တနင်္သာရီဝန်ကြီးချုပ်ဟောင်း အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် နှစ်သုံးဆယ် ချမှတ်ခံရ

ကျော်လွင်ဦး
2020-05-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဂတိလိုက်စားမှုနဲ့ တရားစွဲခံထားရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဒေါ်လဲ့လဲ့မော်ကို ဒီနေ့ မေ ၂၂ ရက်နေ့မှာ တနင်္သာရီတိုင်း တရားရုံးက အမှု လေးခုအတွက် စုစုပေါင်း ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက် ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲခံထားရတဲ့ ဒေါက်တာ ဒေါ်လဲ့လဲ့မော် ရဲ့ အမှု လေးခု အတွက် တနင်္သာရီတိုင်း တရားလွှတ်တော်မှာ ရုံးချိန်းပေါင်း ၆၀ ကျော်နဲ့ နှစ်ဘက်သက်သေ ၁၀၀ ကျော်ကို စစ်ဆေးပြီး တစ်နှစ်ကျော်အကြာမှာ ဒီနေ့ အမိန့်ချလိုက်တာပါ။

တရားရုံးရဲ့ အမိန့်ကို ကြိုဆိုတယ်လို့ တနင်္သာရီတိုင်း မြိတ်ခရိုင် ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ဦးလှမော် က ပြောပါတယ်။

"အဂတိလိုက်စားမှုသည် ရာထူးကြီးကြီးယူထားရင် ယူထားသလောက် သူကျူးလွန်တဲ့ ပြစ်မှုအလျောက် မညှာမတာနဲ့ ပြစ်ဒဏ်ပေးလိုက်တယ်လို့ မြင်တယ်၊ အဂတိလိုက်စားမှုကို ဒီဘက်ခေတ်မှာ NLD အစိုးရဟာ ပြတ်ပြတ်သားသား ကိုင်တွယ်တယ်ဆိုပြီးတော့ ပြည်သူလူထုက အစိုးရအပေါ်မှာကော တရားရေးပေါ်မှာကော ဖြစ်သွားပါလိမ့်မယ်"

ဒေါက်တာ ဒေါ်လဲ့လဲ့မော်ရဲ့ ရှေ့နေ ဦးနိုင်လင်းထွန်းက ဒီအမိန့်အတွက် အယူခံဆက်တက် မတက်ကိစ္စ မိသားစုနဲ့ တိုင်ပင်ရဦးမယ်လို့ ပြောပါတယ်။

"ဘာမှမပြောရသေးဘူးခင်ဗျ၊ မိသားစုနဲ့ ဘာမှမပြောရသေးဘူး၊ မတိုင်ပင်ရသေးဘူး၊ အဲကြောင့်မို့ ကျနော်တို့ ဘက်က ဘာမှပြောလို့မရသေးဘူးခင်ဗျ၊ သူတို့က တက်ပါဆိုမှ ကျနော်တို့က တက်လို့ရမှာ။"

ဒေါက်တာ ဒေါ်လဲ့လဲ့မော်ဟာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်က အဂတိလိုက်စားမှုတွေရှိတဲ့အတွက် ရာထူးကနေ ဖယ်ရှားပေးဖို့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်း မြိတ်မြို့နယ် ခရီးစဉ်အတွင်း တောင်းဆိုသူတွေ ရှိခဲ့တာပါ။

အဲဒီနောက် မတ်လမှာတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဒေါက်တာ လဲ့လဲ့မော်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ အမှု လေးမှုနဲ့ တရားစွဲဆိုပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ပထမအမှုက ဒေါက်တာ လဲ့လဲ့မော်ဟာ ဝန်ကြီးချုပ်တာဝန် ယူထားစဉ် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ မညီဘဲ လမ်းဦးစီးဌာနကို ငွေကျပ် ၂ ဘီလီယံနီးပါး ထုတ်ယူခွင့်ပေးခဲ့ပြီး၊ အဲဒီလို အခွင့်အရေး ပေးခဲ့တဲ့အတွက် ဒေါက်တာ လဲ့လဲ့မော်ဟာ ခင်ပွန်းဖြစ်သူနာမည်နဲ့ ဝယ်ယူထားတဲ့ ထားဝယ်မြို့က အိမ်နဲ့ မြေကွက်နှစ်ကွက်ကို ငွေပေးချေခြင်းမရှိဘဲ အုတ်ခြံစည်းရိုး ကာရံခိုင်းခဲ့တဲ့ အမှုပါ။

နောက်တစ်မှုကတော့ ထားဝယ်လေယာဉ်ကွင်းနဲ့ ထားဝယ်တက္ကသိုလ်ဝင်း ချုံနွယ်ရှင်းလင်းခအဖြစ် သုံးတဲ့ ငွေကျပ်သိန်း လေးထောင်ကို တင်ဒါမခေါ်ဘဲ လုပ်ခွင့်ပြုခဲ့တဲ့ကိစ္စ နဲ့ သင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် တည်ဆောက်ရေး လုပ်ငန်းတွေအတွက် ရာထူးတာဝန်ကို အလွဲသုံးစားလုပ်ပြီး တံစိုးလက်ဆောင်ရယူခဲ့တယ်လို့ ကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက် ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တတိယအမှုကတော့ ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ်ရောင်းချခွင့်ရတဲ့ Global Grand Services (GGS) ကုမ္ပဏီက အစိုးရကို ပေးရမယ့် သဘာဝဓာတ်ငွေ့ဖိုးပေးရမယ့် အကြွေးကိစ္စဖြစ်ပါတယ်။

စတုတ္ထအမှုကတော့ ဒေါက်တာ လဲ့လဲ့မော်ဟာ ငွေကျပ်သိန်း ၃၂၀ ကျော် တန်ဖိုးရှိတဲ့ သူမ မိသားစုပိုင် နေအိမ်ကို သိန်း နှစ်ထောင်ကျော်နဲ့ GGS ကုမ္ပဏီကို ရောင်းချခဲ့တဲ့အကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီလို ကာလတန်ဖိုးထက် ၆ ဆ ဈေးပိုပေးပြီး ဝယ်ယူခဲ့တဲ့ GGS ကုမ္ပဏီကို အကျိုးအမြတ်ရရှိနိုင်မယ့် လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ချပေးခဲ့တာဖြစ်ပါတယ်။

အဂတိလိုက်စားမှုနဲ့ စွဲဆိုတဲ့အမှုတွေမှာ ပြစ်မှုထင်ရှားတယ်ဆိုပြီး တစ်မှုကို ထောင်ဒဏ် ၁၀နှစ်စီ ချမှတ်ခဲ့ပြီး တတိယအမှုနဲ့ စတုတ္ထအမှုကိုတော့  တစ်ပေါင်းထဲကျခံဖို့ အမိန့်ချလိုက်တာကြောင့် စုစုပေါင်း အနှစ် ၃၀ ကျခံရမှာဖြစ်ပါတယ်။ ချုပ်ရက်တွေကို ခံစားခွင့်ရှိတယ်လို့ တရားရုံးရဲ့ အမိန့်မှာ ပါဝင်ပါတယ်။

လူမှုရေးဖောက်ပြန်တာနဲ့ အဂတိလိုက်စားတာတွေကို ခွင့်မလွှတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်တွေ ကို အမြဲပြောဆိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်က ပြောပါတယ်။

"သူကိုတရားဥပဒေအရ သွားတာဘဲလေ ဒီကိစ္စက၊ အဂတိဥပဒေနဲ့သွားတာ ဒါကတစ်ပိုင်းပေါ့၊ ပါတီနဲ့ ပတ်သက်လို့ ပါတီစည်းမျည်းစည်းကမ်းအရတော့  အချက် နှစ်ချက် ဒေါ်အောင်ဆန်းစုကြည်က ပြောဖူးတယ်၊ လူမှုရေးဖောက်ပြန်တာ သူလက်မခံဘူး၊ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး အဂတိလိုက်စားရင် သူလက်မခံဘူး၊ ဒါအကြိမ်ကြိမ်ပြောဖူးပါတယ်။ ကျနော်တို့ကိုလေ၊ ကျနော်တို့ပါတီအနေနဲ့ကတော့ ဒါကစံပြထားလောက်တဲ့ စည်းမျဉ်းစည်းကမ်းပါပဲ"

NLD ပါတီ ကိုယ်စားပြု ရွေးကောက်တင်မြှောက်ခံရသူတွေထဲက ငွေကြေးအရှုပ်အရှင်းကိစ္စ၊ လူမှုရေးဖောက်ပြန်တဲ့ ကိစ္စတွေကြောင့် ဝန်ကြီးချုပ်တချို့အပါအဝင် တိုင်းနဲ့ပြည်နယ်အဆင့် ဝန်ကြီး တချို့ကို အစိုးရ တာဝန်ကနေ အနားပေးခံရတဲ့ဖြစ်စဉ်တွေရှိခဲ့ပြီး အခုလို အဂတိအမှုနဲ့ ထောင်ဒဏ်အပြစ်ပေးခံရတာကတော့ ပထမဆုံးပါပဲ။

ဒေါက်တာ ဒေါ်လဲ့လဲ့မော်နဲ့အတူ တရားစွဲခံထားရတဲ့ GGS ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်တို့ကိုလည်း  အမှု ၃ နဲ့ ၄ အတွက် ထောင်ဒဏ် ၁၀နှစ်စီ ချမှတ်ပြီး နှစ်မှုအတွက် တစ်ပေါင်းတည်း ကျခံဖို့ အမိန့်ချလိုက်တာကြောင့် ၁၀ နှစ်စီ ကျခံရမှာဖြစ်ပါတယ်။

အမှုနံပါတ် ၄ တစ်ခုမှာသာ ပါဝင်တဲ့ GGS ကုမ္ပဏီ မန်နေဂျာ ဦးသူရအုံ ကတော့ ထောင်ဒဏ် ၅ နှစ် ကျခံရမှာ ဖြစ်ပါတယ်။ ဒေါက်တာ ဒေါ်လဲ့လဲ့မော်ကို စွဲဆိုထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဟာ နိုင်ငံရေးရာထူးလက်ရှိ ရှိတဲ့ ဘယ်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် အများဆုံး ထောင်ဒဏ် ၁၅ နှစ် ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့