ရပ်နားထားရတဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်

ဝေယံမိုးမြင့်
2020-06-02
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကိုရိုနာဗိုင်းရပ်အန္တရာယ်ကြောင့် ပြည်နယ်နဲ့ တိုင်းအသီးသီးက ဟိုတယ်တွေ ရပ်နားထားခဲ့ရာ အခုဆိုရင် ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း ပြန်လည်ဖွင့်လှစ်နေပြီး ပြည်တွင်းခရီးသွားလုပ်ငန်းတွေလည်း ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာတော့ ဟိုတယ်တွေ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပြီး ပြည်တွင်းက လာရောက်လည်ပတ်သူတွေကို ကျန်းမာရေးအရ သီးသန့်ကြပ်မတ် စောင့်ကြည့်တာတွေ လုပ်မှာမဟုတ်ဘူးလို့ ရှမ်းပြည်တောင်ပိုင်း ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမင်းဇော် က ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ မြောက်ပိုင်းက ဟိုတယ် စုစုပေါင်း ၁၁၈ လုံး ပြန်လည်ဖွင့်လှစ်ထားပြီး ဖွင့်လှစ်ခွင့်ပြုဖို့ တင်ပြထားတဲ့ ဟိုတယ်တွေကိုလည်း စီစစ်ပြီးသွားရင် ခွင့်ပြုသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

အလားတူ ဧရာတီတိုင်းအတွင်းက ကမ်းခြေတွေ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်နေပြီး မကြာခင်မှာ ပြန်လည်ဖွင့်လှစ် သွားမှာဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့က ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက ပြောပါတယ်။

ပြန်လည်ဖွင့်လှစ်လိုတဲ့ ဟိုတယ်တွေက တင်ပြရတာဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့ ကိုက်ညီမှုရှိမရှိ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေရဲ့ စီစစ်မှုတွေနဲ့ ဟိုတယ်တွေ ပြန်လည်ဖွင့်လှစ်ခွင့်ပြုနေတာဖြစ်ပါတယ်။

ပြည်နယ်တိုင်းအလိုက် ဟိုတယ်ခရီးဝန်ကြီးဌာနတွေကလည်း သေချာစိစစ်တာတွေ လုပ်ဆောင်နေတာလို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံနှံ့မှု ထိန်းချုပ်နိုင်လာတာနဲ့အမျှ တိုင်းနဲ့ပြည်နယ် အသီးသီးက ယာဉ်လိုင်းတွေ ပြန်လည်ပြေးဆွဲနေပြီဖြစ်သလို ဟိုတယ်တွေလည်း ပြန်လည်ဖွင့်လှစ်နေပြီဖြစ်တာကြောင့် ပြည်တွင်းခရီးသွား လုပ်ငန်း စတင်နိုင်တော့မှာဖြစ်ပါတယ်။

ဇွန်လကုန်လောက်မှာ ခရီးသွားလုပ်ငန်းတွေအားလုံး ပြန်လည်စတင်နိုင်တော့မယ်လို့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ဆိုပါ တယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့ကစတင်လိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ် တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့လာတာကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းဟာ ၂၀၂၀ ဖေဖော်ဝါရီလလောက်မှာ ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။

ဧပြီလမှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ပြည်တွင်းသွားလာမှုတွေဟာလည်း အလိုလို ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။

အခု ပြည်တွင်းခရီးသွားလာမှုတွေ စတင်နိုင်တော့မှာဖြစ်ပေမယ့် ပြည်ပခရီးသွားလာမှုကတော့ နိုင်ငံတကာ လေကြောင်းလိုင်း ပျံသန်းမှုတွေ ဖြေလျှော့မှသာ စတင်နိုင်မှာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့