သိမ်းဆည်းမြေပြန်ရဖို့ ဘားအံဒေသခံတွေ တောင်းဆို

2019-10-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘားအံမြို့နယ် ဘင်ဂျီကျေးရွာ နယ်နိမိတ်မှာ အစိုးရ သိမ်းထားတဲ့မြေတွေကို ‌တွေ့ရစဉ်
ဘားအံမြို့နယ် ဘင်ဂျီကျေးရွာ နယ်နိမိတ်မှာ အစိုးရ သိမ်းထားတဲ့မြေတွေကို ‌တွေ့ရစဉ်
Photo: Naw Ohn Hla's FB

ကရင်ပြည်နယ် ဘားအံမြို့နယ် ဘင်ဂျီကျေးရွာအနီးက မြေဧက ၁၅၀ ကို ၁၉၈၀ ခုနှစ်ဝန်းကျင်မှာ စက်မှုဝန်ကြီးဌာန က နိုင်ငံပိုင်မြေအဖြစ် သိမ်းယူခဲ့တာဖြစ်ပြီး အဲဒီမြေတွေ အားလုံးကို ၂၀၁၈ ခုနှစ်မှာ ပြန်လည်စွန့်လွှတ်ခဲ့ပါတယ်။

ပြန်စွန့်လွှတ်လိုက်တဲ့ မြေဧက ၁၅၀ ကို ပြည်နယ်အစိုးရက မူလပိုင်ရှင်တွေကို ပြန်မပေးဘဲ ကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေကို အခကြေးငွေရယူပြီး ၁၀ နှစ်စာချုပ်နဲ့ မြေပြန်အငှားချထားတယ်လို့ ဘင်ဂျီကျေးရွာက စောရွှေသန်းမြင့်က RFA ကို ပြောပါတယ်။

"ကုမ္ပဏီတွေကို အစိုးရအဖွဲ့ကနေ ၁၀ နှစ် စာချုပ်နဲ့ ငှားပစ်လိုက်တယ်။ ၁၀ နှစ်စာချုပ်ဆိုတာကတော့ လယ်/ဆယ်ဝန်ကြီး ဦးစောမြင့်ဦးက လက်မှတ်ထိုးတာပေါ့၊ ဧက ၁၅၀ ကို ကုမ္ပဏီတွေနဲ့ တခြားအဖွဲ့အစည်းတွေကို သူတို့ ချပေးတယ်။ အဲဒီအချိန်မှာ ဒေသခံတွေကလည်း သူတို့ကို ဧက ၈၀ ပေးဖို့၊ ကျန်တဲ့ ဧက ၇၀ ကို ပြည်နယ်အစိုးရကနေပြီးတော့ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်မယ်ဆိုရင် လုပ်ပေါ့။ ဒါပေမဲ့ ရွာသားတွေကို ဧက ၈၀ ပေးဖို့ တောင်းဆိုတယ်"

ကရင်ပြည်နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ စောသန်းထွဋ်ကတော့ ပြည်နယ်အစိုးရက အိမ်ထောင်စု ၄၇ စု အတွက် ၂၄ ဧကလောက် ပြန်ထားပေးထားပြီး ဒေသခံတွေက ဧက ၈၀ လောက် ပြန်လိုချင်တာလို့ ပြောပါတယ်။

ရွာသားတွေ အရင်တောင်းထားတာက အိမ်ထောင်စု ၁၆၀ ပေါ့၊ ဆိုတော့ နှစ်အိမ်ထောင် တစ်ဧကနဲ့ ဆိုရင်တော့ သူတို့က ဧက ၈၀ လောက်လိုချင်တာပေါ့

"ဒီဘက် ၁၅၀ မှာ ရွာသားတွေ အရင်တောင်းထားတာက အိမ်ထောင်စု ၁၆၀ ပေါ့၊ ဆိုတော့ နှစ်အိမ်ထောင် တစ်ဧကနဲ့ ဆိုရင်တော့ သူတို့က ဧက ၈၀ လောက်လိုချင်တာပေါ့။ ပြည်နယ်အစိုးရ ပြောတာကလည်း စက်မှုဝန်ကြီးဌာနက ပြန်ရတာ အလကား စွန့်လွှတ်ပြီးတော့ ရထားတာ မဟုတ်ဘူး၊ အခုတကယ် ပြည်နယ်အစိုးရက ချပေးတာကတော့ ၄၇ ဦးစာ ၂၄ ဧကလောက် ချတာ၊ ဆိုတော့ သူတို့လိုချင်တဲ့ဟာနဲ့ အများကြီးကွာနေတာပေါ့"

အဲဒီ ကျေးရွာက အိမ်ထောင်စုတိုင်းကို ပေ ၄၀၊ ၆၀ မြေကွက်တွေ ပြန်ချပေးထားသလို စိုက်ပျိုးလုပ်ကိုင်မယ့် ဒေသခံ ၅၀ ကိုလည်း မြေ ပြန်လည်ပေးထားကြောင်း ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

အဲဒီမြေကွက်တွေအတွက် ပြည်နယ်အစိုးရက စက်မှုဝန်ကြီးဌာနကို လျော်ကြေးပေးပြီး  ပြန်ဝယ်ထားရတာ ကြောင့် အများကိုရောင်းတဲ့ ဈေးနဲ့ ပြန်ရောင်းမှာဖြစ်တယ်၊ ပြန်ဝယ်နိုင်တဲ့ ဒေသခံတွေကို ရောင်းချပေးမယ်လို့ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ပြောပါတယ်။

nankhinhtwemyint-350.jpg"တစ်ရွာလုံး မြေချပေးပြီးပြီ အဲဒီအထဲကမှ စိုက်ပျိုးတဲ့သူ အယောက် ၅၀ လည်း မြေပေးထားပြီးပြီ၊ အဲဒီမြေက ကျွန်မ ဝယ်ထားရတဲ့မြေ အလကားရတဲ့ မြေမဟုတ်ဘူး။ ကျွန်မ စက်မှုကနေ လျော်ကြေးပေးပြီး ပြန်ဝယ်ထားရတာ၊ အဲဒီမြေကိုလည်း လိုချင်ရင် သူများကိုရောင်းတဲ့ဈေးနဲ့ ဝယ်၊ ၄၀×၆၀ က အိမ်စေ့ရတယ်၊ ၂၄၈ အိမ်လုံးရတယ်။ ဒီဘက်မှာလည်း စိုက်ပျိုးချင်တဲ့လူက တစ်ဧကကို ၂ ဦးအနေနဲ့ ထပ်ပေးထားသေးတယ်၊ အဲဒါကိုလည်း မကျေနပ်ဘူး။ သူတို့ကို တခါတည်း အကုန်လုံးပေးရမယ်၊ သူတို့သိတယ် ကျွန်မ ဝယ်ထားရတာလေ"

ဒီမြေယာပြဿနာကို ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဘင်ဂျီကျေးရွာအထိ ဆင်းပြီး ဒေသခံတွေနဲ့ ညှိနှိုင်းမယ်ဆိုရင် ပြေလည်မှု ရနိုင်တယ်လို့ လွှတ်တော် ကိုယ်စားလှယ် စောသန်းထွဋ်က ပြောပါတယ်။

"ပြေပြေလည်လည်ဖြစ်အောင် ရွာကိုဆင်းပြီး ညှိနှိုင်းစေချင်တယ်၊ နင်တို့ ၈၀ လိုချင်တဲ့ဟာကိုလည်း ဘယ်လောက်ထိ တိုးပေးနိုင်တယ်။ နောက် ယူထားပြီးတော့ ရောင်းထားတဲ့ မြေတွေက ဘယ်လောက်ရှိတယ်၊ ညှိရင်တော့ နီးနီးစပ်စပ်ကို ရနိုင်သေးတယ်"

ပြည်နယ်အစိုးရက သိန်းသန်းထိုက် ကုမ္ပဏီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ မြန်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF စတဲ့  အဖွဲ့အစည်းတွေကို ၁၀ နှစ် စာချုပ်နဲ့ ငှားရမ်းလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

မြေငှားရမ်းလုပ်ကိုင်ခွင့်ရရှိထားတဲ့ အဖွဲ့တွေကို RFA က မေးမြန်းဖို့ ဒီကနေ့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အဲဒီမြေတွေထဲက အချို့ မြေနေရာတွေမှာ စက်မှုဝန်ကြီးဌာနက သိမ်းဆည်းသွားပြီး နောက်ပိုင်းမှာလည်း ဒေသခံတချို့က စိုက်ပျိုးလုပ်ကိုင်နေတာလည်း ရှိနေပါတယ်။

အဲ့ဒီလို စိုက်ပျိုးလုပ်ကိုင်နေတဲ့ ဒေသခံ ၁၁ ဦးကို ကျူးကျော် ဆိုပြီး မြေလွတ်မြေရိုင်းဥပဒေ ပုဒ်မ ၂၇ (ခ) နဲ့  တရားစွဲဆိုထားတာတွေအပြင် နောက်ထပ် ဒေသခံ ၁၀ ဦးကို အစိုးရအဖွဲ့က ဒေသန္တရအမိန့် ထုတ်ပြီး တရားစွဲဆိုထားတာ ရှိပါတယ်။

ပုဒ်မ ၂၇ (ခ) ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေကျပ် ငါးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

အဲဒီအမှုတွေကို ပြန်လည် ရုတ်သိမ်းပေးစေလိုကြောင်းလည်း  ဒေသခံတွေက တောင်းဆိုထားပါတယ်။

(RFA သတင်းထောက် ကိုနေမျိုးထွန်း တင်ပြသည်။)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့