လူထု အထိတ်တလန့်ဖြစ်စေမှုနဲ့ ဘားအံအခြေစိုက်သတင်းအယ်ဒီတာ ထောင်၂နှစ်ချမှတ်ခံရ

ခင်ခင်အိ
2020-05-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

 

ဦးဇော်ရဲထက်ဟာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြည်သူအထိတ်တလန့်ဖြစ်စေအောင် သတင်းအမှား တင်ခဲ့ လို့ဆိုပြီး ကရင်ပြည်နယ် မြိုင်ကလေးနယ်မြေရဲစခန်းမှူးက တရားလိုပြုလုပ်တရားစွဲဆိုခဲ့တာ ဖြစ်ပြီး မေလ ၂၀ ရက်နေ့မှာ ဘားအံမြို့နယ် တရားရုံးက နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။

ဘားအံမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပေမယ့် အထက်အယူခံဆက်တက်ဖို့ လုပ်ဆောင်သွားမယ်လို့ ဦးဇော်ရဲထက်ကို ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်သူဇာမော်က ပြောပါတယ်။

ဦးဇော်ရဲထက်ကို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်သူဇာမော်က စွဲဆိုတဲ့ ဥပဒေက ပြစ်မှုမမြောက်ဘူးလို့ ပြောပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့က ကိုရိုနာစောင့်ကြည့်လူနာတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂ ဦး သေဆုံးသွားခဲ့တယ်ဆိုတာမျိုး ဦးဇော်ရဲထက်က သူ့ရဲ့ ဒဲ့ပြော အွန်လိုင်းသတင်းမီဒီယာမှာ သတင်းအနေနဲ့ တင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

မြိုင်ကလေးနယ်မြေရဲစခန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။ သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်က မှားယွင်းတဲ့ သတင်းဖော်ပြခဲ့တာမှန်တယ် ဆိုရင်တောင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက တဆင့် သွားရမှာဖြစ်ပြီး အမှုကို အငြှိုးနဲ့မကြီးကြီးအောင် လုပ်တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုတာဟာလည်း မဖြစ်သင့်ဘူးလို့ ပြောပါတယ်။ ခေတ်သစ်သတင်းမီဒီယာရဲ့ အယ်ဒီတာချုပ်တစ်ဦးလည်း ဖြစ်သလို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးသာလွန်ဇောင်းထက်က သတင်းစာဆရာတွေကို အခုလိုပုဒ်မတွေနဲ့ တရားစွဲဆိုထောင်ချနေတာဟာ ဒီမိုကရေစီနိုင်ငံလို့ ပြောရမှာတောင် ခက်နေပြီလို့ ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ကတော့ ဒီလို အလျင်အမြန် ပြစ်ဒဏ်စီရင်လိုက်တာဟာ မြန်မာအာဏာပိုင်တွေအနေနဲ့ တခြားသတင်းသမားတွေကို သတင်းမရေးရဲအောင် ခြိမ်းခြောက်လိုတဲ့ ဆန္ဒရှိနေတယ်ဆိုတာ ပေါ်လွင်ထင်ရှားနေကြောင်း ကြေညာချက်ထုတ်ပြန် ဝေဖန်လိုက်ပါတယ်။

ဦးဇော်ရဲထက်ရဲ့ အမှုနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့