြစ်မိတယ်လို့ ပြောပါတယ်။

“ ဒီလိုမျိုးတွေ့ဆုံဆွေးနွေးအဖြေရှာပြီးမှ လျှော့ချမှုပေါ့နော်။ တဖက်ကပြောမယ်ဆိုရင် မျက်နှာချင်းဆိုင် တွေ့ဆုံမှုက ဖြေရှင်းနည်းဖြစ်တာပဲ။ ဒါကိုကျနော်တို့ကကြိုဆိုတယ်။ နောက်တခုကတော့ တပ်ဖက်ကနေ ဒီလိုမျိုး အစ္စလာမ်ဘာသာရေးအသိုင်းအဝိုင်း ခရစ်ယာန်တွေနဲ့ရော တွေ့ဆုံမှုတွေ၊ သူတို့သွားလှူတာတွေ တွေ့လာရတယ်။ ဆိုတော့ တဖက်မှာလည်း အဲဒါကတကယ် စစ်မှန်တဲ့ သူတို့ရဲ့ Character ပြောင်းလဲမှုဟုတ်သလားဆိုတာတော့ကျနော်တို့မေးခွန်းထုတ်စရာအများကြီး ရှိသေးတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကျနော်တို့အခု အင်တာနက်ရှင်နယ် ကမ္ဘာ့ကုလသမဂ္ဂက အဓိက ဒီမျိုးနွယ်စုတွေအပေါ်မှာ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုကျူးလွန်မှုနဲ့ လူသားချင်း စာနာမှုကိုချိုးဖောက်မှုပေါ့နော်။ Crime against humanity ဆိုတာကို အားလုံးက ဖိအားပေးနေတဲ့ အနေအထားဖြစ်တယ်။ ICC က process တခုကိုဖြတ်သန်းပြီးတဲ့အနေအထားတခုဖြစ်လာတယ်။ FFM ကလည်း အားသွန်ခွန်စိုက်ဖြစ်လာတယ်။ ဆိုတော့ တပ်မတော်ဘက်က အင်မတန်မှ ဒီ သူ့အပေါ်မှာစိတ်လှုပ်ရှားဖွယ်ရာဖိအားတွေတဖြေးဖြေးမြင့် လာတာကျနော်တို့မြင်မိတယ်။ တဘက်က တိုင်းရင်းသားဖက်မှာရော တရုတ်ရဲ့အခန်းကဏ္ဍကအရမ်းကြီးတော့ တရုတ်ကလည်း ဒီ တပ်အပေါ်မှာ အတိုင်းအတာတခုအထိပြောဆိုမှုတွေရှိမယ်လို့ကျနော်တို့ထင်တယ်

ဒါကြောင့် တကယ်ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ်ဆိုရင်၊ ကောင်းမွန်တဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို စိတ်စေတနာကောင်းနဲ့ ဆောင်ရွက်ဖို့ လိုအပ်သလို တပ်မတော်က တရားစွဲထားတာတွေ၊ ထောင်ချ ထားတာတွေ ပြန်ရုပ်သိမ်းဖို့၊ အပစ်အခတ်ရပ်စဲရေးကို ဒေသအပိုင်းအခြား၊ ကာလအပိုင်းအခြားနဲ့ လုပ်နေတာမဟုတ်ဘဲ တနိုင်ငံလုံး အတိုင်းအတာနဲ့လုပ်ဖို့၊ တရားစီရင်ရေးကဏ္ဍကို မျှတအောင်လုပ်ဖို့ လိုအပ်တယ်လို့ ကချင်ပြည်နယ်လုံးဆိုင်ရာလူငယ်များသမဂ္ဂဥက္ကဋ္ဌ ကိုလွန်းဇောင်းက သုံးသပ်ပြောဆိုပါတယ်။

(RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြသည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့