ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ကပြန်လာတဲ့ အလုပ်သမားတချို့ လုပ်အားခမရ

ကံသာ
2020-02-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

တရုတ်နိုင်ငံမှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် မြန်မာနိုင်ငံသား ထောင်နဲ့ချီပြီး တရုတ်နယ်စပ်ကနေ ပြန်လာနေကြပါတယ်။ အဲ့ဒီထဲမှာ လုပ်အားခငွေတွေ မရဘဲ ပြန်လာရသူတွေလည်း ရှိနေပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နဲ့ လောက်ကိုင်နယ်စပ်ကနေ တစ်ဖက်တရုတ်နိုင်ငံထဲကို သွားရောက်ပြီးအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ နယ်စပ်တွေကနေ မြန်မာနိုင်ငံကို ပြန်လာနေကြတာပါ။ အများစုဟာ ချင်းရွှေဟော်- တရုတ်နယ်စပ် နန့်ကျင်းကျန်နဲ့ မိန်းတိန်မြို့မှာရှိတဲ့ ခရမ်းနဲ့ ငရုတ်စိုက်ခင်းတွေမှာ အလုပ်လုပ်ကြတာလို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လုပ်ငန်းတွေကို စွန့်ပြီး ပြန်လာကြရာမှာ လုပ်အားခမရသူတွေလည်းရှိတယ်လို့ တရုတ်ကနေ ပြန်လာတဲ့ ရေစကြိုမြို့နယ်က မစန်းနွယ်ဌေးက ပြောပါတယ်။

တချို့အလုပ်တွေကတော့ လုပ်ငန်းခွင်ဝင်ကတည်းက စုဆောင်းထားရတဲ့ လုပ်ခငွေတွေကို လုပ်ငန်းရှင်တွေက မပေးတာကြောင့် လုပ်အားခမရခဲ့ဘူးလို့ နေရပ်ပြန်လာသူတစ်ဦးက ပြောပါတယ်။

တရုတ်စိုက်ခင်းတွေမှာ အလုပ်လုပ်နေသူတွေဟာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း ရေစကြိုနဲ့ ပခုက္ကူမြို့နယ်တွေက အများဆုံးဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံဘက်က ပြည်မကြီးကနေ နယ်စပ်ကိုလာတဲ့ ဂိတ်ပေါက်တွေကို ပိတ်ထားတဲ့အတွက် ပြန်လာချင်တဲ့သူတွေ အခက်တွေ့နေ ကြပြီး တက္ကစီကားခ တရုတ်ယွမ်ငွေတစ်ရာ ပေးတာတောင် လိုက်မယ့်ကားဆရာမရှိဘူးလို့ ပြောပါတယ်။

တချို့ က နယ်စပ်ကို လမ်းလျှောက်ပြန်လာနေကြပြီး တရုတ်နိုင်ငံထဲမှာရှိတဲ့ ပရဟတိအဖွဲ့အစည်းတွေကလည်း နယ်စပ်ပြန်လာနိုင်အောင် ကူညီပေးနေတယ်လို့ မိန်းတိန်မြို့မှာ အလုပ်လုပ်ပြီးပြန်လာတဲ့ ကိုထွန်းနိုင်က ပြောပါတယ်။

ချင်ရွှေဟော်နယ်စပ်ကနေ သွားရောက်ခေါ်ဆောင်ပေးနေတဲ့ပရဟိတအဖွဲ့တွေ လည်းရှိပါတယ်။ မနေ့က တရုတ်ဘက်ကနေ ပြန်လာသူတွေကို သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ချင်းရွှေဟော်မှာနေတဲ့ ကိုအောင်ထွန်း နိုင်ကလည်း မြန်မာနိုင်ငံကို ပြန်လာမယ့် အလုပ်သမားတွေ အများကြီးကျန်နေသေးတယ်လို့ ဆိုပါတယ်။

ပြန်လာတဲ့သူတွေကို ချင်းရွှေဟော်နယ်စပ်မှာ ကျန်းမာရေးဌာနတာဝန်ရှိသူတွေက ကျန်းမာရေးစစ်ဆေးနေပါတယ်။ ပြန်လာသူတွေထဲက ကျန်းမာရေးမကောင်းသူတွေကို ဆေးရုံမှာစစ်ဆေးပြီးမှ ပြန်လွှတ်တယ်လို့ ချင်းရွှေဟော် နယ်စပ်ဂိတ်မှာ တာဝန်ကျနေတဲ့ ကျန်းမာရေးမှူး ဦးထွန်းထွန်းက ပြောပါတယ်။

ဒါ့အပြင် ကိုးကန့်ဒေသဦးစီးအဖွဲ့ကလည်း ကျန်းမာရေးအသိပညာပေးစာစောင်တွေ ဝေငှနေပါတယ်။ ကိုးကန့်နယ်စပ်ဂိတ် နောက်တစ်ခုဖြစ်တဲ့ လောက်ကိုင် ရန်လုံကျိုင်းဂိတ်မှာတော့ နေရပ်ပြန်တဲ့ မြန်မာနိုင်ငံသားတွေ သိပ်မတွေ့ရပါဘူး။

အခုအချိန်ဟာ ကြံတင်ပို့တဲ့ကာလဖြစ်ပြီး ရန်လုံကျိုင်းနယ်စပ်မှာ ကြံကားတွေ ပုံမှန်အတိုင်းသွားလာနေပြီး ကိုးကန့် ဒေသဦးစီးအဖွဲ့ ကျန်းမာရေးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာန သူနာပြုဆရာမတွေ၊ နယ်စပ်ဝန်ထမ်း တာဝန်ရှိသူတွေ ပူးပေါင်းပြီး လူဝင်လူထွက်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေး နေပါတယ်။

တရုတ်ဘက်ခြမ်း နမ့်ဆန်ဒေသမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား နေရပ်ပြန်သူတွေရှိပေမယ့် ပိတ်မိတာတွေ မရှိသေးကြောင်း၊ အခက်အခဲဖြစ်တဲ့သူတွေကိုလည်း နယ်စပ်လူကုန်ကူးမှုတားဆီးရေးအဖွဲ့ တရုတ်ပြည်ပဆက်ဆံရေးဌာန တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ပြန်လည်လွှဲပြောင်းဖို့ ဆောင်ရွက်နေတယ်လို့ နယ်စပ် မြန်မာလူဝင်မှု ကြီးကြပ်ရေးဌာန တာဝန်ကျအရာရှိက ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့